နေ့ – ၇
ရိုးစင်းသောစိတ်နှလုံး၏ တေးသီချင်းများ ဆာလံသီချင်းများ
ဆာလံကျမ်း
လွန်ခဲ့သောနှစ်များက အတိုင်ပင်ခံပြုသူတစ်ဦး၏အိမ်သို့ ကျွန်တော် အလည် အပတ်သွားခဲ့ပါသည်။ သူ၏အိမ်တံခါးမှာ ဖွင့်ထားသော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ကျွန်တော်၏ခေါ်သံကို မတုံ့ပြန်ပါ။ တစ်ခုခုမှားယွင်းနေပြီ ဟု ကျွန်တော်ခံစားမိသဖြင့် အိမ်ထဲသို့ဝင်လိုက်သောအခါ ထိုသူ၏ရုပ်အလောင်းကို တွေ့လိုက်ရသည်။ ထိုသူမှာ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်သည်။ ကျွန်တော် နှင့်သိကျွမ်းပြီး ဆုတောင်းပေးသောသူ၊ ကျွန်တော်ကြိုးစားကူညီပေးသူသည် မိမိလက်ဖြင့် မိမိကိုယ်ကိုသတ်သေသွားခြင်းအတွက် ကျွန်တော်၏အသက်တာတွင် အလွန်ထိတ်လန့်ခဲ့ရပါသည်။
ကျွန်တော်သည် ထိုညတစ်ညလုံး ဝမ်းနည်းခြင်းများဖြင့်ပြည့်နေပြီး အိပ်၍ မရခဲ့ပါ။ ကျွန်တော်၏ဇနီး အီလန် မှာလည်း အိပ်၍မရနိုင်ခဲ့ပါ။ ထိုမှောင်မိုက် သော ညတစ်ညဝယ် ကျွန်တော်တို့နှစ်ဦးသည် ဆာလံကျမ်းကို ဖွင့်လိုက်ပြီး အတူတူ ဖတ်ရှုလိုက်ပါသည်။ ကျွန်တော်တို့၏ ထိတ်လန့်နေသော နှလုံးသားကို ဆာလံကျမ်းသာလျှင် ငြိမ်သက်ပေးနိုင်ခဲ့ပါသည်။
ရာစုနှစ်ပေါင်းများစွာအတွင်း ဤကြီးမြတ်လှသော ဟေဗြဲကဗျာများ သည် သန်းပေါင်းများစွာသော ခရစ်ယာန်များ၏ဝမ်းနည်းကြေကွဲဖွယ်သော နှလုံးသားများအတွက် နှစ်သိမ့်ရာဖြစ်ခဲ့ပါသည်။ ထိုကဗျာများသည် လူသားတို့အား ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် မျှော်လင့်ခြင်းကိုလည်း ပေးနိုင်ခဲ့ပါ သည်။ ထို့ပြင် လူသားတို့၏နှလုံးသားများအား ဘုရားရှင်ထံတော်သို့ လေးနက် သော ရိုသေခြင်း၊ ဝတ်ပြုခြင်းတို့ဖြင့် ပြန်လာစေသောကဗျာများ ဖြစ်ပါသည်။ လူ့နှလုံးသား လှုပ်ရှားမှုအရှိန်အဟုန်၏ပုံရိပ်များကို ဆာလံကျမ်းထဲတွင် များစွာ တွေ့ရှိနိုင်ပါသည်။
ဆာလံကျမ်းသည် လူသားတို့၏ စိတ်ခံစားလှုပ်ရှားမှုနှင့်ဆိုင်သည့်ကျမ်း ဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်ခံစားလှုပ်ရှားမှု မည်သို့ပင် ရှိနေပါစေ ဆာလံကျမ်းက ထိုစိတ်လှုပ်ရှားမှုကို ဖော်ထုတ်ပေးနိုင်သည်။ ဆာလံကျမ်းတွင် ဘဝအသက်တာ၏ စိတ်တက်ကြွဝမ်းမြောက်မှုကို ချီးမြှောက်ခြင်း၊ မြူးကြွရွှင်လန်းခြင်းကို ဖော်ပြ ပေးနေသည်။ သင်သည် ပျော်ရွှင်၍ သင်၏ဝမ်းမြောက်ခြင်းကို ထုတ်ဖော် လိုပါလျှင် ဆာလံ ၆၆ (သို့) ၉၂ ကို ဖတ်ပါ။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရပြီး ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းလိုပါလျှင် ဆာလံ ၄၀ ကို ဖတ်ပါ။ သင်၏နှလုံးသားသည် ထုတ်ဖော်မပြောနိုင်လောက်အောင်ကြီးမားသော ဘုရားသခင်၏ ကျေးဇူးတော်နှင့်မေတ္တာတော်ဖြင့် ပြည့်ဝနေပါလျှင် ဆာလံ ၈၄ (သို့) ၁၁၆ ကို ဖတ်ပါ။
ဆာလံကျမ်းသည် သေမင်း၏အရိပ်လွှမ်းမိုးသော ချောက်ထဲသို့လျှောက်သွားရသောနှလုံးသားတို့၏ လိုအင်ဆန္ဒကိုလည်း ဖော်ထုတ်ပေးနေသည်။ သင်သည် ကြောက်ရွံ့စိုးရိမ်ရသော အခြေအနေနှင့်ကြုံတွေ့ရလျှင် ဆာလံ ၅၆၊ ၉၁၊ ၂၃ ကို ဖတ်ပါ။ သင်သည် စိတ်အားလျော့ကျသွားပါလျှင် ဆာလံ ၄၂ ကို ဖတ်ရှုပါ။ အထီးကျန်ခြင်းကိုခံစားရပါလျှင် ဆာလံ ၆၂ (သို့) ၇၁ ကို ဖတ်ပါ။ သင်သည် အပြစ်ဒုစရိုက်နှင့်ရှက်ကြောက်ခြင်းကို ခံစားရလျှင် ဆာလံ ၅၁ ကို ဖတ်ပါ။ (ထိုဆာလံသည် ဒါဝိဒ်မင်းကြီးမှ သူတစ်ပါးမယားကို ပြစ်မှားခြင်းနှင့် သူတစ်ပါးအသက်ကို သတ်ခြင်းတည်းဟူသော အပြစ်နှစ်ခုကို ပြုမိပြီးနောက် စပ်ဆိုသောဆာလံဖြစ်သည်။ ၂ ရာ ၁၁-၁၂ ကို ကြည့်ပါ)။ ဆာလံ ၃၂ သည် မိမိအပြစ်ကို နောင်တရပြီး ခွင့်လွှတ်ခြင်းခံရသောအမှုအရာကို ဖော်ပြပါသည်။ သင်သည် စိုးရိမ်ခြင်း၊ ဒုက္ခရောက်ခြင်းအမှုကို တွေ့ကြုံရလျှင် ဆာလံ ၃၇ နှင့် ၇၃ ကို ဖတ်ရှုပါ။ သင်သည် စိတ်ဆိုးဒေါသထွက်ခြင်းနှင့်တွေ့ကြုံရလျှင် ဆာလံ ၁၃ (သို့) ၅၈ ကို ဖတ်ရှုပါ။ ဘဝတွင် ခါးသီးသောအရာများဖြင့် တွေ့ကြုံရလျှင် ဆာလံ ၇၇ (သို့) ၉၄ ကို ဖတ်ပါ။ သင်သည် စွန့်ပစ်ငြင်းပယ်ခံရလျှင် မိမိခံစားမှုကို ဆာလံ ၈၈ တွင် နစ်မြှုပ်ကာ နှစ်သိမ့်မှုကို ရယူပါ။ သင်သည် သံသယတို့ဖြင့် အသက်ရှင်နေရလျှင် ဆာလံ ၁၁၉ ၏သမ္မာတရားဖြင့် မိမိနှလုံးသားကို မြှင့်တင် ပေးပါ။ ဆာလံကျမ်းတစ်ကျမ်းစီသည် ကျွန်ုပ်တို့ လူသားများ၏ခံစားချက်များ နှင့်တကွ အတွေ့အကြုံများကို တစ်မူထူးစွာ ဖော်ပြချက်များဖြစ်သည်။
