ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ

ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း

 

စတုတ္ထနေ့

အချိန်ရာသီတိုင်း၌ ချစ်ခြင်းမေတ္တာ

 

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ – ရှင်ယောဟန်သြဝါဒစာပထမစောင် ၄:၁၆

လွန်ခဲ့သည့်နှစ်အနည်းငယ်က လခြမ်းပုံငွေရောင်အလှဆင်ပစ္စည်း နှစ်ခုကို ကျွန်မဝယ်ခဲ့သည်။ တစ်ခုကို ကျွန်မသိမ်းထားခဲ့ပြီး၊ ကျန်တစ်ခုကို အမေ့ ဈာပနပြီးကတည်းက ကျွန်မအား စကားသိပ်မပြောတော့သည့် အစ်မထံ ပို့လိုက်သည်။ ဝမ်းနည်းပူဆွေးလျက် ကျွန်မတို့အား အမေ မကြာခဏ ပြောလေ့ ရှိသည့် “လကမ္ဘာထိ အသွားအပြန် အဆံုးမရှိ အမေမင်းတို့ကို ချစ်တယ်” ဟူသည့် စာတန်းကို ဖတ်ကြည့်မိသည်။ မစုံလင်သော်လည်း ခြွင်းချက်မရှိသည့် အမေ့၏အကြွင်းမဲ့မေတ္တာကို ပြန်လည် အမှတ်ရလျက် အစ်မဖြစ်သူအား ထိုကဲ့သို့ နက်ရှိုင်းသောမေတ္တာမျိုး ပြသရန် ကျွန်မပျက်ကွက်ခဲ့ခြင်းကို ဆင်ခြင်မိသည်။ ထို့နောက် ဘုရားသခင်၏ ပြီးပြည့်စုံ သည့်မေတ္တာကို ပြန်လည်စဉ်းစားမိစဥ် “ကျွန်မအပေါ် ဘုရားသခင်ပြသခဲ့သည့်မေတ္တာကို အစ်မအား ဘာလို့မပြနိုင်ခဲ့တာလဲ”ဟု အတွေးဝင်ကာ၊ ဆုတောင်းလျက် သူမထံစာပို့ခဲ့သည်။ ယခုထိ ကျွန်မဆုတောင်းနေဆဲ၊ အစ်မအား လှမ်းဆက်သွယ်ဆဲ၊ စောင့်နေဆဲပင်။

အီစတာပွဲတော်သည် ကျွန်မတို့အပေါ် ထားသည့် ဘုရားသခင်၏မေတ္တာနှင့် သူ၏မေတ္တာသည် ကျွန်မတို့၏ ဆက်ဆံရေးများတွင် မည်သည့်သက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်း ဆင်ခြင်သုံးသပ်နိုင်သောအခွင့်ကို ပေးသည်။ “ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည် မှန်လျှင်၊ ငါတို့ သည်လည်း အချင်းချင်း ချစ်ရမည်”ဟု တမန်တော်ရှင်ယောဟန် ပြောခဲ့သည် (၁ ယော ၄:၁၁)။ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်တော်မူသည့် ဘုရားသခင်၏ချစ်သားသမီးများသည် ရှင်ယေရှုကို ကယ်တင်ရှင်အဖြစ်ဝန်ခံနိုင်ပြီး၊ ကိုယ်တော်ကို ကိုယ်စားပြုနိုင်သော တန်ခိုးရှိသည် (၁၂-၁၆)။ ကိုယ်တော်သည် ကျွန်မတို့အား “ရှေးဦးစွာချစ်တော်မူ သောကြောင့်”( ၁၉) ကျွန်မတို့လည်း ဘုရားသခင်နည်းတူ ချစ်နိုင်သည်။ သို့သော် ရှင်ယောဟန်က “မိမိမြင်ရသော မိမိညီအစ်ကို မချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ ချစ်နိုင်မည်နည်း”ဟု ထပ်မံပြောခဲ့သည် ( ၂၀)။

ဆက်ဆံရေးများသည် ရှုပ်ထွေးပြီး၊ ထာဝရကာလ၏ဤတစ်ဘက်ခြမ်းတွင် အမြဲပြန်ပြင်နိုင်မည် မဟုတ်ငြားလည်း၊ ကယ်တင်ရှင်ဘုရားသခင်က ကုစားပေးနိုင်သည်၊ ရွေးနှုတ်ပေးနိုင်သည်။ ထိုအချိန် ရောက်မလာမီ ကိုယ်တော်သည် ကျွန်မတို့ကို ချစ်ပြီး၊ အချိန်တိုင်း၌လည်း ချစ်နိုင်အောင် ကူမတော်မူလိမ့်မည်။

ဘုရားသခင်၏ပြီးပြည့်စုံသောချစ်ခြင်းမေတ္တာကို ဆင်ခြင်ခြင်းသည် အခြားသူများအပေါ် ထားသည့် သင်၏ ချစ်ခြင်းအပေါ် မည်ကဲ့သို့သက်ရောက်မှုဖြစ်စေသနည်း။ အားနည်းချို့ယွင်းချက်ရှိသောသင်၏ ဆက်ဆံရေးများတွင် ဘုရားသခင်၏မေတ္တာကို ဝေမျှရန် သင်ဘာလုပ်နိုင်သနည်း။

ရှင်ယေရှု၊ အချိန်ရာသီတိုင်း၌ ချစ်တတ်စေရန် မစကူညီပေးသကဲ့သို့၊ ကျွန်ုပ်ကိုလည်း ချစ်သည့်အတွက် ကျေးဇူးတင်ပါ၏။

XOCHITL DIXON, နေ့စဥ်ခွန်အားစာရေးသူ 

 

 

ယနေ့ဖတ်ရန်ကျမ်းစာ –

ရှင်ယောဟန်သြဝါဒစာပထမစောင် ၄:၁၁-၂၁

 

 

<<<စာမူအဟောင်းသို့  | စာမူအသစ်သို့>>>