စာရေးသူ။ ။ ဒန်နီရယ် ရိုင်ယန် ဒေး(Daniel Ryan Day)၊ USA | ဘာသာပြန်သူ။ ။ နော်မြတ်ဆုမွန်
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ Coronavirus Pandemic: I’m afraid, and I don’t even know why

ကျွန်တော်သည် ယခုအချိန်အထိလအနည်းငယ် အေးဆေးသက်သာစွာရှိနေခဲ့သည်။ ဟာသပြက်လုံးအချို့ကို ထုတ်နေခဲ့ပြီး လူထုအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး ဟာသလုပ်ထားသော ဗီဒီယိုတို လေးတစ်ခုပါ ကြည့်ခဲ့သေးသည်။ သို့သော် NBA (ဘတ်စကက်ဘောပြိုင်ပွဲ) မှသူတို့၏အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံသမ္မတမှ အထူးမိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။ ထို့အပြင် ကျွန်တော်၏ ကုမ္ပဏီမှာ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပိတ်တော့မည်ဟူသော ကောလာဟလစတင်ပြန့်နှံ့လာခဲ့သည်။ ကျွန်တော်အသုံးမပြုသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သည့် လေယာဉ်လိုင်းတစ်ခုမှလည်း ၎င်းတို့၏လေကြောင်း ခရီးစဉ်များအားဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားသည့်အီးမေးလ်တစ်စောင်ကိုလည်း လက်ခံရရှိခဲ့သည်။ တက္ကသိုလ်ကြီးများမှလည်း အွန်လိုင်းအတန်းများဖြင့် ပြောင်းလဲသင်ကြားခြင်းပြုရန် ကြေငြာချက်များ ထုတ်ပြန်လာသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ခရီးသွားလာခြင်းကို ကန့်သတ်ခြင်းကြောင့် ကျွန်တော့အနေဖြင့် ကမ္ဘာပေါ် မှာရှိသည့် နိုင်ငံအတော်များများသို့ ယခုအချိန်ခရီးသွားနိုင်တော့ပါ။

ပြည်နယ်များတွင်ရှိနေသော K-12 ကျောင်းများအားလုံး သုံးပတ်အပြည့်ပိတ်ထားမည်ဟူသော အမိန့် ကို အစိုးရမှမနေ့ညကထုတ်ပြန်လိုက်သောအခါ ထိတ်လန့်စိုးရိမ်မှုအဆင့်ပိုမြင့်လာခဲ့သည်။ ယနေ့မနက် အိပ်ယာထသည့်အခါ ကျွန်တော်တို့မြို့၌ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ သုံးဦးရှိနေပြီးကိုသိခဲ့ရသည်။

ယနေ့မနက် အိပ်ယာထသည့်အခါ ကျွန်တော်တို့မြို့၌ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ သုံးဦးရှိနေပြီးကိုသိခဲ့ရသည်။

ထိုသတိပေးချက်များအားလုံးက ကျွန်တော့်အားဖမ်းစားလာသည်။ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အစောပိုင်းသတိပေးချက်ဖြစ်သည့် ခေါင်းကိုက်ခြင်းကို စတင်ခံစားလာရသည်။ ကျွန်တော်၏ဦးနှောက်မှလည်း ”အကယ်၍များဖြစ်ခဲ့ရင် ဘာလုပ်မလဲ” ဆိုသည့်အတွေးများကြီးစိုးလာခဲ့သည်။ ယခုမှာ ကျွန်တော့်အနေဖြင့် ၁၀၀% အပြည့်ယုံကြည်မှုဖြင့်ပြောနိုင်ပါသည်။

ကျွန်ုပ်ကြောက်ရွံ့မိပါသည်။ သို့သော် ဘာကြောင့်ကြောက်ရွံ့နေလဲဆိုတာမသိပါ။

ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ကျွန်တော့်ကလေးများ နေမကောင်းဖြစ်မှာလား။ (သို့) ကျွန်တော်နေမကောင်း ဖြစ်မှာလား။ (သို့) ကျွန်တော်၏အလုပ်မှာ ယာယီဆိုင်းငံ့ထားခံရမလား။ (သို့) ပုံမှန်အားဖြင့် ကျွန်တော်မကြည့် ဖြစ်သော NBA အား မကြည့်ရတော့ဘူးလား။ (သို့) ဇန်နဝါရီလကတည်းက တွေ့ကြုံနေရသည့် တစ်ကမ္ဘာလုံးမှ လူအများကဲ့သို့ပင် စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများအား ကျွန်တော်စတင်ခံစားလာရခြင်းလား။ (သို့) ထိုအရာများအားလုံးတစ်ချိန်တည်းခံစားရခြင်းလား။