ဤဆာလံကျမ်းများသည် ရှေးဣသရေလလူမျိုးတို့၏ဓမ္မသီချင်း၏ဖြစ်သည်။ များစွာသော ဆာလံတို့သည် ပရိသတ်များ သီဆိုရန် စပ်ဆိုထားပြီး၊ “သီချင်း ဦးဆောင်သူအတွက်” ဟုလည်း အစပြုထားလေ့ရှိသည်။ ဆာလံကျမ်းအားလုံးကို ဒါဝိဒ်မင်းကြီးမှ ရေးသားသည်ဟု အများက ယူဆထားကြသည်။ စင်စစ်တွင် ထက်ဝက်မျှသောဆာလံကျမ်းကိုသာ ဒါဝိဒ်မင်းကြီး ရေးသားခဲ့သည်။ ဘုရားသခင် သည် သိုးထိန်းရှင်မင်းကြီးအား အထူးထူးအပြားပြားသော စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံများကို ပေးသနားတော်မူပြီး၊ ထိုအတွေ့အကြုံများကို ကဗျာ၊ လင်္ကာများအဖြစ်သို့ ရေးသားခဲ့သည်။ အခြားသောစာရေးသူများမှလည်း များစွာသောဆာလံကျမ်းကို ရေးသားခဲ့ကြသည်။ ဆာလံ ၉၀ ကို မောရှေ ရေးသားခဲ့ပြီး၊ အခြားသောဆာလံကျမ်းနှစ်ကျမ်းကို ရှောလမုန်မင်းကြီးမှ ရေးသားခဲ့ပါသည်။ အခြားသောဆာလံကျမ်းများကို ဣသရေလသီချင်းများကို ဦးဆောင်သီဆိုသည့် “ကောရ၏သားများ” အဖွဲ့မှ ရေးသားခဲ့ပါသည်။ အာသဆိုသူမှလည်း ဆာလံကျမ်းအချို့ကို ရေးသားသကဲ့သို့ ဟေဇကိမင်းကြီးမှ ဆာလံကျမ်း ဆယ်ကျမ်းကို ရေးသားခဲ့ပါသည်။
ဆာလံကျမ်းတွင် ကျမ်းပေါင်း ၁၅၀ ပါရှိပြီး၊ သမ္မာကျမ်းစာတွင် အရှည်ဆုံးသောကျမ်းဖြစ်ပါသည်။ ဤကျမ်းကို နှစ်ပေါင်းထောင်ပေါင်းများစွာ (ဘီစီ ၁၄၁၀ မှ ဘီစီ ၄၃၀ အထိ) က ရေးသားထားကြပြီး၊ အပိုင်း ငါးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ အပိုင်းတစ်ပိုင်းစီတွင် အဓိကအချက်တစ်ခုစီရှိပြီး၊ အပိုင်း တစ်ခုစီကို “အာမင်နှင့်အာမင်” သို့မဟုတ် “ဘုရားသခင်ကို ချီးမွမ်းကြလော့” ဟု အဆုံးသတ် ထားပါသည်။ ဆာလံအပိုင်းငါးပိုင်းသည် ပဲန်တာတျူ ဆိုသော ပညတ္တိကျမ်း ငါးကျမ်းနှင့် သဏ္ဌာန်တူပါသည်။ ဆာလံကျမ်းတွင် ပါဝင်သော အကြောင်းအရာများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
အပိုင်း ၁ (ဆာလံကျမ်း ၁-၄၁)
ကျမ်းစောင်ရေးသားပြုစုသူ – ဒါဝိဒ်၊
အဓိကအချက် – ကမ္ဘာဦးကဏ္ဍ၊ လူသားများနှင့်ပတ်သက်သော အကြောင်းအရာ၊ ဖန်ဆင်းခြင်းနှင့်လူသားတို့၏လိုအပ်ချက်၊
ပါဝင်သောအကြောင်းအရာများ -အကူအညီတောင်းခံခြင်းနှင့် ချီးမွမ်းသီချင်းများ၊
ကျမ်းစောင်ရေးသားပြုစုသည့်အချိန် – ဘီစီ ၁၀၂၀ မှ ဘီစီ ၉၇၀ အထိ၊
အပိုင်း ၂ (ဆာလံကျမ်း ၄၂-၇၂)
စာရေးသူ – ဒါဝိဒ်နှင့်ကောရ၏သားများ၊
ကျမ်းစောင်ပြုစုသူ – ဟေဇကိမင်း သို့မဟုတ် ယောရှိမင်း
အဓိကအချက် – ထွက်မြောက်ရာကဏ္ဍ၊ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း ဆိုင်ရာအကြောင်းအရာ၊
ပါဝင်သောအကြောင်းအရာများ – ဣသရေလတို့ချုပ်နှောင်ခံရခြင်းမှ
လွတ်မြောက်ခြင်း၊ လူသားတစ်ဦးစီ အပြစ်၏ချုပ်နှောင်ခံရခြင်းမှ
လွတ်မြောက်ခြင်း၊
ကျမ်းစောင်ရေးသားပြုစုသည့်အချိန် – ဘီစီ ၉၇၀ မှ ဘီစီ ၆၁၀ အထိ၊
အပိုင်း ၃ (ဆာလံကျမ်း ၇၃-၈၉)
စာရေးသူ – အာသ၊
ကျမ်းစောင်ပြုစုသူ – ဟေဇကိမင်း သို့မဟုတ် ယောရှိမင်း၊
အဓိကအချက် – ဝတ်ပြုရာကဏ္ဍ၊ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများ၊
ဘုရားရှင်ကိုမည်ကဲ့သို့ချဉ်းကပ်ရမည်အကြောင်းများ၊
ပါဝင်သည့်အကြောင်းအရာများ – ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာသီချင်းများ၊
