ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ
ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
နိဂုံး
ထမြောက်ရှင်ပြန်လျက် ရန်ငြိမ်းစေပြီ
အိမ်အောက်ထပ်မှ ကြားနေကျမဟုတ်သည့် ဆူညံသံများကို ကြားလိုက်ရ ပြီးနောက် ကြမ်းပြင်ပေါ်၌ ပုံကျလဲနေသည့် ခင်ပွန်းကို တွေ့လိုက်ရ၍ စာရာ တုန်လှုပ်သွားသည်။ နှလုံးသွေးကြောပိတ်ပြီး တစ်ကိုယ်လုံး ပြာနှမ်းနေသည်။ စာရာမှာ ဆောက်တည်ရာမရ ဆုတောင်းရင်း၊ ၉၁၁ အရေးပေါ်ဖုန်းခေါ်ရင်း၊ နှလုံးနှိုးရန် မည်သို့လုပ်ရမည်ကို တစ်ဘက်က ပြောသည့်အတိုင်း လိုက်လုပ်သည်။ နှလုံးနှိုးသည့်ရည်ရွယ်ချက်မှာ ကျွမ်းကျင်သည့် အကူအညီမရမီစပ်ကြား ခန္ဓာကိုယ်ရှိ အင်္ဂါ များနှင့် ဦးနှောက် ဆက်အလုပ်လုပ်နိုင်ရေး ထိန်းထားရန် အောက်စီဂျင် မပြတ်အောင် လုပ်ဆောင်ရန်ဖြစ်သည်။ နှလုံးနှိုးခြင်းသာမက ပြင်ပမှလည်း အကူအညီလိုသည်။ စိုးကြောက်စိတ်နှင့်ရှုပ်ထွေးမှုများကြားတွင် “ဘုရားသခင်၊ ကိုယ်တော် တစ်ပါးတည်းသာ သူ့ကို ပြန်ရှင်စေနိုင်ပါတယ်”ဟု စာရာ ဆုတောင်းမိသည်။
အရေးပေါ်ကုသရေးအဖွဲ့ အလျင်အမြန်ရောက်လာသောအခါ ကရိယာများ အကူအညီဖြင့် နှလုံးပုံမှန်ခုန်အောင် နှိုးဆွနေသည့် တစ်ချိန်တည်းမှာပင် လူနာကိုဆေးရုံသို့ အမြန်ခေါ်ဆောင်သွားကြသည်။ စာရာမှာ စောင့်ဆိုင်းရင်း ဆုတောင်းရန်သာ တတ်နိုင်သည်။ သူမ၏စိတ်၌ “ဘုရားသခင်ပဲ တတ်နိုင်တယ်”ဟု တွေးနေဆဲပါ။ အဆုံးတွင် နှလုံးပုံမှန်အခြေအနေသို့ ပြန်ရောက်ပြီ ဟူသည့် သတင်းကောင်းကို ကြားခဲ့ရသည်။ သူစိတ်နှင့်ခန္ဓာမှာ အပြည့်အဝ တုံ့ပြန်မှု ရှိခြင်းက အံ့ဩစရာဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းကရုဏာဖြင့် သူ့ကို အသက်ပြန်ရှင်စေခဲ့သည်။
ပျောက်ပျက်လွယ်သောရုပ်ခန္ဓာဖြင့် မည်သူမျှ မရှင်သန်လိုသော်လည်း ဝိညာဥ်ကျမ်းမာရေးအတွက် အချိန်မပေး ဂရုမစိုက်ဘဲ ကျွန်ုပ်တို့ ရှင်သန်နေကြသည်။ သခင်ယေရှုကို ယုံကြည်သည့် ကနဦးယုံကြည်သူများအား ရှင်ပေါလုက ဘုရားသခင်၏ကျေးဇူးတော်နှင့်ကင်းကွာလျှင် ကျွန်ုပ်တို့သည် ဝိညာဥ်ရေးရာ၌ အသေ ဖြစ်ကြောင်း သတိပေးခဲ့သည်(ဧ ၂:၅)။ ဘုရားသခင်၏စုံလင်သောဥပဒေသ (သို့) ပညတ်တော်များကို မနာခံခြင်းက ဝိညာဥ်ရေးရာ သေခြင်းကို ဖြစ်စေပြီး၊ ရုပ်ပိုင်းသေခြင်းထက် ပိုအရေးကြီးပါသည်။ အဓိပ္ပာယ်မှာ ဘုရားသခင်၏ရန်သူဖြစ်ခြင်းကို ဆိုလိုသည်(ရော ၅:၁၀)။
ရှင်ပေါလုက “ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏(စံမီ)။ (လောဘစိတ် မရှိစေနှင့်)ဟု ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏” (၇:၉-၁၀)။ အပြစ်တရား၌ သေခြင်းဆိုသည်မှာ ဝိညာဥ်ရေးနှလုံးခုန်မှုမရှိသည့် အဓိပ္ပာယ်ဖြစ်သည်။ လူ၏အားထုတ်ကြိုးစားမှု
