‌နေ့ – ၆

ဓမ္မဟောင်းနှင့် ဓမ္မသစ် ကျမ်းနှစ်စောင်အကြားကျမ်းပယ်
ဘုရားသခင်၏အသံတော်မကြားရသည့်ကာလ၊ နှစ်ပေါင်း(၄၀ဝ)


ကျမ်းပယ်ဟူသည် ဟေဗြဲကျမ်းစာများတွင် မည်သည့်အခါမျှ မပါဝင် သလို ပြုပြင်ပြောင်းလဲရေးသမားများက လက်ခံခြင်းမရှိပါ။ King James မူ (KJV) တွင်လည်း ပါဝင်ခြင်းမရှိပါ။

လွန်ခဲ့သော မာလခိကျမ်းအစပိုင်း၌ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း နှစ်စောင်ကြား ဘုရားသခင်၏အသံတော်မကြားရသည့်ကာလ၊ နှစ်ပေါင်း(၄၀ဝ)အကြောင်း ဆွေးနွေးခဲ့ကြသည်။ လူသားအမြင်ဖြင့်မူ ရာစုနှစ်(၄)ခုဟူသည်မှာ ကြာမြင့်လွန်းလှသည်။ လူ့ယဉ်ကျေးမှုတစ်ခုလုံး တိုးတက်ခြင်း၊ ကျဆင်းလာခြင်းတို့ရှိပြီး အချိန်အနည်းငယ်အတွင်း မေ့လျော့သွားကြသည်။

သို့သော်၊ ဟေဗြဲသမိုင်းကြောင်းနှင့်ပတ်သက်၍ ရေးသားခဲ့သည့် မည်သည့်စာအုပ်မျှမရှိဟု မဆိုလိုပါ။ ဘီစီ ၄၀ဝ မှ ဓမ္မသစ်အချိန်ကာလ အတွင်း “ဝှက်ထားခြင်း”ဟု အဓိပ္ပာယ်ရသည့် ဂရိစကားလုံး အပိုကရီဖို့စ် (Apokryphos) မှ ဆင်းသက်လာသည့် ကျမ်းပယ်(အပိုကရေဖာ) Aporcypha ဟုခေါ်သည့်စာပေ ထွက်လာသည်။ အစောပိုင်းရာစုနှစ်များအတွင်း ခရစ်ယာန် အသင်းတော်အတွင်းရှိ လူအချို့က ကျမ်းပယ်ထဲရှိကျမ်းအချို့ကို ကျမ်းစာအဖြစ် လက်ခံခဲ့ကြသည်။ အထူးသဖြင့် ဓမ္မဟောင်းကို ဂရိဘာသာသို့ပြန်ဆိုထားသော ဆက်ပ်တူးဂျင် (Septugint) တွင်ဖြစ်သည်။ ဂျာရုမ်းသည် ကာသိုလိပ်ကျမ်းစာ (အေဒီ ၅ရာစု) ဖြစ်မြောက်ရေးအတွက် ဗာလ်ဂိတ်ဆက်ပ်တူးဂျင့်ကို လက်တင် ဘာသာသို့ပြန်ဆိုရာ၌ ထိုကျမ်းပယ်များ၏ခိုင်မာမှုကို သူသံသယရှိခဲ့သော်လည်း အသင်းတော်၏ အာဏာရှိကောင်စီမှ ပယ်ချခဲ့ပါသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ယနေ့တိုင် ရိုမန်ကက်သလစ်နှင့် အရှေ့အောသိုဒေါ့စ်တို့၏ ကျမ်းစာတွင် ကျမ်းပယ်များ ပါရှိခြင်းဖြစ်သည်။ သို့သော်လည်း ကနဦးဟေဗြဲခရစ်ယာန်များ၏ ဓမ္မဟောင်းကျမ်းတွင် ကျမ်းပယ်များ မည်သည့်အခါမျှ မပါဝင်ခဲ့ပါ။ ကယ်လ်ဗင်၊ လူသာ အစရှိသည့် ပြုပြင်ပြောင်းလဲရေးသမားများကလည်း ဝိညာဉ်တော်မှုတ်သွင်းသော တရားဝင်ကျမ်းစာအဖြစ် လက်ခံခဲ့ခြင်းမရှိပါ။ ၁၆၁၁ ဂျိမ်းဘုရင် (King James) ၏ သမ္မာကျမ်းမူတွင်လည်း မပါရှိပေ။