ကျမ်းစောင်ရေးသားပြုစုသည့်အချိန် – ဘီစီ ၉၇၀ မှာ ဘီစီ ၆၁၀ အထိ၊
အပိုင်း ၄ (ဆာလံကျမ်း ၉၀-၁၀၆)
စာရေးသူ – ဒါဝိဒ်
ကျမ်းစောင်ပြုစုသူ – ဧဇရ သို့မဟုတ် နေဟမိ၊
အဓိကအချက် – တောလည်ရာကဏ္ဍ၊ တောထဲတွင် လှည့်လည်သွားလာသည့် အကြောင်းအရာများ၊
အသက်တာ၏အတက်အကျ၊
ပါဝင်သည့်အကြောင်းအရာများ – ကျရှုံးခြင်းအတွက် နောင်တရခြင်းနှင့် ချီးမွမ်းခြင်းကို ဖော်ထုတ်ခြင်း၊
ကျမ်းစောင်ရေးသားပြုစုသည့်အချိန် – ဘီစီ ၄၃၀ အထိ၊
အပိုင်း ၅ (ဆာလံကျမ်း ၁၀၇-၁၅၀)
စာရေးသူ – ဒါဝိဒ်နှင့်အခြားစာရေးသူများ၊
ကျမ်းစောင်ပြုစုသူ – ဧဇရ သို့မဟုတ် နေဟမိ၊
အဓိကအချက် – တရားဟောရာကဏ္ဍ၊ ဘုရားသခင်၏နှုတ်ကပတ်တော် ဆိုင်ရာအကြောင်းအရာများ၊
ပါဝင်သည့်အကြောင်းအရာများ – ရွှင်မြူးတက်ကြွသောချီးမွမ်းသီချင်းများ၊
ကျမ်းစောင်ရေးသားပြုစုသည့်အချိန် – ဘီစီ ၄၃၀ အထိ၊
သမ္မာကျမ်းစာ၏ပထမကျမ်းငါးစောင်ဖြစ်သော (ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်း၊ တရားဟောရာကျမ်း)တို့သည် ဘုရားသခင်မှ ပြုစုစီရင်ထားပြီး ဘုရားရှင်လှုပ်ရှားလုပ်ဆောင်သည့်ပုံစံ ငါးမျိုးကို ဖော်ပြထားသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့တစ်ဦးချင်းနှင့်ဖြစ်စေ၊ သမိုင်းကြောင်းအတွင်း လူမျိုးတော်နှင့်ဖြစ်စေ၊ ဖန်ဆင်းထားသောအရာအားလုံးနှင့်ဖြစ်စေ ထိုပုံစံကိုပင် အသုံးပြုလုပ်ဆောင်တော်မူပါသည်။ ဆာလံကျမ်းသည် ဤပုံစံငါးမျိုးကို အသုံးပြုပြီး၊ လူသားတို့၏အသက်တာတွင် ဘုရားရှင်လုပ်ဆောင်သောအမှုတော် ကို လူသားတို့၏နှလုံးသားတွင် ထင်ဟပ်စေပါသည်။
ဆာလံကျမ်းအပိုင်း (၁) ကမ္ဘာဦးကျမ်းကဏ္ဍ။ ။ ဆာလံကျမ်းအပိုင်း (၁) တွင် ဆာလံကျမ်း ၁-၄၁ အထိပါဝင်ပြီး၊ အဓိကအချက်သည် ကမ္ဘာဦးကျမ်း၏ သတင်းစကားနှင့် ထပ်တူညီပါသည်။ ဤဆာလံများသည် လူတို့၏နက်ရှိုင်းသောနှလုံးသားလိုအပ်ချက်ကို လှပစွာဖော်ညွှန်းထားသောလင်္ကာဖြစ်သည်။ ဤအချက်သည်လည်း ကမ္ဘာဦးကျမ်းမှအကြောင်းအရာနှင့် တူညီနေပါသည်။ ဆာလံ ၁ သည် လူသားတို့၏ပြည့်စုံခြင်းကို ပုံဖော်သည့် အကြောင်းအရာဖြင့် အစပြုထားသကဲ့သို့ ကမ္ဘာဦးကျမ်းသည်လည်း ဧဒင်ဥယျာဉ်မှ လူမိန်းမနှင့် လူယောကျာ်းအကြောင်းအရာဖြင့် အစပြုထားပါသည်။ ဆာလံ ၂ သည် လူသားတို့၏ပုန်ကန်မှုကို မှတ်တမ်းတင်ထားပါသည်။ ဤအားကြီးသော ဆာလံကို အောက်ပါစကားလုံးများဖြင့် အစပြုထားပါသည်။
လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။
လူစုတို့သည် အဘယ်ကြောင့် အချည်းနှီးကြံစည်ကြသနည်း။
လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း
ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊
သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ပယ်ကြကုန်အံ့ဟု သင်းဖွဲ့ကြ၏။ (ဆာလံ ၂း၁-၃)
ဤနေရာတွင် ဆာလံဆရာသည် လူသားတို့၏ပုန်ကန်မှုကို ဖော်ပြထားသည်။ ကမ္ဘာဦးကျမ်းသည်လည်း ဧဒင်ဥယျာဉ်အတွင်းမှ လူသားတို့၏အာခံမှု အကြောင်းကို ဖော်ပြထားသည်။ ဆာလံကျမ်း၏ပထမပိုင်းတစ်လျှောက်လုံးတွင် ဘုရားရှင်ထံမှလူသားတို့ကွဲကွာသွားသည့်အကြောင်းကို တွေ့မြင်နိုင်ပြီး ဆာလံ ၆း၃ နှင့် ၆ တွင် ဤသို့ ဥပမာပြုဖော်ပြထားသည်။
“အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလပတ်လုံးနေတော်မူမည်နည်း။
အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။”
သို့ရာတွင် ဘုရားရှင်၏ကျေးဇူးတော်နှင့်သနားခြင်းကရုဏာကို ဤနေရာတွင် မိတ်ဆက်ပေးထားသည်ကို တွေ့ရပါသည်။ ဘုရားရှင်သည် အကာအကွယ်၊ ခိုလှုံရှင်၊ တရားမျှတသောအရှင်ဖြစ်တော်မူသည်။ ဘုရားရှင်သည် ဧဒင်ဥယျာဉ်တွင် “အာဒံ၊ သင်ဘယ်မှာရှိသလဲ”ဟု ခေါ်သကဲ့သို့ မိမိဖန်ဆင်းထားသည့် လမ်းလွဲသွားသောလူသားများအား အမှောင်တွင်းမှ ရှာဖွေထုတ်ဆောင်သည်ကိုလည်း တွေ့ရပါသည်။ ဘုရားရှင်သည် လမ်းလွဲသွားသော အာဒံမျိုးနွယ်ကို ဦးစွာ ရှာဖွေလျက် နဂိုမူလအခြေအနေသို့ ပြန်လည်တည်စေသည်ကို တွေ့ရပါသည်။ ဆာလံကျမ်း၏ပထမအပိုင်းသည် ဘုရားရှင်ကို လေးနက်စွာ ဆာငတ်နေသော စိတ်နှလုံးအော်ဟစ်သံကို ဖော်ပြနေပြီး၊ ပထမဆုံးသော ဘုရားရှင် အဖြေ ပေးတုံ့ပြန်သည့်အသံကို ထင်ဟပ်နေပါသည်။
