ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ
ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
ပဥ္စမနေ့
ယုံကြည်စိတ်ချနိုင်သည့်ချစ်ခြင်းမေတ္တာ
ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ – ရောမသြဝါဒစာ ၅:၈
Lisa McCourt ၏ I Love You, Stinky Face (မင်းကို ချစ်တယ်။ အာပေတူးလေး) ဟူသည့် ကလေးစာအုပ်တွင် မိခင်တစ်ယောက်သည် သူမ၏သားလေးအား ချစ်သည်ဟု ပြောခဲ့သည်။ သို့သော် သားလေးတွင် မေးခွန်းများရှိသည်။ “သားက မျောက်ဖြစ်ခဲ့ရင်ရော”။ “သားလေးသာ မျောက်တစ်ကောင်ဖြစ်ခဲ့ရင် ငှက်ပျောသီးနဲ့ မွေးနေ့ကိတ်လုပ်ပေးပြီး ချစ်တယ်လို့ ပြောမယ်” ဟု သူမက အတည်ပြောခဲ့သည်။သားလေးက “ အနံ့ဆိုးဆိုးနဲ့ နံစော်တဲ့ ဖျံဖြစ်ရင်ရော“၊ “ချွန်ထက်တဲ့သွားတွေ ရှိတဲ့ မိကျောင်းဖြစ်ရင်ရော”၊ “ ဒိုင်နိုဆော ဖြစ်ရင်ရော၊ ရွှံ့ဘီလူးဖြစ်ရင်ရော”၊ ဂြိုလ်သား ဖြစ်ရင်ရော” စသည်ဖြင့် မေးပြန်သည်။ အခေါက်တိုင်းတွင် မိခင်၏ကြင်နာသောအဖြေမှာ အတူတူပင်။ သူမသည် သားလေးကို အပြည့်အဝချစ်ပေးပြီး၊ အစဉ်ဂရုစိုက်နေမည်ပင်။
ကျွန်မတို့အများစုသည် ထိုကလေးငယ်ကို နားလည်ပေးနိုင်သည်။ ဘုရားသခင်သည် ကျွန်မတို့ကို ချစ်ကြောင်း ကြားဖူးသော်လည်းကျွန်မတို့တွင် မေးခွန်းများစွာ ရှိသည်။ ချို့ယွင်းချက်များစွာ ရှိနေသည့် ကျွန်မတို့အား ဘုရားသခင် အမှန်တကယ်ပင် ချစ်နိုင်ပါသလား။
ရောမအခန်းကြီး၅ တွင် တမန်တော်ရှင်ပေါလုက ကျွန်မတို့ “အပြစ်ရှိစဉ်ပင်” ကျွန်မတို့အား ကယ်တင်ရန် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကြွဆင်းလာကြောင်း အလေးပေးဖော်ပြထားသည်(ငယ် ၈)။ ၎င်းသည် နားလည်ရခက်သည့် စစ်မှန်သောအတိုင်းအဆမဲ့မေတ္တာပင်။ “သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည်”(၇)။ ၎င်းသည် လူသားတို့တွင် တွေ့ရသည့် အကြီးမားဆုံးမေတ္တာဖြစ်သည်။
ကျွန်မတို့၌ မစုံလင်မှုများစွာရှိနေသော်လည်း ကျွန်မတို့အပေါ်ထားသည့် ဘုရားသခင်၏အချစ်သည် လျော့မသွားခဲ့ပါ။ ကိုယ်တော်နှင့် အဝေးဆုံး၌ ရှိနေချိန်မှာပင် ရှင်ယေရှုသည် ကျွန်မတို့အတွက် အသေခံပေးသည်ထိ သူ့မေတ္တာက လုံလောက်သည်။ ထိုပေးဆပ်မှုကြောင့် “ကျွန်မတို့၏ နှလုံးသားများသို့ ကိုယ်တော်၏ မေတ္တာတော်ညွှန်းလောင်းရန်” သန့်ရှင်းသော ဝိညာဉ်တော်ကို ဘုရားရှင် ပေးသနား တော်မူခဲ့သည် (ငယ် ၅)။ ထိုမေတ္တာသည် ကျွန်မတို့ အပြည့်အဝယုံကြည်နိုင်သည့် ချစ်ခြင်းမေတ္တာပင်။
အခြားသူများထံမှ ခရစ်တော်နှင့်တူသော၊ အကန့်အသတ်မရှိသောမေတ္တာကို သင်မည်သည့်အခါက ခံစားရရှိခဲ့ဖူးသနည်း။ အခြားသူများအား သူတို့အချစ်ခံနေရကြောင်း သင်မည်သို့ အတည်ပြုပြောပြမည်နည်း။
ချစ်တော်မူသောအဘဘုရား၊ သခင်ခရစ်တော်ကြောင့် ကိုယ်တော် ကျွန်ုပ်အား အမှန်ချစ်သလားဟု တွေးရန်ပင် မလိုသည့်အတွက် ကျေးဇူတင်ပါ၏။ ကိုယ်တော်၏မေတ္တာ၌ နားခိုနိုင်ရန် ကျွန်ုပ်အား ကူမတော်မူပါ။
MONICA LA ROSE, နေ့စဥ်ခွန်အားစာရေးသူ
ယနေ့ဖတ်ရန်ကျမ်းစာ –
ရောမသြဝါဒစာ ၅:၁-၁၀
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
