ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ
ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
တတိယနေ့
နာကြည်းမှုများကို စွန့်လွှတ်ခြင်း
သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ယှက်သောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။
– ရှင်လုကာခရစ်ဝင် ၆:၂၈
အယ်လီနာ(Elena) သည် အသက်လေးဆယ်အရွယ် သားကို ဆုံးရှုံးခဲ့ရသည်။ “ရှင့်သားက နှလုံးကွဲပြီး ဆုံးသွားတာ” ဟူသော သူမ၏ “သူငယ်ချင်း” အမျိုးသမီးတစ်ဦး၏ ရက်စက်ပြင်းထန်သည့် စကားများကြောင့်၊ ဤဝမ်းနည်းစရာအဖြစ်သည် ပိုမိုဆိုးရွားခဲ့ရသည်။ ထိုအမျိုးသမီးသည် ဘာမှမဆိုင်သော အခြားကိစ္စတစ်ခုအတွက် ဒေါသအငြိုးနှင့် ဤစကားကို ပြောခဲ့ခြင်းဖြစ်သည်။ ဆယ်နှစ်ကြာသည့်တိုင်၊ ထိုအမျိုးသမီး၏စကားကြောင့် အယ်လီနာမှာ ဒေါသဖြစ်လျက် အိပ်မပျော်နိုင်ပါ။ “ကျွန်မရဲ့နှလုံးသားထဲက နာကြည်းမှုကို ဘယ်လိုဖယ်ရှားရမလဲ” ဟု ကျွန်တော့်ကို မေးခဲ့သည်။
ရှင်ပေါလုက “ခပ်သိမ်းသောစိတ်တိုခြင်း … ကို ပယ်ရှားကြလော့”ဟု ပြောရာ၌ (ဧ ၄:၃၁)၊ မည်သို့လုပ်ရမည်ကိုလည်း ကျွန်ုပ်တို့အား လမ်းညွှန်ချက်အချို့ ပေးထားသည်။ ပြစ်မှားသူများ နောင်တရပြောင်းလဲလာရန် မျှော်လင့်ချက်ဖြင့် (:၃၂)၊ ကျွန်ုပ်တို့ ပွင့်လင်းစွာ စကားပြောသင့်သည် (:၂၅)။ သို့သော် အယ်လီနာ၏ ကိစ္စတွင်မူ၊ အကြောင်းအမျိုးမျိုးကြောင့် ပြစ်မှားသူအမျိုးသမီးနှင့် တွေ့ဆုံခွင့် မရှိသောအခါ၊ သူမအနေဖြင့် အခြားဘာလုပ်နိုင်မည်နည်း။ ကျေးဇူးတင်စရာမှာ၊ “သင်တို့ကို နှောင့်ယှက်သောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့”ဟူသော သခင်ယေရှု၏ စကားတော်အတိုင်း သူမလက်တွေ့ဆုတောင်းပေးခဲ့သည် (လု ၆:၂၈)။ ၎င်းသည် မိမိအား ထိုးနှက်သောအဖြစ်အပျက်ကို ကျော်လွှား နိုင်အောင် မစလျက် ဘုရားသခင်၏ရွေးနှုတ်ခြင်းအမှုတော်တွင် ပါဝင်စေခဲ့တော့သည် (:၃၅-၃၆)။ အယ်လီနာနှင့် ကျွန်တော်သည် ခေါင်းငုံ့လျက်၊ ကျွန်ုပ်တို့အား ခွင့်လွှတ်သော ဘုရားသခင်ကို ကျေးဇူးတင်ပြီး၊ မိမိကိုယ်ကို ပျက်စီးစေသည့် ဒေါသမှ ထိုအမျိုးသမီး လွတ်မြောက်ခြင်းရအောင် ဆုတောင်းပေးခဲ့သည်။
နောက်ပိုင်းတွင် အယ်လီနာက “ကျွန်မနှလုံးသား လွတ်မြောက်ခြင်းရပြီ” ဟု ကျွန်ုပ်အား ပြောပြခဲ့သည်။ ပြစ်မှားသူနှင့် ပြန်လည်သင့်မြတ်ရန် မဖြစ်နိုင်သောအခါ (သို့) မိမိအတွက် အန္တရာယ်ဖြစ်စေသောအခါ သူတို့၏ မတရားပြောဆို ဆက်ဆံမှုကို အတည်မှတ်ယူရန် မလိုပါ။ သူတို့အတွက် ခွင့်လွှတ်မှုကို ဆုတောင်းပေးခြင်းက ဘုရားသခင်၏ရွေးနှုတ်ခြင်းအမှုတော်တွင် ပါဝင်ခြင်းဖြစ်ပြီး၊ ဤသို့ဖြင့် ခါးသီးနာကြည်းခြင်းမှ ကျွန်ုပ်တို့လွတ်မြောက်နိုင်အောင် မစပေသည်။
လတ်တလောတွင် သင်သည် မည်သူ့နှင့် “ရိုးသားပွင့်လင်းစွာ စကားပြောဆို”ရန် လိုအပ်နေပါသနည်း။ သင့်အား ပြစ်မှားခဲ့သူများအတွက် ဆုတောင်းပေးခြင်းသည် အဘယ်ကြောင့် အရေးပါသနည်း။
သခင်ယေရှု၊ ကျွန်ုပ်အပေါ် မတရားဆက်ဆံသူများအတွက် ဆုတောင်းပေးခြင်းသည် ကျွန်ုပ်အား နာကြည်းမှုမှလည်း လွတ်မြောက်စေနိုင်သည့်အတွက် ကျေးဇူးတင်ပါ၏။
SHERIDAN VOYSEY, နေ့စဥ်ခွန်အားစာရေးသူ
ယနေ့ဖတ်ရန်ကျမ်းစာ –
ရှင်လုကာခရစ်ဝင် ၆:၂၇-၃၁
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