ဆာလံကျမ်းအပိုင်း(၂) ထွက်မြောက်ရာကျမ်းကဏ္ဍ။ ။ဆာလံကျမ်း၏ ဒုတိယအပိုင်းတွင် ဆာလံ ၄၂-၇၂ အထိပါဝင်ပြီး၊ ပညတ္တိကျမ်းမှ ထွက်မြောက်ရာကျမ်းနှင့် ဆက်စပ်လျက်ရှိသည်။ ဤနေရာတွင် ဘုရားရှင်နှင့် လူသားတို့ မိတ်သဟာယ ဆက်ဆံရေးအသစ် အစပြုသည်။ ထွက်မြောက်ရာကျမ်းတွင် ဣသရေလတို့ အီဂျစ်နိုင်ငံတွင် ကျွန်ခံရခြင်း၊ ဝမ်းနည်းဖွယ်ရာများ၊ ချုပ်နှောင်ခံရခြင်းများ အကြောင်းကို ထွက်မြောက်ရာကျမ်းက ဖော်ပြထားသည်။ ထို့ပြင် ဣသရေလလူတို့အား ကျွန်ပြုခံရခြင်းမှ ကယ်တင်တော်မူသည့် ဘုရားရှင်၏ကြီးမားသော တန်ခိုးတော်ကိုလည်း ဖော်ပြထားသည်။ ဆာလံကျမ်း၏ ဒုတိယအပိုင်းသည်လည်း ဤအကြောင်းများကိုပင် ဖော်ပြထားပါသည်။
၄၂ ခု မြောက်သောဆာလံသည် ဘုရင်တည်းဟူသော ဘုရားရှင်၏လူသားတို့ အပေါ် အုပ်စိုးခြင်းဆိုင်ရာအကြောင်းအရာကို ဖော်ပြထားပြီး ၄၆ ခု မြောက် သောဆာလံသည် လူသားတို့အား ဒုက္ခမှကယ်တင်တော်မူသော ဘုရားရှင်၏ကယ်တင်ခြင်းနှင့် ကူညီမစခြင်းအကြောင်းကို ဖော်ပြထားသည်။ ၅၀ ခု မြောက်သောဆာလံသည် ဘုရားရှင်၏ ခွန်အားကြီးခြင်းအကြောင်းနှင့် ၅၁ ခု မြောက်သောဆာလံသည် ကျွန်ုပ်တို့၏ကြီးလေးသောအပြစ်နှင့် ရှက်ကြောက်ခြင်း အပေါ် ဘုရားရှင်၏ကျေးဇူးတော်ကို ဖော်ပြထားပြန်သည်။ ၇၂ ခု မြောက် သောဆာလံ သည် ဤအပိုင်း၏နောက်ဆုံးသောဆာလံဖြစ်ပြီး၊ ဘုရားရှင်၏ကြီးမားသောတန်ခိုးတော်၊ အောင်မြင်သောတန်ခိုးတော် – ကျွန်ုပ်တို့ကို အပြစ်၏ချည်နှောင်ခြင်းမှ လွတ်မြောက်စေသောတန်ခိုးတော်ကို ဖော်ပြထားသည်။
ဆာလံကျမ်းအပိုင်း (၃) ဝတ်ပြုရာကျမ်းကဏ္ဍ။ ။ ဆာလံကျမ်း၏တတိယ အပိုင်းသည် ဆာလံ ၇၂ မှ ၈၉ အထိပါဝင်ပြီး၊ တဲတော်ဆိုင်ရာ ဝတ်ပြုခြင်းကို အသေးစိတ်ဖော်ပြထားသော၊ သန့်ရှင်းသောဘုရားရှင်ကို လူသားတို့မည်ကဲ့သို့ ချဉ်းကပ်ရမည့်ကြောင်းကို ဖော်ပြထားသောဝတ်ပြုရာကျမ်းနှင့် ဆက်စပ်လျက် ရှိသည်။ ဝတ်ပြုရာကျမ်းသည် လူ့စိတ်နှလုံးအတွင်း ဖြစ်ပျက်ခံစားနေပုံများကို ဖော်ပြထားပြီး၊ ထိုနှလုံးသား၏လိုအပ်မှု၊ မိမိအပြစ်ကိုသိသော လေးနက်သော သြတပ္ပစိတ်အသိတရားနှင့် ဘုရားရှင်၏ကုစားပေးမှုကို ရှာဖွေခြင်းအကြောင်း တို့ကို ဖော်ပြထားသည်။ ဆာလံ ၃၇ မှ ၈၉ တွင်လည်း ဤအကြောင်းအရာ များကို ဖော်ပြထားသည်။
၇၅ ခု မြောက်သောဆာလံသည် ဘုရားရှင်၏တရားစီရင်ခြင်းကို လူသားများသိရှိခြင်းနှင့် ၇၈ ခုမြောက်သော ဆာလံသည် ဘုရားရှင်၏မယိမ်းမယိုင် သောချစ်ခြင်းမေတ္တာကို ဖော်ပြထားပါသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အား ခိုင်မာသောမေတ္တာနှင့်ချစ်ပြီး ကျွန်ုပ်တို့၏ကြီးထွားရှင်သန်ခြင်းနှင့် ကျွန်ုပ်တို့၏အကျိူးစီးပွားအတွက် လုပ်ဆောင်ပေးနေကြောင်းလည်း ဖော်ပြထားပါသည်။ ဘုရားရှင်သည် သနားကြင်နာသူဖြစ်သော်လည်း ကျွန်ုပ်တို့၏အပြစ်များကို မလျှော့သော အရှိန်အဟုန်ဖြင့် အမြစ်မှတွန်းလှန်ကာ ဖျက်ဆီးပေးခဲ့သည်။ မိမိ၏လူများဖြစ်သော ဣသရေလတို့ကို သန့်ရှင်းစေခဲ့သည်။ ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုသိရှိပြီး ဘုရားရှင်၏တရားစီရင်ခြင်းကို လက်ခံလိုက် သောအခါ ဘုရားရှင်သည် သူ၏ကျေးဇူးတော်နှင့်ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်ုပ်တို့ကို ကူညီမစတော်မူပါသည်။ ၈၁ ခု မြောက်သောဆာလံသည် ကျွန်ုပ်တို့အတွက် ထားရှိသောဘုရားရှင်၏အသစ်သောခွန်အားကိုဖော်ပြပြီး ၈၄ ခု မြောက်သော ဆာလံသည် ကျွန်ုပ်တို့အတွက်ထားရှိသော ဘုရားရှင်၏အစဉ် ကြွယ်ဝသည့် ကောင်းချီးများကို ဖော်ပြထားပါသည်။ ဘုရားရှင်သည် ထိုသို့သော ကောင်းချီးများကို ရှေးဣသရေလလူတို့အားလည်း ပေးသနားတော်မူ ခဲ့ပါသည်။
