ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ
ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
ဒုတိယနေ့
ခွင့်လွှတ်ခြင်းကျေးဇူး
ပြုမိသောဒုစရိုက်အပြစ် တစ်စုံတစ်ခုကိုမျှ သူ၌ မတင်။
– ယေဇကျေလအနာဂတ္တိကျမ်း ၃၃:၁၆
ဘူရွန်ဒီ(Burundi)နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားသောအခါ၊ သီယို(Theo)၏ ဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည်။ မုန်းတီးစိတ်ဖြင့် သူသည် အာဏာရ လူမျိုးစုဝင်ဖြစ်သော အိမ်နီးချင်း ဂျင်းနီ(Jeanne)ထံမှ ကြက်တစ်ကောင်ကို ခိုးယူခဲ့သည်။ သို့သော် တန်ဇန်းနီးယားနိုင်ငံသို့ ထွက်ပြေးပြီးနောက်၊ သူလုပ်ခဲ့သည့်လုပ်ရပ်က သူ့စိတ်ကို မငြိမ်မသက် ဖြစ်စေသဖြင့်၊ အန္တရာယ် ရှိသော်လည်း အမှားကို ပြန်လည်ပြင်ဆင်ရန် ဘူရွန်ဒီနိုင်ငံသို့ သူပြန်လာခဲ့သည်။
သီယိုက ဂျင်းနီကို တွေ့သောအခါ၊ ခွင့်လွှတ်ရန်တောင်းပန်ရင်း လျော်ကြေးအဖြစ် ငွေအချို့ပေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။ ထိုအခါ၊ ဂျင်းနီမှာ အံ့အားသင့်ခဲ့ရပြီး၊ သူမက “ကျွန်မတို့လည်း ရှင့်အဖေအိမ်ခေါင်မိုးပေါ်က သံပြားတွေကို ခိုးခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်မနဲ့ ကျွန်မမိသားစုကိုလည်း ခွင့်လွှတ်ပေးပါ” ဟု ပြန်ပြောခဲ့သည်။ နောက်ပိုင်း သီယိုက ပြန်စဉ်းစားကြည့်ရင်း “ဘုရားသခင်က အံ့ဩဖွယ်ရာ နောင်တနဲ့ခွင့်လွှတ်ခြင်းကို ဖလှယ်ဖို့ ကျွန်တော့်ကို တစ်စိတ်တစ်ဒေသ ပါဝင်စေခဲ့တာလို့ ကျွန်တော်ယုံကြည်တယ်” ဟု ပြောဆိုခဲ့သည်။
အပြစ်များမှ ခွင့်လွှတ်မှုကို ခံစားရခြင်းသည် သမ္မာကျမ်းစာတစ်လျှောက်လုံးတွင် ဘုရားသခင်ဖော်ပြသော အကြောင်းအရာဖြစ်သည်။ ပရောဖက်ယေဇကျေလမှတစ်ဆင့် ကတိပေးခဲ့သည့်အတိုင်း၊ “ဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြု”လျှင် မိမိလူမျိုး၏အပြစ်များကို ဘုရားသခင် ခွင့်လွှတ်မည်ဖြစ်သည် (ယေဇ ၃၃:၁၄)။ သူတို့သည် “ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသောဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့ လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်”ဟု ဘုရားသခင် မိန့်တော်မူခဲ့သည် (:၁၅)။
ယနေ့တွင် ဘုရားသခင်သည် ကျွန်ုပ်တို့အားလည်း ဤလွတ်မြောက်ခြင်းအခွင့်ကို ပေးသနားတော်မူသည်။ ခရစ်တော်၏ဝိညာဉ်တန်ခိုးအားဖြင့် မိမိ၏အမှားများအတွက် နောင်တရစေရန် ကိုယ်တော် ကူညီပေးလိမ့်မည်။ ထို့အပြင်၊ သခင်ယေရှု၏လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကျေးဇူးတော်ကြောင့်၊ ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များမှ လွတ်မြောက်ကြလိမ့်မည်။ သီယိုနှင့်ဂျင်းနီတို့ကဲ့သို့ပင် ကျွန်ုပ်တို့လည်း ဆေးကြောခြင်းခံရပြီး သန့်ရှင်းခြင်းသို့ ရောက်လိမ့်မည်။
ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကျေးဇူးကို သင်မည်သို့ ခံစားခဲ့ရသနည်း။ ယနေ့ တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား မည်သည့်အရာကို ယုံကြည်လက်ခံစေသနည်း။
အပြစ်ကို ခွင့်လွှတ်သောဘုရားသခင်၊ အကြီးမားဆုံးသောလက်ဆောင်ဖြစ်သည့် သခင်ယေရှု၏မေတ္တာနှင့် ကိုယ်ကျိုး စွန့်လွှတ်ပူဇော်ခြင်းကို ကျွန်ုပ်အား ပေးသနားသည့်အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်၏မေတ္တာနှင့် ကျေးဇူးတော်တို့ကို လက်တွေ့ပြသနိုင်ရန် ကျွန်ုပ်အား မစတော်မူပါ။
။
AMY BOUCHER PYE, နေ့စဥ်ခွန်အားစာရေးသူ
ယနေ့ဖတ်ရန်ကျမ်းစာ –
ယေဇကျေလအနာဂတ္တိကျမ်း ၃၃:၁၊ ၁၀-၁၆
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