ကျွန်တော်သည် အသက်ငယ်သေးသော်လည်း ယခင်က ယခုကဲ့သို့တစ်ခါမှမမြင်ဖူးပါ။ ဒေါ်လာ ဘီလီယံပေါင်းများစွာ (သို့) တြီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ အစိုးရအနေဖြင့် လူ ၁၀၀ အထက်စုဝေးခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။ စက်မှုလုပ်ငန်းအကြီးစားများ ခေတ္တရပ်နားထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ “ကပ်ရောဂါ” ဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သည်။ ထိုအကြောင်းကို ကျွန်တော်အပါအဝင် ကျွန်တော်သိသောလူတိုင်းပြော၍မဆုံးဖြစ်ခဲ့သည်။ ထိုကပ်ရောဂါအကြောင်းသည် ကျွန်တော့်ရှေ့ သင်တို့ရှေ့နှင့် လူတိုင်းရှေ့မှာ ခုနစ်ရက်ပတ်လုံး ၂၄ နာရီရှိနေသည်။

ထို့ကြောင့် သင်တို့လည်း ကြောက်နေမည်ဟု ကျွန်တော်ခန့်မှန်းကြည့်သည်။ (သို့) သင်သည်စိတ်ပူရုံ လောက် ၊ သတိထားမိရုံလောက်လည်းဖြစ်နိုင်သည်။

ဒါဆို အခုဘာလုပ်ရမလဲ။

တစ်မိနစ်ခန့်အချိန်ယူပြီး အသက်ပြင်းပြင်းရှုကာ ဖြေးဖြေးချင်း ကျွန်တော်တို့၏သမ္မာကျမ်းစာအုပ်ထဲမှ ကောင်းစွာသိထားပြီးဖြစ်သည့် စာမျက်နှာတစ်ခုကို ပြန်လှန်ကြည့်ကြရအောင် –

“အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသော အားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ​ဩဝါဒစာ ၄:၆-၇)

ရိုးသားစွာပြောရလျှင် ကျွန်တော်ဆုသိပ်မတောင်းဖြစ်ပါ။ ကျွန်တော်သတင်းများဖတ်သည့်အချိန်(သို့) ကြည့်သည့်အချိန်လောက်ပင် အချိန်ပေးဆုမတောင်းဖြစ်ပါ။ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဘုရားသခင်နှင့် စကားပြောခြင်းထက် ခေါင်းကြီးပိုင်းသတင်းများအားလိုက်ရှာခြင်းနားထောင်ခြင်းကိုသာ အချိန်ပိုပေးဖြစ်နေ သည်။ ကျွန်တော့်အနေဖြင့် သူငယ်ချင်းများနှင့်စကားပြောခြင်း၊ အီးမေးလ်များဖတ်ခြင်းနှင့် ဗီဒီယိုများ ကြည့်ခြင်းတို့တွင် အချိန်အများကြီးကုန်စေခဲ့သည်။ သို့သော် ခေါင်းစကိုက်လာသည့်အချိန်မှစပြီး ကျွန်တော့် အနေဖြင့် စကားပြောခြင်းနှင့် ကြည့်ရှုခြင်းများကိုလျှော့ပြီး ပို၍ဆုတောင်းရမည့်အချိန်ဖြစ်လာသည်။

သင်တို့ရောကျွန်တော်နှင့်အတူ လက်တွေ့လုပ်ဆောင်ခြင်းတွင် ဉာဏ်ပညာပါရှိဖို့ကြိုးစားခြင်းကို ပါဝင်မလား။ အောက်ပါအဆင့်များဖြင့် ကျွန်တော်တို့အစပြုနိုင်ပါသည်။

အဆင့် (၁) – ဘုရားသခင်အား ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြောပြပြီးဆုတောင်းပါ။