ဆာလံကျမ်းအပိုင်း (၄) တောလည်ရာကျမ်းကဏ္ဍ။ ။ ဆာလံကျမ်းအပိုင်း (၄) တွင် ဆာလံ ၉၀ မှ ၁၀၆ အထိပါရှိပြီး၊ လူသားတို့၏ကျရှုံးခြင်းကို မီးမောင်းထိုးပြသည့် တောလည်ရာကျမ်း – တော၌ လှည့်လည်ခြင်းအကြောင်းနှင့် ဆက်စပ်လျက် ရှိပါသည်။ ဤကျမ်းစောင်တစ်လျှောက်လုံးတွင် အောင်မြင်မှု နှင့် ကျရှုံးမှုတို့ကို တစ်လှည့်စီ တွေ့မြင်နိုင်သည်။ ဣသရေလတို့ တောထဲ လှည့်လည်ရစဉ် ဘုရားရှင်သည် ကြီးမားသော နိမိတ်လက္ခဏာအားဖြင့်လည်းကောင်း၊ သူတို့၏လိုအပ်မှုကို ဆောင်ရွက်ပေးခြင်းအားဖြင့်လည်းကောင်း၊ ကောင်းကင်မှ မုန့်ကို ကျွေးမွေးခြင်းအားဖြင့် လည်းကောင်း၊ ကျောက်မှရေကို ထွက်စေခြင်းအားဖြင့် လည်းကောင်း လွတ်မြောက်စေသော်လည်း ဣသရေလတို့က ညည်းတွားကြသည်၊ ပြစ်တင်ဝေဖန်ကြသည်၊ သို့နှင့် သူတို့ မလိုလားသော ကျရှုံးခြင်းကို ရင်ဆိုင်ကြ ရတော့သည်။ ဤအဖြစ်အပျက်များကို ဆာလံကျမ်း၏အပိုင်း (၄) ပါ လင်္ကာ များတွင် ဖွဲ့ဆိုထားသည်။
ဆာလံကျမ်းအပိုင်း (၅) တရားဟောရာကျမ်းကဏ္ဍ။ ။ဆာလံကျမ်းအပိုင်း (၅) တွင် ဆာလံ ၁၀၇ မှ ၁၅၀ အထိပါဝင်ပြီး၊ တရားဟောရာကျမ်းနှင့်ဆင်တူသည်။ ဘုရားသခင်၌ နည်းလမ်းသစ် အရင်းအမြစ်အသစ်ကို တွေ့ကြုံမြည်းစမ်းခြင်း ဖြစ်သည်။ ဤဆာလံကျမ်းသည် မိမိ၏အတ္တ၊ မိမိ၏အကြံအစည်များ အဆုံးသတ် ပြီး ဘုရားရှင်၏ပြည့်ဝစုံလင်ခြင်းကို ကိုင်စွဲဖမ်းဆုတ်ရန် အသင့်ဖြစ်နေသူ တစ်ဦး၏ပုံရိပ်ကို ဖော်ဆောင်နေပါသည်။ ဤဆာလံကျမ်း အပိုင်း(၅) အစမှအဆုံးသည် ဘုရားရှင်ကိုကျေးဇူးတင်ခြင်း၊ ဘုရားရှင်ကို ချီးမွမ်းခြင်းများ ဖြစ်ပါသည်။ ဤဆာလံကျမ်းအပိုင်းတစ်လျှောက်လုံးတွင် အောင်မြင်ခြင်းတို့ဖြင့် ဖွင့်ဆိုထားပြီး၊ “ဟာလေလုယာ၊ ကိုယ်တော်ကို ချီးမွမ်းပါ၏” ဆိုသော ချီးမွမ်းခြင်းဖြင့် အဆုံးသတ်ထားပါသည်။ ဤသည်မှာ လူတစ်စုံတစ်ဦးက အလွန်စိတ်လှုပ်ရှားလွန်း သဖြင့် “ဟာလေလုယာ” ဟု ကြွေးကြော်ရန်သာရှိခြင်းကို ဖော်ပြနေပါသည်။
အချို့သောခရစ်ယာန်တို့မှာ ဆာလံကျမ်းများကိုဖတ်ပြီး နားမလည်နိုင် ဖြစ်ကြရသည်။ ဒါဝိဒ်မင်းကြီးက သူ၏ရန်သူများနှင့်ပတ်သက်ပြီး အော်ဟစ်ခြင်း၊ ဝေဒနာနှင့်နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ပြစ်တင်မြည်တမ်းခြင်းစသည် တို့ကို ဖတ်ရသဖြင့် စိတ်ရှုပ်ထွေးကြရပါသည်။ အချို့သောဆာလံကျမ်းများမှာ ရန်သူ အပေါ် ခါးသည်းသော၊ ကျွမ်းလောင်စေသော ဆာလံစကားများဖြစ်ပြီး သူတို့ အပေါ်သို့ ဘုရားရှင်အမျက်ဒေါသ ကျရောက်စေကြောင်း အော်ဟစ်သောဆာလံ စကားဖြစ်သဖြင့် စိတ်နုနယ်သောခရစ်ယာန်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ထိုဆာလံစကားများသည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြသည့် “ရန်သူ ကိုပင် ချစ်ရမည်” ဆိုသောသတင်းစကားနှင့်ဆန့်ကျင်လျက်ရှိနေသဖြင့် လူတို့ စိတ်ရှုပ်ထွေးမှုဖြစ်ခြင်းကို နားလည်နိုင်ပါသည်။
ဓမ္မသစ်ကျမ်းက ပြောနေသည့် ဓမ္မဟောင်းကျမ်းအကြောင်းဖော်ပြချက် ကို ကျွန်ုပ်တို့သတိရလျှင် ဤအခက်အခဲကိုဖြစ်စေသည့် ဆာလံကျမ်းများကို နားလည်လာနိုင်ပါသည်။ ကောရိန္သုသြဝါဒစာပထမစောင် ၁၀း၁၁ တွင် ရှင်ပေါလုက “ထိုအကြောင်းအရာ ရှိသမျှတို့သည် …ကပ်ကာလအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း” ဟုဆိုထား ပါသည်။ ဆာလံကျမ်းရေးသားသူ၏နေရာတွင် မိမိကိုယ်ကိုထားရှိပါက သူတွေ့ကြုံ ရသောရန်သူများသည် ယနေ့ကျွန်ုပ်တို့တွေ့ကြုံရသောရန်သူများနှင့် တူညီနေသည်။ ဓမ္မဟောင်းကျမ်းက “ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်” (ဧ ၆း၁၂) ဟုဆိုထားပါသည်။ တစ်ခါတစ်ရံ တွင် ကျွန်ုပ်တို့၏ရန်သူအစစ်အမှန်ကိုပင် ကျွန်ုပ်တို့မေ့လျော့တတ်သည်။ မိမိ၏ အကြံအစည်ကို တားဆီးသောသူ၊ မိမိ၏ဂုဏ်သတင်းကို တိုက်ခိုက်သောသူတို့ကို မိမိ၏ရန်သူဟု ကျွန်ုပ်တို့သတ်မှတ်မိတတ်ကြသည်။ ထိုသို့မဟုတ်ပါ။ လူသည် ကျွန်ုပ်တို့ကို ထိခိုက်နာကျင်အောင် လုပ်ဆောင်နိုင်သော်လည်း ၎င်းသည် ကျွန်ုပ်တို့၏ရန်သူအစစ်မဟုတ်ပါ။ ကျွန်ုပ်တို့၏ရန်သူစစ်စစ်မှာ မကောင်းမှု၏အခြေခံ နိယာမတရားများ၊ ဤလောက၏အတွေးအခေါ်များနှင့် ဤလောကကို ထိန်းချုပ်သောဝိညာဉ်အင်အားစုများပင်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် အဆိုးဆုံးသောရန်သူမှာ မြင်ရသောအရာများ မဟုတ်ဘဲ မျက်မြင်မရသည့်အရာများဖြစ်သည်။ သခင်ယေရှုက “ခံတွင်းသို့ ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသော အရာဖြစ်သည်ဟု မိန့်တော်မူ၏။ …မကောင်းသောကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သောသက်သေကို ခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ၍၊ လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏ (မ ၁၅း၁၁၊ ၁၉-၂၀) ဟုမိန့်တော်မူထားသည်။ သခင်ယေရှုသည် ဤစကားများအားဖြင့် ကျွန်ုပ်တို့ကိုသတိပေးလျက်ရှိပြီး၊ ဆာလံကျမ်း၏ပြင်းထန်သောစကားလုံးများမှာမူ အပြစ်ဆိုဖွယ်မရှိ၊ မှန်ကန်ပြည့်စုံနေတော့သည်။ ကျွန်ုပ်တို့သည် ဤအထက်ပါ ဒုစရိုက်များကို ပြင်းထန်ပြတ်သားစွာ ရင်ဆိုင်ကြရမည် ဖြစ်သည်။ ခရစ်ယာန်တို့၏ အသက်တာတွင် အပြစ်အတွက် နေရာမရှိပါ။ ပြင်းထန်ရက်စက် ကျိန်ဆဲသော ဆာလံကျမ်းများသည် စိတ်နှလုံး၏ရန်သူအစစ်ကို ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းကို သရုပ်ဖော်နေပါသည်။
ဆာလံကျမ်းများထဲမှ ကျွန်ုပ်တို့ခံယူရမည့်အရာများမှာ ဤယုံကြည်ခြင်း နှင့်ဆိုင်သည့် လှပပြီးပြည့်စုံသည့် ဆာလံသီချင်းများမှဖော်ပြသည့် သခင်ယေရှု ခရစ်တော်၏အမှုတော်နှင့် ယေရှုခရစ်တော်ကိုယ်တော်တိုင်ကို နားလည်ခြင်းပင် ဖြစ်သည်။ ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဧမောက်ရွာသို့ သွားသောလမ်းတွင် ဝမ်းနည်းကြေကွဲနေသော တပည့်တော်နှစ်ဦးအား ယေရှု ခရစ်တော်က “မောရှေ၏ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကို ရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူရှိစဉ် အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား၊ ဤအကြောင်းအရာ ပေတည်း” (လု ၂၄း၄၄) ဟုပြောဆိုခဲ့ပါသည်။ ခရစ်တော်၏သဘောတော်၊ ကျေးဇူးတော်နှင့် သစ္စာတရားတို့ကို ဆာလံကျမ်းတိုင်းလိုလိုတွင် တွေ့ရသော်လည်း ခရစ်တော်မပေါ်မီ လွန်ခဲ့သောနှစ်ပေါင်းရာကျော်က ရေးသားထားသည့် “မေရှိယဆိုင်ရာဆာလံကျမ်းများ”တွင် သခင်၏လောကအသက်တာအကြောင်း အသေးစိတ်ဖော်ပြချက်အပါအဝင် ခရစ်တော်အကြောင်း အထူးပရောဖက်ပြုချက်ကို အထင်အရှားတွေ့ရပါသည်။
၂ ခု မြောက်သောဆာလံသည် ခရစ်တော်အား လူသားအဖြစ်လည်းကောင်း၊ သမိုင်းကြောင်းတစ်ခုလုံး၏ဗဟိုပြုရာအဖြစ်လည်းကောင်း သရုပ်ဖော်ထားပါသည်။ ဘုရားရှင်က နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားတိုင်း၊ လူတစ်ဦးစီတိုင်း သည် မိမိ၏တန်ဖိုးရှိခြင်း သို့မဟုတ် တန်ဖိုးမဲ့ခြင်းကို သားတော်အားဖြင့် တွေ့ရှိရမည်ဖြစ်သည်။
၂၂ ခု မြောက်သောဆာလံသည် ကရာနီရှိ ကားတိုင်တော်ပေါ်တွင် သခင်ဘုရား၏ အလွန်ပြင်းထန်သောဝေဒနာကို မှတ်တမ်းပြုထားပါသည်။ ဤ အံ့သြဖွယ်ရာဆာလံ၏ အဖွင့်စကားဖြစ်သော “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟူသည့်အချက်က ကျွန်ုပ်တို့ကို ကားတိုင်ဆီသို့ ခေါ်ဆောင်နေသည်။ ထိုမှတစ်ဆင့် အပြစ်ရှိသော သူတို့နှင့်အတူ ယေရှုအား ကားတိုင်တင်ကာ ကားတိုင်ခြေရင်းတွင် ပတ်လည်ရှိ နေသူတို့အကြောင်းကို ဖော်ပြထားပြန်သည်။ ယေရှု၏အဝတ်တော်ကို စာရေးတံချ၍ အချင်းချင်းဝေခွဲသည့်အကြောင်းအရာနှင့်တကွ ခမည်းတော်ဘုရား၏စွန့်ပစ်ခံရခြင်းကြောင်း၊ နာကျင်ခြင်းဝေ၏နာခံစားရသည့်အကြောင်းများကိုလည်း ဖော်ပြထားသည်။ ဖော်ပြထားသည့်စကားလုံးများမှာ မြင်သာသော၊ ထူးခြားသော စကားလုံးများဖြစ်ပြီး ကားတိုင်တော်တွင် အသေခံတော်မူသည့် မေရှိယ၏သေခြင်းကို ရှင်းလင်းစွာ ပုံဖော်ထားသည်။
အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။ ကိုယ်အရိုး ရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏။ (ဆာလံ၂၂း၁၆-၁၇)
ဤနာကျင်ကြေကွဲဖွယ်ရာ မေရှိယ၏သေခြင်းသည် သူ၏ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်းတန်ခိုးဖြင့် ပြန်လည်ကြွလာတော်မူခြင်းနှင့် အနာဂတ်တွင် တရားမျှတစွာ အုပ်စိုးခြင်းအားဖြင့် အောင်မြင်ခြင်းသို့ လျင်မြန်စွာရောက်ရှိလာ ခဲ့သည်။
အခြားသော မေရှိဆိုင်ရာဆာလံကျမ်းများသည် ခရစ်တော်၏သဘော တော်နှင့် အမှုတော်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် ဘုရင်အဖြစ် အုပ်စိုးတော်မူမည့် အကြောင်းကိုလည်းကောင်း ထင်ဟပ်စေသည်။ ဥပမာ ဆာလံ ၁၀ဝ တွင် ခရစ်တော်သည် တစ်ချိန်တည်းမှာပင် လူသားစစ်စစ်နှင့် ဘုရားစစ်စစ်ဖြစ်တော်မူသည့် အံ့သြဖွယ်ရာကြီးမြတ်နက်နဲသောအကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဆာလံ ၁၁၈ တွင်မူ ခရစ်တော်အား လူသားတို့ပစ်ပယ်ထားသည့် ထိမိ၍လဲစေသောကျောက်အဖြစ် သရုပ်ဖော်ထားပြီး၊ ဘုရားရှင်သည် မိမိ၏ ကယ်တင်ခြင်းအကြံအစည်တော်အတွင်း ရှင်ပြန်ထမြောက် တော်မူရာနေ့တွင် ထိုကျောက်အား တိုက်ထောင့် အထွတ်အဖျားတွင်ရှိနေသော ကျောက်ဖြစ်စေသည်။ မေရှိယဆိုင်ရာဆာလံကျမ်းနှင့် ဓမ္မသစ်ကျမ်းအတွင်း ထိုဆာလံကျမ်း၏ ပြည့်စုံခြင်းတို့ကို အောက်တွင် ဖော်ပြထားသည်။ ဤကျမ်းတို့၏နှိုင်းယှဉ်ချက်များကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့တစ်ဦးစီအတွက် လည်းကောင်း၊ အဖွဲ့လိုက်အတွက်လည်းကောင်း စိတ်လှုပ်ရှားဖွယ် အကျိုးကျေးဇူးကို ဖြစ်စေပါသည်။
ဆာလံကျမ်း | မေရှိယဆိုင်ရာပရောဖက်ပြုချက် | ဓမ္မသစ်ကျမ်းပြည့်စုံမှု |
၂း၇ | မေရှိယသည် မိမိ၏သားဖြစ်ကြောင်း ဘုရားသခင် ဖော်ထုတ်ပြောဆိုခြင်း |
မ ၁၃း၁၇ |
၈း၆ | အရာအားလုံးကို သူ၏ခြေအောက်၌ ချထားတော်မူခြင်း | ဟေဗြဲ ၂း၈ |
၁၆း၁၀ | ရှင်ပြန်ထမြောက်တော်မူခြင်း | မာ ၁၆း၆-၇ |
၂၂း၁ | စွန့်ပစ်ခံရသောမေရှိယ | မ ၂၇း၄၆ |
၂၂း၇-၈ | ကဲ့ရဲ့ပြစ်တင်သူတို့အလယ်တွင်ရှိသောမေရှိယ | လု ၂၃း၃၅ |
၂၂း၁၆ | မေရှိယ၏လက်နှင့်ခြေတို့ တိုင်တော်ပေါ်တွင်
သံဖြင့် ရိုက်ထားခံရခြင်း |
လု ၂၀း၂၅၊၂၇
|
၂၂း၁၈ | သူ၏အဝတ်တော်ကို စာရေးတံချ၍ခွဲဝေခြင်း | မ ၂၇း၃၅-၃၆ |
၃၄း၂၀ | မေရှိယ၏အရိုးများ မကျိုးခြင်း | ယော ၁၉း၃၂-၃၃၊၃၆ |
၃၅း၁၁ | မတရားသောသက်သေတို့ဖြင့် မေရှိယကို စွပ်စွဲခြင်း | မာ ၁၄း၅၇ |
၃၅း၁၉ | မေရှိယကို မုန်းတီးခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်း | ယော ၁၅း၂၅ |
၄၀း၇-၈ | ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ရန် ကြွလာခြင်း | ဟေဗြဲ ၁၀း၇ |
၄၁း၉ | မိတ်ဆွေ(ယုဒ)၏သစ္စာဖောက်ခြင်းကိုခံရခြင်း | လု ၂၂း၄၇ |
၄၅း၆ | မေရှိယ၏ပလ္လင်သည် ထာဝရတည်ခြင်း | ဟေဗြဲ ၁း၈ |
၆၈း၁၈ | ဘုရားရှင်၏လက်ယာတော်ဆီသို့ မေရှိယတက်ကြွခြင်း | မာ ၁၆း၁၉ |
၆၉း၉ | ဘုရားရှင်၏အိမ်တော်အပေါ် စိတ်အားကြီးခြင်း
(ဗိမာန်တော်ကိုသန့်ရှင်းစေခြင်း) |
ယော၂း၁၇
|
၆၉း၂၁ | တိုင်တော်ပေါ်မှ ပုန်းရည်နှင့်ဆေးခါး | မ ၂၇း၃၄ |
၁၀၉း၄ | ရန်သူတို့အတွက် မေရှိယ ဆုတောင်းပေးခြင်း | လု၂၃း၃၄ |
၁၀၉း၈ | သစ္စာဖောက်သူ၏နေရာတွင်
အခြားသူတစ်ဦးကို ပြန်လည်ရွေးချယ်ခြင်း |
တ ၁း၂၀
|
၁၁၀း၁ | ရန်သူတို့ကို မိမိအောက်၌ ချထားခြင်း
|
မ ၂၂း၄၄ |
၁၁၀း၄ | မေလခိဇေဒက်နောက်တွင် မေရှိယသည်
ယဇ်ပရောဟိတ်ဖြစ်ခြင်း |
ဟေဗြဲ ၅း၆
|
၁၁၈း၂၂ | ပစ်ပယ်ခံရသောကျောက်သည် တိုက်ထောင့်
