ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ
ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
ဆဋ္ဌမနေ့
ကရုဏာတော်၏တန်ခိုး
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
– ရှင်လုကာခရစ်ဝင် ၂၃:၄၃
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေယာဉ်မှူး ချားလ်စ်ဘရောင်းသည် မစ်ရှင်တစ်ခုမှ ပြန်လာစဥ်၊ သူ၏ B-17 လေယာဉ်မှာ ပျက်စီးလျက်၊ ဂျာမနီ နိုင်ငံ၏ဝေဟင်တွင် ဒယိမ်းထိုး ပျံသန်းနေသည်။ ဘရောင်းသည် လေယာဉ်ပြတင်းမှ လှမ်းကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။ လေယာဉ်တောင်ပံ၏ သုံးပေအကွာတွင် ဂျာမန်တိုက်လေယာဉ်တစ်စင်းက ပစ်ခတ်ရန် အသင့်စောင့်နေသည်။ “ဒါဟာ အိပ်မက်ဆိုးပဲ”ဟု ဘရောင်း၏တွဲဘက် လေယာဉ်မှူးက ပြောသည်။ ဘရောင်းသည် ဂျာမန်လေယာဉ်မှူး၏ မျက်လုံးများကို မြင်လိုက်ရသည်။ ထို့နောက် ဖြစ်ပျက်ခဲ့သည်အရာမှာ အံ့သြစရာပါ။ ဂျာမန်လေယာဉ်မှူးသည် သေနတ်မောင်းမဖြုတ်ဘဲ၊ ဘရောင်းအား ခေါင်းညိတ်ပြပြီး B-17 လေယာဉ်အား ဂျာမန်ဝေဟင်ပိုင်နက်တစ်လျှောက် လိုက်ပါပို့ဆောင်ကာ ပစ်ချခံရမည့်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ဘရောင်းသည် သူ့အား အသက်ချမ်းသာပေးခဲ့သော ဂျာမန်လူမျိုးကို ရှာဖွေရန် ထွက်ခွာခဲ့သည်။ မှတ်မှတ်ရရ သူသည် ကရုဏာရှင် ဖရန့်ဇ်စတစ်ဂလာကို ရှာတွေ့ခဲ့ပြီး၊ ထိုအမျိုးသားနှစ်ဦး တွေ့ဆုံသောအခါ သူတို့သည် တစ်ဦးနှင့်တစ်ဦး ဖက်ရင်း ငိုကြွေးခဲ့ကြသည်။
အသက်ကယ် ကရုဏာကို ကားတိုင်ထက်မှ သူခိုးလည်း ကြုံတွေ့ခဲ့သည်။ သူသေရတော့မည်ဖြစ်သော်လည်း သူ၏အပြစ်များအတွက် ထာဝရကရုဏာတော်ကို ယေရှုပေးစွမ်းနိုင်ကြောင်း သူနားလည်လျက်၊ “ နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ”ဟု သူလျှောက်ခဲ့သည်(လု၂၃:၄၂)။ “ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်”ဟု(:၄၃) မိန့်တော်မူလျက် သူ့အား ကရုဏာတော်ကို သခင်ပေးသနားခဲ့သည်။ ယေရှုကို ယုံကြည်သူ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ မေတ္တာ ကရုဏာတော်ကြောင့် ထိုနည်းတူ ကယ်တင်ခြင်း ခံရကြောင်း သိပါ၏။
သို့သော် အခြားသူများအပေါ် ကျွန်ုပ်တို့ ကရုဏာပြသပါသလား။ ကရုဏာတော်၏တန်ခိုးသည် လက်ဝါးကပ်တိုင်ပေါ်၌ ရှင်ယေရှုပြုခဲ့သည့်အမှုမှ ထွက်ပေါ်လာသည်။ ဧဖက်ဩဝါဒစာတွင် “ဘုရားသခင်သည် ခရစ်တော်ကြောင့် [ငါတို့]အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့”ဟုအကြံပေးထားသည် (ဧ ၄:၃၂ )။ ယနေ့ တွင် အခြားသူများအပေါ် ကရုဏာတော် တိုးချဲ့ပြသနိုင်စေရန် ဘုရားသခင် ကူမတော်မူပါစေ။
သင့်ဘဝ၏မည်သည့်ဆက်ဆံရေးတွင် ကရုဏာတော်တန်ခိုး လိုအပ်နေသနည်း။ သင့်အပေါ် မကောင်းကြံခဲ့သူအား သင်မည်သို့ ကရုဏာထားနိုင်မည်နည်း။
ချစ်သောဘုရားသခင်၊ လက်ဝါးကပ်တိုင်ပေါ်တွင် ဘုရားသားတော်အသေခံပေးခြင်း အားဖြင့် ကရုဏာတော်ကို ကျွန်ုပ်ရရှိခဲ့ခြင်းကြောင့်၊ ကျွန်ုပ်သည်လည်း ကိုယ်တော့်အား အတုယူကာ အခြားသူများအပေါ် ကရုဏာပြနိုင်စေရန် ကူမတော်မူပါ။
KEN PETERSEN, နေ့စဥ်ခွန်အားစာရေးသူ
ယနေ့ဖတ်ရန်ကျမ်းစာ –
ရှင်လုကာခရစ်ဝင် ၂၃:၃၂-၄၃
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