ဘုရားသခင်အား ကျွန်တော်တို့ကြောက်ရွံ့ကြောင်းနှင့် ဘာကြောင့်လဲဆိုတာမသိကြောင်းပြောပြပါ။ ဖြစ်လာနိုင်သည့် မကောင်းသည့်အရာများအားလုံးကိုစာရင်းလုပ်ပြီး ကျွန်တော်တို့အဘယ့်ကြောင့်ဆောက် တည်ရာမရဖြစ်နေကြောင်းကို ကျွန်တော်တို့၏နှလုံးသားအတွင်းရှာဖွေစစ်ကြောပေးပါမည့်အကြောင်း ပြောပြပါ။ ပစ္စည်းများနှင့်စားစရာများဝယ်ယူခြင်း (သို့) လူမှုကွန်ယက်များပေါ်၌အကြောင်းအရာများမျှဝေခြင်းစသည်တို့ကို လုပ်နေခြင်းအစား ကျွန်တော်တို့ဆုတောင်းနိုင်ပြီး ကျွန်တော်တို့အတွက်ခိုလှုံရာသို့ချဉ်းကပ်လာနိုင်စေဖို့ အချိန်ယူပါ။

အဆင့် (၂) – ကျေးဇူးတော်ချီးမွမ်းပါ။

ဖိလိပ္ပိသြဝါဒစာတွင် ဘုရားသခင်အား ကျွန်တော်တို့၏စိုးရိမ်ပူပန်များကိုသာ ပြောပြရန်မဟုတ်ပဲ ကျွန်တော်တို့ ၏ စိုးရိမ်ပူပန်မှုများကို ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဘုရားသခင်အားစကားပြောနိုင်ပါသည်။ ကျွန်တော် တို့အနေဖြင့် ကုန်ဆုံးခဲ့သော နေ့ရက်၊ ရက်သတ္တပတ်၊ လ၊ နှစ် (သို့) ဘဝတစ်လျှောက်လုံးကို ပြန်ကြည့်ပြီး ကျွန်တော်တို့အပေါ်ယခုအချိန်အထိ ဘုရားသခင်လုပ်ဆောင်ပေးခဲ့သည်များကို ကျေးဇူးတင်စွာဖြင့် ချီးမွမ်းနိုင်ပါ သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ကျွန်တော်တို့၏အနာဂတ်တွင်ဖြစ်ပေါ်လာမည့်အရာများကို တွေးမိသည့် အခါ ကျွန်တော်တို့အား ယုံကြည်မှုရှိစေသည့် ဘုရားသခင်၏သစ္စာတည်ခြင်း အချိန်ကာလကို စဉ်းစားဆင်ခြင် နိုင်ရန် တွန်းအားပေးသည်။

အဆင့် (၃) – ဆာလံကျမ်းအားဖတ်ပါ။

ဆာလံကျမ်းအားလုံး (သို့) အနည်းဆုံးအခန်းကြီးတစ်ချို့တို့ကိုဖတ်နိုင်ပါသည်။ ဆာလံ ၂၇ ဖြင့် အစပြုလျှင် ကောင်းပါသည်။ ထို့နောက် ကဗျာဆရာအနေဖြင့် သူထိန်းချုပ်၍မရနိုင်သောအရာများအား အကြိမ်မည်မျှ ကိုင်တွယ်လုပ်ဆောင်ခဲ့ရသည်ကို ခြေရာခံကြည့်ပါ။ ပြောရမည်ဆိုလျှင် အများကြီးရှိပါသည်။ ထို့အပြင် ကဗျာဆရာကသူ့ကို ဘုရားသခင်၏ပြသခြင်းနှင့် ကူညီမစခြင်းတို့အတွက် ဘုရားသခင်အား မည်မျှချီးမွမ်းထား သည်ကို ဂရုပြုပါ။

အဆင့် (၄) – သူတစ်ပါးအကျိုးဆောင်နိုင်ရန် နည်းလမ်းများရှာဖွေပါ။

နူနာစွဲသူကို သခင်ယေရှုမည်ကဲ့သို့ထိတွေ့သည်ကို မှတ်မိပါသလား။ သမိုင်းတစ်လျှောက်ခရစ်တော်၏နောက် လိုက်များသည် ဤကဲ့သို့သောချစ်ခြင်းမေတ္တာနှင့်စောင့်ရှောက်ခြင်းမျိုးကို မကြာခဏပြလေ့ရှိကြသည်။ ကိုရိုနာဗိုင်းရပ်စ်သည်လည်း ထိုအတိုင်းပြုလုပ်ရန် အခြားအခွင့်အရေးတစ်ခုဖြစ်သည်။