ဓမ္မဟောင်း၊ ဓမ္မသစ် ကျမ်းစာစောင်များကြားကာလ ဟေဗြဲသမိုင်းကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းကြောင်း အချက်အလက်များကို စိတ်ဝင်စားဖွယ် ကျမ်းပယ်များမှ အလင်းပေးခဲ့ပါသည်။ ယင်းအချိန်ကာလမှာ ဂရိ(ဟေလေနစ်) အတွေးအခေါ်များက ယုဒယဉ်ကျေးမှုကို လွန်စွာလွှမ်းမိုးနေချိန် ဖြစ်ပြီး၊ ထိုကျမ်းများတွင် ဣသရေလတို့အပေါ် ဟေလေနစ်ယဉ်ကျေးမှု၏ သိမ်းသွင်းခြင်းကို ထင်ရှားစွာတွေ့ရပေသည်။ စင်စစ်ဓမ္မဟောင်းကျမ်းကို ဂရိ ဆက်ပ်တူးဂျင့်ပြန်ဆိုမှုသည် ဟေလေနစ်လွှမ်းမိုးမှု၏ အမှတ်လက္ခဏာပင် ဖြစ်သည်။ ဓမ္မသစ်ကျမ်းအချို့အတွက် စိတ်ဝင်စားဖွယ် သဲလွန်စများကို ကျမ်းပယ်များတွင် တွေ့ရပေသည်။ အကြောင်းမှာ ယုဒဘာသာရှိ ဖာရိရှဲ ဂိုဏ်းများက ဘီစီ ၂ရာစုတွင် ပေါ်ထွန်းခဲ့ပြီး ဇဒ္ဒုကဲများက ဘီစီ ၁၀ဝ ရာစုတွင် ထွန်းပေါ်ခဲ့သည်။ သခင်ယေရှု၏အသက်တာကိုဖော်ပြသော ခရစ်ဝင်ကျမ်းလေးကျမ်းလုံးတွင် ထိုအဖွဲ့(၂)ခုလုံး အရေးပါကြောင်းတွေ့ရပြီး ခိုင်မာသောဖာရိရှဲ အဖြစ်မှ ခရစ်ယာန်သာသနာပြုအဖြစ် ပြောင်းလဲသွားသော ရှင်ပေါလု၏ အသက်တာတွင်လည်း တွေ့ရပေသည်။

ယုံကြည်ခြင်းဟူသည်မှာ မျက်လှည့်စွမ်းအား (သို့) မျက်လှည့်ဆေးရည်မဟုတ်ပေ။ စိတ်ခံစားမှုလည်းမဟုတ်ပါ။ သွန်သင်ချက် (သို့) ဝန်ခံချက်အစုအပေါင်းလည်းမဟုတ်ပါ။ ယုံကြည်ခြင်းဟူသည်မှာ စကြဝဠာကြီး၏ အန္တိမအစစ်အမှန်တရားကို ကိုးစားခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် ဘုရားသခင်ထံပါးသို့ တံခါးဖွင့်ပေးသည့် သော့တစ်ချောင်းဖြစ်သည်။ ယုံကြည်ခြင်းမရှိပါက ဘုရားသခင်ထံသို့ တံခါးကိုဖွင့်ပေးမည်မဟုတ်သလို ဘုရားသခင်ထံမှ ကယ်တင်ခြင်းလည်းရမည်မဟုတ်ပေ။ ထို့ကြောင့် ယုံကြည်ခြင်းအမှန်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကိုတွေ့ရှိရန်မှာ ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးလှသည်။ ယင်းမှာ ဟေဗြဲသြဝါဒစာမှ ယုဒသြဝါဒစာအထိ တစ်လျှောက်လုံး၏ အဓိကအချက်ဖြစ်သည်။ ၎င်းတို့က ကျွန်ုပ်တို့အား ယုံကြည်ခြင်းအကြောင်း၊ မည်သည့်နေရာမှယုံကြည်ရရှိသည်၊ မည်သည့်အပေါ်၌တည်နေသည်၊ ယုံကြည်ခြင်းကို မည်သို့စွဲကိုင်ရမည်၊ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ယုံကြည်ခြင်းကို မည်သို့ရှင်သန် ရမည်ဖြစ်ကြောင်း ပြောနေပါသည်။