မည်သည့်အရာကမျှ ထိုနှလုံးကို မနှိုးဆွနိုင်ပါ။ ဝိညာဥ်ရေး၌ သေနေသည့် နှလုံးသားကို ရှင်စေရန် ဘုရားသခင် တစ်ပါးတည်းသာ ပြုပေးနိုင်ပြီး၊ ပြုလည်း ပြုပေးခဲ့ပါသည်။
တမန်တော်ကြီးက “ငါတို့သည် အကျိုးနည်းရှိစဥ်တွင် အချိန်တန်မှခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏”ဟု သက်သေခံသည် (၅:၆)။ ဘုရားသခင်၏ပညတ်ဥပဒေသများကို သခင်ယေရှု မချိုးဖောက်ခဲ့သော်လည်း ရာဇဝတ်မှုကျူးလွန်သူခံရသည့်စီရင်ချက်ဖြင့် အသေခံခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်အဖိုးအခကို ခရစ်တော်၏ပုခုံးထက်၌ တင်ခဲ့ပြီး၊ သူ၏ ဖြောင့်မတ်ခြင်း (သို့) ကိုယ်ကျင့်တရားစံနှုန်းမှန်ကန်ခိုင်မာခြင်းကို သူ့အား ယုံကြည်မည့်သူများ အတွက် လွှဲပြောင်းပေးခဲ့သည်။ ရှင်ပေါလုကလည်း ယုဒလူမျိုးတို့ အလွန်ရိုသေလေးမြတ်သည့် ဘိုးဘေးကြီး အာဗြံဟံ၏ “ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏”ဟု ထောက်ပြခဲ့သည်(၄:၂၂)။ အာဗြံဟံအား ဖြောင့်မတ်ရာသို့ရောက်စေသည်ဟုဆိုရာ၌ အာဗြံဟံတစ်ဦးတည်း၏အကျိုးအတွက် မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့၏အကျိုးအတွက်လည်း ဖြစ်ကြောင်း “ငါတို့သခင်ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောသူ”(ဘုရားသခင်)ကို (:၂၃-၂၄)၊ ယုံကြည်လျှင် ကျွန်ုပ်တို့ကိုလည်း ကိုယ်တော်သည် ဖြောင့်မတ်ရာ၌ တည်စေမည်ဖြစ်ကြောင်း အာမခံလျက် မှတ်တမ်းတင်ထားသည်။
ရှေးကနဦး ယုံကြည်သူတို့အနေဖြင့် ခရစ်တော်အားဖြင့်ဖြစ်သော အသက်သစ်နှင့်စပ်လျဥ်း၍ အပြည့်အစုံ နားလည် သဘောပေါက်ရေးက ရှင်ပေါလုအတွက် အရေးကြီးသည်။ အသက်တာသစ်သည် သခင်ယေရှု၏ အသေခံခြင်းသာမက ရှင်ပြန်ထမြောက်ခြင်း၌ပါ အခြေခံသည်။ “ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။ အကြောင်းမူကား ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာရှိ၏”(၅:၉-၁၀)။ ဝိညာဥ်ရေးရာ နိုးထရှင်သန်သူ – ခရစ်တော်၌ ထမြောက်သူသည် ဘုရားသခင်၏မိတ်ဆွေဖြစ်လာပြီး(:၁၁)၊ ခရစ်တော်၌ “ခပ်သိမ်းသော ဓမ္မမင်္ဂလာ”ကို ခံကြရသည်(ဧ ၁:၃)။
ခရစ်တော်အားဖြင့် အသက်တာသစ်ကို လက်ခံရယူပြီးနောက် ကောင်းမွန်သော ဝိညာဥ်ရေးရာအသက်တာသည် မည်သည်နှင့်တူသနည်း။ ၎င်းသည် မရိုးရှင်းသလို လွယ်ကူသည့်အရာလည်း မဟုတ်ပါ။ တစ်စတစ်စ ယိုယွင်းပျက်စီးလာသည့် လောကကမ္ဘာ၌ ယုံကြည်သူများသည် ဝိညာဥ်ရေးရာ၌ ရှင်သန်သူများဖြစ်ပြီး၊ နာကျင်မှု၊ ဒုစရိုက်နှင့် ဝမ်းနည်းကြေကွဲစရာများကို ဆက်ခံစားရဦးမည် ဖြစ်သည်။ ၎င်းကို ရှင်ပေါလုက ကိုယ်တွေ့သိမြင်နားလည်ခဲ့ပြီး၊ “ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်း၊ … သက်သေထင်ရှားခြင်း၊ … မျှော်လင့်ခြင်းကို ပြုစုတတ်၏”(ရော ၅:၃-၄)ဟု အားပေးခဲ့သည်။ ဤကဏ္ဍ၌ အခြားယုံကြည်သူများ ကြီးထွားလာသည်ကို မြင်ရသောအခါ “သန့်ရှင်းသော ဝိညာဥ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွှန်းလောင်း”ကြောင်း (:၅)နားလည်ရသည်။