မိမိ၏သူငယ်ချစ်တစ်ဦးနှင့်စပြီး ဘုရားသခင်အား ယုံကြည်ကိုးစားရန် အားပေးခြင်းဖြင့် စတင်နိုင်ပါသည်။ အကယ်၍ သင်သိသောသူတစ်ဦးသည် အန္တရာယ်ရှိနေခြင်း (သို့) အလွန်အန္တရာယ်ကြီးသောနေရာ၌ရှိနေသည် ဆိုပါက ထိုသူဆီသို့ရောက်အောင်သွားပြီး သူမည်သို့လုပ်ဆောင်နေသည်ကို ကြည့်ပါ။ အကယ်၍ သင်သည် အလွန်ပင်လိုအပ်နေသူကိုသိလျှင် အစားအသောက်များကိုဝယ်ပေးခြင်း (သို့) အေးခဲထားသောအသင့် စားအစားအသောက်များကို ပြုလုပ်ပေးခြင်းအားဖြင့် ထိုသူတို့အိမ်ပြင်ထွက်ဝယ်စရာမလိုအောင် သူတို့ကို ကာကွယ်ရန် ကူညီနိုင်မည့်နည်းလမ်းများကို စဉ်းစားပါ။ သင်သည် ကနဦး ဗိုင်းရပ်စ်ကူးသူဖြစ်မနေစေရန် သေချာစေပါ။ အရေးအကြီးဆုံးမှာ သင့်အားဘုရားသခင်မည်သို့လုပ်ဆောင်စေလိုသည်ကို မေးမြန်းပြီး သူဦး ဆောင်သည့်အတိုင်းလိုက်လျှောက်ပါ။

အဆင့် (၅) – ပြေးပါ။ (လေ့ကျင့်ခန်းလုပ်ပါ)

ကောင်းပါပြီ။ ဤစာရင်းသည် ကိုယ်ပိုင်ဖြည့်စွက်မှုတစ်ခုဖြစ်သည်။ သင့်အနေဖြင့် ၎င်းကိုသမ္မာကျမ်းစာထဲနဲ့ ရေးသားထားသည်ကို မတွေ့နိုင်ပါ။ သို့သော် ပြေးခြင်းသည် ကျွန်တော့်အား အထောက်အကူ ပေးခဲ့သည့် အရာတစ်ခုဖြစ်သည်။ သင့်အနေဖြင့် ပြေးရန်ကြိုက်မည်မဟုတ်ပါ။ သို့သော် ကျွန်တော့်အနေဖြင့် ပြေးခြင်းကို နှစ်သက်ပါသည်။ ကျွန်တော်စိတ်ဖိစီးမှုခံရစဉ်အခါ ပြေးလိုက်ခြင်းသည် ကျွန်တော့်ခေါင်းကိုရှင်းလင်းစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သို့မဟုတ် သင်လမ်းလျှောက်နိုင်ပါသည်။ ဒါမှမဟုတ် ပင့်တင်ခြင်း (သို့မဟုတ်) ဆန့်တန်းခြင်းလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါသည်။ ဒါမှမဟုတ် အိမ်ပတ်ပတ်လည် လမ်းလျှောက်နိုင်ပါသည်။ သင်၏စိတ်ကိုရှင်းလင်းစေမည့်အရာတစ်ခုခုအား ခဏတာလုပ်ဆောင်လိုက်ပါ။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အခြားအရာတစ်ခုကို အာရုံစိုက်ဖို့အတွက် နေရာပေးပါ။