အထွတ်အဖျားသို့ ပြန်ရောက်ခြင်း |
မ ၂၁း၄၂ |
ဆာလံကျမ်းအားလုံးသည် ကျွန်ုပ်တို့အား ဘုရားရှင်ကို မည်သို့ဝတ်ပြုရ မည်၊ ဘုရားရှင်နှင့် မည်သို့မိတ်သဟာယဖွဲ့ရမည်၊ ဘုရားသခင်၏ပြည့်စုံခြင်းနှင့် ကြွယ်ဝခြင်းအား မည်သို့တွေ့ကြုံခံစားရမည်ကို သွန်သင်ပေးသည်။ ကျွန်ုပ် တို့၏ပြည့်ဝစုံလင်တော်မူသော ဘုရားရှင်အား မည်သို့ သစ္စာရှိစွာ ဝတ်ပြုရမည့် အကြောင်းကိုလည်း သွန်သင်ပေးသည်။ သင့်ထံတွင် ပြဿနာများရှိနေပါက ဘုရားသခင်မသိအောင် ကွယ်ဝှက်မထားပါနှင့်။ ဘာမှမဖြစ်သကဲ့သို့ မိမိကိုယ်ကို ဟန်ဆောင်မကွယ်ဝှက်ပါနှင့်။ မိမိ၏ပြဿနာကို ကိုယ်တော်အား ပြောပြပါ။ ဘာသာတရားကို ကြည်ညိုလေးစားဟန်၊ အရာရာသည် ချောမွေ့ဟန် မပြုပါနှင့်။ ဘုရားရှင်ကို စိတ်ဆိုးပါက စိတ်ဆိုးသည့်အကြောင်းကို ပြောပါ။ သင့်အပေါ် ဘုရားရှင်ပြုတော်မူသည့်အရာကို သင်သည် စိတ်မကောင်းဖြစ်မိပါက ၎င်းကိုပြောပြပါ။ မခံမရပ်နိုင်အောင် ဒေါသဖြစ်ပါက သင်၏ဒေါသကို ပြင်သို့ ထုတ်ဖော်ပြီး ဖြေရှင်းပါ။ သင်သည် ပျော်ရွှင်ဝမ်းမြောက်ပါက ထိုဝမ်းမြောက်မှုကို ဖော်ထုတ်ပြီး ကျေးဇူးတော်ချီးမွမ်းပါ။ ဤသည်မှာ ဘုရားရှင်ကို ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပြီး သင်၏စစ်မှန်သောနှလုံးသားကို ဘုရားရှင်ထံ ဖော်ထုတ် ပြသခြင်းပင်ဖြစ်ပါသည်။
ရှမာရိပြည်ရှိ ရေတွင်းအနားတွင် သခင်ယေရှုက ရှမာရိအမျိုးသမီးအား “ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့ သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု” (ယော ၄း၂၄)ဟု ဆိုခဲ့ပါသည်။ ဘုရားရှင်သည် ဤကဲ့သို့သော ဝတ်ပြု ကိုးကွယ်သူကို ရှာဖွေနေသည်။ သင်သည် ဘုရားရှင်ရှေ့တော်တွင် ဖြောင့်မတ် ပါက – သင်၏အပြုအမူ၊ အပြစ်၊ ကျရှုံးမှု၊ နာကျင်မှု၊ မေးခွန်းများအားလုံးသည် ရိုးသားမှုရှိပါက သင်၏လိုအပ်မှုအားလုံးသည် ဘုရားရှင်၏ကျေးဇူးတော်အားဖြင့် ပြည့်ဝစုံလင်မည်ဖြစ်ပါသည်။
တစ်ခါက နှမြောတွန့်တိုတတ်သူတစ်ဦးသည် သူ၏အသက်တာနှောင်း ပိုင်းတွင် ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ပါသည်။ သူ၏အသက်တာ ပြောင်းလဲပြီးနောက် သူ၏အိမ်နီးချင်းတစ်ဦးသည် ပစ္စည်းများအခိုးခံရကြောင်းကြားသိခဲ့ရသည်။ ထိုသူသည် ချက်ချင်းပင် “ငါမိတ်ဆွေဟာ အကူအညီ၊ အစားအသောက်တွေ လိုအပ်မယ်။ ဆိုင်ကိုသွားမယ်။ ဝက်ပေါင်ခြောက် တစ်ခုဝယ်ပြီး သူကို သွားပေးရမယ်” ဟုဆိုသည်။ ဆိုင်သို့သွားရာလမ်းတွင် သူ၏ဇာတိဟောင်းက”ဘာဖြစ်လို့ ဝက်ပေါင်ခြောက်တစ်ခုလုံးကို ပေးရမှာလဲ။ တစ်ဝက်ပေးရင်လောက်ပြီပေါ့” ဟု သူ့ကို တီးတိုးဆိုလိုက်သည်။ ဆိုင်သို့သွားရာ လမ်းတစ်လျှောက်တွင် သူ၏စိတ်အတွင်း အချေအတင်ဖြစ်နေခဲ့ပါသည်။
ထိုနောက် ဘုရားရှင်၏သွန်သင်မှုကို သူသတိရလိုက်သည်။ သူ့ဘဝ အသက်တာတွင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို ခံစားရခြင်းဖြင့် သူ၏ဇာတိဟောင်းကို စွန့်လွှတ်လိုက်ပြီး၊ အသစ်သောအသက်တာတွင် ခိုင်မြဲစွာ ရပ်တည်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သူ၏စိတ်နှလုံးအတွင်းသို့ဝင်ရောက် လာသည့် “သူ့ကို ဝက်ပေါင်ခြောက်တစ်ဝက်ပဲ ပေးပါ”ဆိုသော နှောင့်ယှက်စုံစမ်း ခြင်းသည် သူ၏ဇာတိဟောင်းမှလာသည်ကို နားလည်လိုက်သည်။ ထိုသို့ သိမှတ်သဘောပေါက်ခြင်းဖြင့် ထိုသူသည် “ဒီမှာ စာတန်၊ မင်းပါးစပ် မပိတ်ရင်နော်… ငါ့မိတ်ဆွေကို တစ်ဆိုင်လုံးမှာရှိတဲ့ ဝက်ပေါင်ခြောက်အားလုံး ပေးလိုက်မယ်” ဟု အော်ပြောလိုက်သည်။
အပြစ်များပြားလေ၊ ကျေးဇူးတော်ကလည်း ပို၍များပြားလေ ဖြစ်ပါ သည်။ ဤသည်မှာ ဆာလံကျမ်း၏ရည်ရွယ်ချက်ဖြစ်ပါသည်။ ဆာလံကျမ်းသည် ဘုရားရှင်၏တေးဂီတဖြစ်ပြီး၊ ကျွန်ုပ်တို့အား ကျေးဇူးတော်ဆီသို့ဆွဲခေါ်ရန် နှိုးဆော်လျက် ရေးသားသောကဗျာ၊ လင်္ကာများ ဖြစ်ပါသည်။