အများက လက်ခံခြင်း၊ ချီးမြှောက်ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းခံရအောင် နေထိုင်ပြုမူရန် ကျွန်ုပ်တို့ သွန်သင်ခံရပါသည်။ ၎င်းကို လူအများစုက လက်ခံကြသည်။ အိမ်တွင် မိဘများ သဘောကျအောင် လိမ္မာစွာ နေထိုင်သည်။ ကျောင်းတွင် အဆင့်ကောင်းကောင်းရအောင် ကျွန်ုပ်တို့ စာကြိုးစားသည်။ အလုပ်တွင် ရာထူးတိုးပေးနိုင်အောင် အလုပ်ကို ကျွမ်းကျင်စွာ ဆောင်ရွက်ရန် အလုပ်ရှင်တို့ မျှော်လင့်ထားကြသည်။ သတ်မှတ်စံနှုန်းအတိုင်း ပြည့်မီအောင် မဆောင်ရွက်နိုင်သောအခါ အပြစ်ရှိသကဲ့သို့ ခံစားရသည်။ မပြည့်စုံဘိသို့ ခံစားရသည်။
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် ကောင်းကင်နိုင်ငံသို့ ၀င်ရောက်နိုင်ရေး ခရစ်ယာန်ကောင်းဖြစ်ရမည်ဟု တွေးနေပါသလား။ ဘုရားကျောင်း နောက်မကျအောင် ပြေးလွှား နေသလား။ လူသားချင်းကို မစလျက် ပရဟိတ ကုသိုလ်ကောင်းမှုပြုနေသလား။ ဘုရားတရား ကြည်ညိုကိုင်းရှိုင်းနေသလား။ ၎င်းအမှုများပြုရန် ပျက်ကွက်ခဲ့သော် ဘုရားသခင်ကို ရင်မဆိုင်ရဲ သကဲ့သို့ ခံစားနေရပါသလား။
၎င်းသည် မှားသည်တော့ မဟုတ်ပါ။ သို့သော် ထိုအကျင့်၊ ထိုကုသိုလ်များက ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းကို မဆောင်ကြဉ်းပေးနိုင်ပါ။ ”အကျင့်အကြံ၊ အပြုအမူ ကောင်းမွန်သူ၊ လူကောင်းလူတော် အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်” ဟု သခင်ယေရှု မမိန့်ကြားပါ။ ”ယုံကြည်သောသူအပေါင်း” တို့သည် ထာဝရအသက်ကို ရမည်ဟု မိန့်ကြားတော်မူသည်။
ဘုရားသခင်သည် ယုံကြည်ခြင်းတစ်ခုတည်းပေါ်၌ အခြေခံ၍သာ ကျွန်ုပ်တို့အား သူ၏နိုင်ငံတော်သို့ လက်ခံသည်။ အကျင့်စာရိတ္တကောင်းမွန်ခြင်းကြောင့် မဟုတ်ပါ။ အတိတ်မှ အပြစ်များ၊ ရှုံးမှာကို စိုးကြောက်စိတ်များမှ လွတ်မြောက်ခွင့်ရခြင်းကြောင့် အလွန်သက်သာရာ ရပါသည် တကား။ ကိုယ်တော်၏ကယ်တင်သော ကျေးဇူးတော်နှင့် ကားတိုင်ထက်မှ သခင်ယေရှု ပြုသော အမှုတော်ကို ကိုးစားယုံကြည်ရန်သာ လိုသည်။