ဤအဆင့်ငါးဆင့်သည် ကိုရိုနာဗိုင်းရပ်စ်ကို ပြုပြင်နိုင်လိမ့်မည်မဟုတ်ပါ။ ထို့အပြင် ထိုအဆင့်များသည် ကျွန်တော်၏စိုးရိမ်ပူပန်မှုများ (သို့မဟုတ်) သင်၏စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးမည့် ဖြေဆေးလည်း မဟုတ်ပါ။ စိုးရိမ်ပူပန်မှုသည် ပြန်ပေါ်လာပါလိမ့်မည်။ သို့သော် ထိုစိုးရိမ်ပူပန်မှုဝင်လာပါက ကျွန်တော်တို့ ထိုအဆင့်များအတိုင်းပြန်လုပ်နိုင်ပါသည်။ ဖိလိပ္ပိအသင်းသားများကို ကတိပေးထားသည့်အတိုင်း ကျွန်တော်တို့သည် မိမိတို့၏ စိုးရိမ်ပူပန်မှုများကို ဘုရားသခင်ထံယူဆောင်လာပါက ခရစ်တော်ယေရှု၌ ကျွန်တော်တို့၏နှလုံးသားများကို စောင့်ရှောက်လိမ့်မည်ကိုနားလည်လာစေမည့် ဘုရားသခင်၏ငြိမ်သက်ခြင်းကို ရရှိမည်ဖြစ်ပါသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်တော် အလုပ်အပြောင်းအလဲရှိခဲ့၍ စိတ်ဖိစိးမှုခံစားနေရခြင်းအကြားတွင် ရှိနေခဲ့သည်။ ကျွန်တော်ပင်လယ်ကမ်းခြေတစ်ခုတွင်ရှိနေခဲ့ပြီး ရေလှိုင်းများကိုကြည့်ရင်း ဆုတောင်းနေခဲ့သည်။ ထိုရေလှိုင်းများသည် ကျွန်တော့်အား တစ်နေရာမှတစ်နေရာသို့ရွေ့လျားသွားအောင် တွန်းပို့နိုင်လောက်သည် အထိကြီးမားကြောင်း သဘောပေါက်လာခဲ့သည်။ ထိုအချိန်တွင် ကျွန်တော့်ခေါင်းထဲ၌ သီချင်းတစ်ပုဒ်ဖြစ်လာ ရန်စကားလုံးများပေါ်ထွက်လာခဲ့သည်။ ဒီနေ့သည် ထိုသီချင်းကိုထပ်မံသီဆိုရန် ကောင်းသည့်နေ့တစ်နေ့ဖြစ်ပုံ ရပါသည်။ (ကျွန်တော်နှင့်အတူပါဝင်လိုပါက ကျွန်တော့်သံစဉ်ကို မျှဝေပို့ပေး၍မရသဖြင့် သင့်ကိုယ်ပိုင်သံစဉ် ဖြင့် ဖန်တီးသီဆိုပါဝင်နိုင်ပါသည်။)

“ဘုရားသခင်၏ငြိမ်သက်ချင်းလှိုင်းလုံးများ ကျွန်ုပ်အပေါ်လို့လှိမ့်ဆင်းလာပြီး ကျွန်ုပ်ရှိနေရမည့်နေရာသို့ ကျွန်ုပ်အား ပို့ဆောင်ပေးပါ။”

ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ကျွန်တော်တို့အား စိုးရိမ်ပူပန်ရာနေရာမှ ယုံကြည်စိတ်ချရသောနေရာတစ်ခု သို့ပို့ဆောင်ရန် လုံလောက်သောအစွမ်းရှိသည်။ ကျွန်တော်တို့သည် ကြောက်ရွံ့စိုးထိတ်မှုကို ဆက်လက်တွေ့ ကြုံခံစားရလိမ့်မည်မဟုတ်ဟု မဆိုလိုပါ။ သို့သော် ကျွန်တော်တို့၏ကြောက်ရွံ့ခြင်းသည် နောက်ဆုံးတွင် မှန်ကန်သင့်လျော်သည့် အခြေအနေသို့ရောက်ရှိပြီး ကျွန်တော်တို့ကိုချစ်တော်မူသော ဘုရားသခင်နှင့် ပိုမိုနီးကပ်စေပါတော့သည်။

စာရေးသူအကြောင်း သိကောင်းစရာ …

ဒန်နီရယ် သည် အထက်တန်းကျောင်းကတည်းမှ ချစ်သူနှင့်လက်ထပ်ခဲ့ပြီး သားသမီးသုံးဦးတို့၏ဖခင်ဖြစ်သည်။ သူသည် What’s Next: Your Dream Job, God’s Call နှင့် A Life That Sets You Free စာအုပ်တို့ကိုရေးခဲ့သည့် စာရေးသူဖြစ်ပြီး Our Daily Bread Ministries ၌ အင်တာနက်ပေါ်မှအစီအစဉ်များကို အသံဖြင့်လွှင့်ထုတ်ပေးသူတစ်ဦးလည်းဖြစ်သည်။ သူသည် Fuller Theological Seminary မှ မာစတာဘွဲ့ရရှိခဲ့ပြီး သိက္ခာရအမှုတော်ဆောင်တစ်ဦးလည်း ဖြစ်သည်။

စာမူအားလုံးဖတ်ရန်