ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ
ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
သတ္တမနေ့
သခင်ယေရှု ကယ်တင်ခဲ့သည်
မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကို နုတ်၍၊ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
– ကောလောသဲသြဝါဒစာ ၁:၁၃
မင်းသား ကလင့်အိစ်ဝု ပါဝင်သရုပ်ဆောင်သည့် Gran Torino ဇာတ်ကားတွင် စစ်ပြန်ဝေါ့လ်ထ်သည် ဒေသခံဂိုဏ်းတစ်ခုက အတင်းအကြပ်စေခိုင်းကာ ကားခိုးခိုင်း၍ သူ့ကားကို ခိုးယူရန်ကြိုးစားနေစဥ် ဖမ်းမိခဲ့သည့် သာအိုအမည်ရှိ ဆယ်ကျော်သက်လူငယ်လေးနှင့်မိတ်ဆွေဖြစ်ခဲ့သည်။ ထိုဂိုဏ်းက ထိုဝန်းကျင်၌ ကျင်လည်နေ၍ သာအို၌ အနာဂတ်မရှိကြောင်း ဝေါ့လ်ထ်တွေ့သောအခါ ထိုဂိုဏ်းကို ဖယ်ရှားရန် အကြမ်းဖက်နည်းသုံးခဲ့သည်။ သို့သော်လည်း ရလဒ်က ဆိုးဝါးခဲ့သည်။
နည်းလမ်းပြောင်းရမည်ကို သိမှတ်လျက်၊ တစ်ညတွင် ထိုဂိုဏ်းတည်ရှိသည့်အိမ်သို့ ဝေါ့လ်ထ်သွားခဲ့သည်။ လူရမ်းကားများက သူ့ကို သေနတ်နှင့်ချိန်ထားစဥ် သူက ဖြည်းဖြည်းချင်း သူ့ကုပ်အင်္ကျီထဲ နှိုက်ကာ၊ လက်နက် တစ်ခုခုထုတ်လိုက်သကဲ့သို့ ဂျာကင်အင်္ကျီမှ လက်ထုတ်လိုက်ရာ ကျည်ဆံ မိုးကြီးရွာကျလာပြီး လက်ရှေ့ဆန့်လျက် မြေပေါ်သို့ သူလဲကျသွားသည်။ ထို့နောက် ရဲများရောက်လာပြီး လူရမ်းကားများကို ဖမ်းခေါ်သွားခဲ့၍၊ ၎င်းတို့၏အနိုင်ကျင့်မှုမှ သာအို လွတ်မြောက်ခဲ့တော့သည်။
ဝေါ့လ်ထ်၏လုပ်ရပ်က ကားတိုင်အကြောင်းတစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ပြနေသည်။ သာအိုကဲ့သို့ ကျွန်ုပ်တို့ သည် ဆိုးညစ်သောမှောင်မိုက်တန်ခိုး၏ဖိစီးဖျက်ဆီးမှုအောက်၌ ရှိနေကြသည်(ဧ ၆:၁၂)။ သို့သော် သခင်ယေရှုက ကျွန်ုပ်တို့အတွက် ကိုယ်ကို ပူဇော်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို “မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကို နုတ်၍ ချစ်တော်မူသောသားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ”သဖြင့် (ကော ၁:၁၃)၊ ထိုအမှောင်တန်ခိုး ကျရှုံးပြီး ချုပ်နှောင်ခံရတော့သည်(၂:၁၅)။ သခင်ယေရှုသည် အကြမ်းဖက်နည်းလမ်းဖြင့် ကျွန်ုပ်တို့ကို မလွတ်မြောက်စေဘဲ၊ ကျွန်ုပ်တို့ကိုယ်စား ဆိုးညစ်မှုသို့ တိုးဝင်ခဲ့သည်။ ယခုတွင် မိမိဖြစ်တည်ရမည့်ပုံစံအတိုင်း ကျွန်ုပ်တို့ ဖြစ်လာနိုင်ပြီဖြစ်သည်(၁၀-၁၁)။
ဝေါ့လ်ထ်သည် ပြီးပြည့်စုံသူ မဟုတ်ပါ။ သို့သော် သူ၏နောက်ဆုံး ကိုယ်ကျိုးစွန့်သောလုပ်ရပ်က ကားတိုင်ပေါ်၌ ကိုယ်ကိုယ်ကိုယ်စွန့်လျက် လောကီမှောင်မိုက်၌ အစိုးတရပြုသည့် အာဏာစက်လက်မှ ကျွန်ုပ်တို့အား အပြစ်နှင့် ကင်းစင်သည့် သခင်ယေရှု ကယ်နုတ်ခြင်းအမှုကို ထင်ဟပ်ဖော်ပြ နေတော့သည်။
ယနေ့တွင် သင် (သို့) သင်ချစ်ရသူတစ်ဦးဦးသည် မည်သည့်အမှောင်တန်ခိုးမှ ကယ်နုတ်ခံရရန် လိုအပ်နေသနည်း။ သင့်အသက်တာ၌ သခင်ယေရှု၏ဦးဆောင်မှုကို မဝန်ခံရသေးပါက မည်သည့်အရာက သင့်ကို တုံ့နှေးစေသနည်း။
သခင်ယေရှု၊ ကျွန်ုပ်အတွက် အသေခံပြီး၊ အမှောင်တန်ခိုးမှ ကျွန်ုပ်ကို ကယ်တင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါ၏။
Sheridan Voysey, နေ့စဥ်ခွန်အားစာရေးသူ
ယနေ့ဖတ်ရန်ကျမ်းစာ –
ကောလောသဲသြဝါဒစာ ၁:၉-၁၄
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