အသက်သစ်တည်းဟူသော ဘုရားသခင်၏လက်ဆောင်သည် အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် သက်ရောက်မှုကို ဖြစ်စေသည်။ လူ့အမြင်၌ လူအချို့၏ဘဝက ရှုပ်ထွေးလွန်းသည်၊ နာကျင်လွန်းသည်၊ အနာငြိမ်းခြင်းနှင့် သဟဇာတဖြစ်ခြင်းကို ခံစားရရန် အလှမ်းဝေးလွန်းသည်ဟု ထင်ရသည်။ ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားတို့ထံရေးသည့်စာတွင် ရှင်ပေါလုက “(ထိုသခင်သည်) ရန်ကိုငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တစ်ဦး တစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင်၍၊ တစ်လုံးတစ်ဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်”ခဲ့ပြီဟု (ဧ ၂:၁၆) အလေးအနက် ရေးသားခဲ့သည်။ သခင်ယေရှုသည် ယုံကြည်သူများကို ယနေ့ထိတိုင် အတူစုစည်း ပေါင်းစည်းစေပါသည်။ ထိုသို့ဆိုရာ၌ ပဋိပက္ခများကိုလျစ်လျူရှုရမည်၊ နာကျင်စရာများကို ဖော့ပြောရမည်၊ ဘဝတစ်လျှောက်လုံးတွင် ပေါင်းသင်းဆက်ဆံရေး မှန်သမျှ ပြေလည်စေမည်ဟု မဆိုလိုပါ။ ထိုအရာများ ရှိသည့်တိုင် “ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကို ထောက်သော် ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်” (ရော ၈:၁၈) ဟူသည့်ကတိတော်ကို ကျွန်ုပ်တို့ခိုင်မာစွာ ကိုင်စွဲထားနိုင်သည်။ အသက်သစ်က အမြင်သစ်ကို ပေးပါသည်။
ယခင်က ကျွန်ုပ်တို့သည် အပြစ်၌ သေနေပြီး၊ ယခုတွင် ကျွန်ုပ်တို့သည် “အပြစ်တရားမှစုတေ့”ကြပြီဖြစ်သည်(၆:၂)။ ကျွန်ုပ်တို့သည် “အပြစ်တရား၏အစေကို မခံ” မည့်အကြောင်း (:၆)၊ တုံ့ပြန်မှုမဲ့သည့်နှလုံးသားသည် ခရစ်တော်နှင့်အတူ “လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံပြီ”ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူများအနေဖြင့် ဘုရားသခင်၏ပြီးပြည့်စုံသည့်ပညတ်တော်ကို နာခံရန် စေစားခံရသည်။ ၎င်းကို တစ်ဘဝလုံး ကြိုးစားလိုက်လျှောက်ရမည်၊ ကျရှုံးမှုကို ကြုံရမည်ဖြစ်လည်း တစ်ဖန် ထပ်မံကြိုးစားရမည်ဖြစ်သည်။ သို့သော် မိမိဘာသာကြိုးစားရန် ကျွန်ုပ်တို့၏နှလုံးသားကို ဘုရားရှင် နှိုးဆွခဲ့သည် မဟုတ်ပါ။ အချိန်တိုင်းတွင် ကျွန်ုပ်တို့ကို ကျမ်းစာအားဖြင့်၊ ယုံကြည်သူမိသားစုဝင်များအားဖြင့်၊ သူ၏ဝိညာဥ်တော်အားဖြင့် ဘုရားရှင် ပဲ့ပြင်ပို့ဆောင်နေပါသည်။ မိမိခွန်အားဖြင့် ကျွန်ုပ်တို့ မလုပ်နိုင်၊ သို့သော် ဘုရားသခင် လုပ်နိုင်သည်။ ယနေ့တွင် ကျွန်ုပ်တို့အယောက်စီတိုင်း အသက်သစ်ကို ရယူနိုင်သည်။ “အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား အသေဖြစ်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း ကိုယ်ကိုယ်ကိုယ် ထင်မှတ်ကြ”ရန်ပင်ဖြစ်သည်(:၁၁)။
KAREN PIMPO, နေ့စဥ်ခွန်အားစာရေးသူ