ဆက်ပ်တူးဂျင့်အတွင်းရှိ ကျမ်းပယ်များမှာ –

(ဟေလေနစ် ယုဒမဟုတ်သည့်သူများ၏ ကျမ်းစာတွင်မပါ)
၁။ တောဘိ၊ သမိုင်းဆိုင်ရာ တည်ဆောက်မှုဝတ္ထု၊
၂။ ဂျူးဒစ်၊ သမိုင်းဆိုင်ရာ တည်ဆောက်မှုဝတ္ထု
၃။ ရှောလမုန်၏ ဉာဏ်ပညာ – သုတ္တံကျမ်းနှင့် ဒေသနာကျမ်းကဲ့သို့သော ဉာဏ်ပညာနှင့် ဆိုင်သောကျမ်း၊
၄။ သိရ – ဉာဏ်ပညာနှင့်ဆိုင်သော အခြားဒေသနာကျမ်း
၅။ ဗာရုတ်- ယေရမိအနာဂတ္တိကျမ်း၌ ထပ်မံထည့်သွင်းချက်၊
(ယေရမိ၏ လက်ထောက်မှရေးသည်ဟု ယူဆရသည်။)

၆။ မက္ကဘီး(စ်)ပထမနှင့်ဒုတိယစာစောင် – သမိုင်းဆိုင်ရာစာစောင်များ။

ကျမ်းပယ်များ၌ပါဝင်သော အခြားအရာများမှာ၊ ဓမ္မဟောင်းအဖြစ် လက်ခံထားသောကျမ်းများ၏ နောက်ဆက်တွဲ အပိုင်းအစများဖြစ်သည်။ ဧသတာဝတ္ထု၌ ထပ်မံပေါင်းထည့်ချက်ကို (ဆပ်တူးဂျင့်နှင့် ရိုမန်ကက်သလစ်တို့၏ကျမ်းတွင် ဧသတာ ၁၀:၄-၁၀ အဖြစ် တွေ့ရသည်။) လူငယ်လေးသုံးဦး၏ သီချင်းကို [ဒံယေလ(၃)၏ နောက်ဆက်တွဲ]၊ ရှုရှန်နာ၏ပုံပြင်ကို (ဒံယေလ ၁၃)၊ ဗာလနှင့် နဂါးကြီး၏ပုံပြင် (ဒံယေလ ၁၄ အဖြစ်) တွေ့ရသည်။

ကျမ်းပယ်များသည် စိတ်ဝင်စားဖွယ်ကောင်းသည့်အပြင် သတင်းအချက်အလက်များ ရစေနိုင်သော်လည်း သေချာစွာလေ့လာကြည့်ပါက ကျမ်းတင်ထားသော သမ္မာကျမ်းစာနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုကျမ်းဝင် ပြင်ပကျမ်းစောင်များမှာ ဘုရားသခင်နှုတ်ကပတ်တော်၌ လွှမ်းမိုးထားသော အဓိကဆိုလိုချက်များနှင့် အံဝင်မှုမရှိကြောင်း ညွှန်ပြနေပါသည်။ နှုတ်ကပတ် သမ္မာကျမ်းစာအတွင်း စွန့်စားဖြတ်သန်းခြင်း စာအုပ်ကဲ့သို့ ဓမ္မသစ်ကျမ်းတစ်ခုလုံးကို တစ်စောင်ပြီးတစ်စောင် လေ့လာကြည့်ပါက ကျမ်းစောင်တိုင်း၏စာမျက်နှာတိုင်းက ကြွလာမည့်မေရှိယယေရှုကို ထင်ရှားစွာညွှန်ပြနေကြောင်း ရှင်းလင်းစွာတွေ့ပေလိမ့်မည်။ ကျမ်းပယ်များတွင်မူ သခင်ယေရှုကို လုံးဝထင်ရှားစွာ မတွေ့ရပေ။ ၎င်းသည် လွန်ခဲ့သောနှစ်များစွာက ဂျာရုမ်းအနေဖြင့် ထိုကျမ်းပယ်များ၏ စစ်မှန်မှုကို သံသယဝင်စေသည့် အကြောင်းများထဲမှ တစ်ချက်ဖြစ်ဟန်ရှိသည်။ အခြားပရိုတက်စတင့် ကျမ်းတတ်ပညာရှင်များနည်းတူ ကျွန်ုပ်အနေဖြင့် ကျမ်းပယ်များသည် သမိုင်းကြောင်းဆိုင်ရာတန်ဖိုး (သို့) စာပေ ဆိုင်ရာတန်ဖိုး မည်မျှရှိစေကာမူ ဘုရားသခင်၏ ဝိညာဉ်တော်မှုတ်သွင်းထားခြင်း မရှိဟု မှတ်ယူပါသည်။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>