ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ

ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း

 

နိဒါန်း

မထင်မှတ်သော  အံ့ဖွယ်ကြားဝင်လာမှု

 

ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက် လောကီသားတို့၏အပြစ်များကို မှတ်တော်မမူ၊
ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ – ကောရိန္သုသြဝါဒစာဒုတိယစောင် ၅း၁၉.

လွန်ခဲ့သောနှစ်ပေါင်း ၃၀ က ဥပုသ်စာဖြေကျောင်းအတန်း၌ ဆရာမ ချိတ်ဆွဲခဲ့သည့် ပိုစတာတစ်ခုကို ယခုတိုင် ကျွန်မမှတ်မိနေသည်။ ပိုစတာ၌ တောင်နှစ်လုံးပုံ ရေးဆွဲထားပြီး၊ တောင်တစ်လုံး၌ ‘ဘုရားသခင်’ဟု ရေးထားပြီး၊ အခြားတောင်မှာ ‘လူသား’ ဟူ၍ ရေးထားသည်။ တောင်နှစ်လုံးအကြားတွင် ကျောက်ကျင်းကြီးနှင့်တူသည့် ချောက်ကြီးရှိသည်။ ထို့နောက် ကလေးများအား ယေရှု၏နာမရေးထားသည့် စာရွက်ကို တောင်နှစ်လုံးကြားကွက်လပ်၌ ကပ်ခိုင်းသည်။ထိုစာရွက်များသည် လူနှင့်ဘုရားသခင်ကို ဆက်သွယ်ပေးသည့် တံတားကို ပုံဆောင်ပါသည်။

ထိုအဖြူအမဲရုပ်ပုံကို စူးစိုက်ကြည့်ရင်း သခင်ယေရှုသည် ကျွန်မတို့နှင့်ဘုရားကို ဆက်သွယ်ပေးသောတံတား ဖြစ်ကြောင်း ကျွန်မသဘောပေါက်ခဲ့သည်။ ထိုရုပ်ပုံကားချပ်ကဲ့သို့ပင် ကိုယ်တော်မပါရှိလျှင် လူသားများသည် ဘုရားနှင့် ကင်းကွာနေပါသည်။ သန့်ရှင်းသောဘုရားနှင့် ပျက်စီးသောလူသားများကြားတွင် အဆုံးမရှိ နက်ရှိုင်းသောချောက်ကြီး ခံနေပါသည်။

လူသားဘဝက ရှုပ်ထွေးသည်။ အံ့ဩမကုန်နိုင်အောင် နက်နဲရှုပ်ထွေးစေကာမူ ကျွန်မတို့ကို ဘုရားသခင်နှင့် ဝေးကွာသွားစေသည့် အတ္တ၊ လောဘ၊ မာန်မာန၊ ဆိုးညစ်သောအလိုဆန္ဒနှင့် ရုပ်တုများက ပေါက်ထွက်မတတ် ရုန်းကြွနေသည်။ မည်မျှပင် ကောင်းအောင်ကြိုးစားစေကာမူ အပြစ်တရားကြောင့် ကျွန်မတို့အတွင်း၌ အနာအဆာများက နက်နဲစွာ ကိန်းအောင်းရှိနေ သည်။ ၎င်းသည် ကျွန်မတို့ကို သန့်ရှင်းသောဘုရားသခင်နှင့် ကွဲကွာစေပါသည်။ ဘုရားသခင်သည် ပြီးပြည့်စုံစွာ သန့်ရှင်းမြင့်မြတ်ပေရာ၊ အပြစ်တရားက ကိုယ်တော်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ မထင်မှတ်သော အံ့ဖွယ်ကြားဝင်လာမှု မရှိလျှင် အပြစ်တရားသည် ကျွန်မတို့ကို ဘုရားသခင်နှင့် ထာဝရ ကင်းကွာစေမည်ဖြစ်သည်။

သားတော်ယေရှုပြုသောအမှုအားဖြင့် မထင်မှတ်သောအံ့ဖွယ်ကြားဝင်လာမှုကို ပြင်ဆင်ပေးခဲ့သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤလောကသို့ ယေရှုမကြွလာမီ နှစ်ထောင်ပေါင်းများစွာက ရေးသားခဲ့သည့်သမ္မာကျမ်းစာ၏ အစောဆုံးအပိုင်းအချို့တွင် ဤကြားဝင်လာမှု၏ အရိပ်သဲလွန်စများကို တွေ့ရပါသည်။

ဤသဲလွန်စများကို ဓမ္မဟောင်းကျမ်းရှိ ဝတ်ပြုရာကျမ်းတွင် တွေ့ရှိရခြင်းက  ထူးဆန်းသည်။ ထိုကျမ်းသည် ရှေးပဝေသဏီက လူများအတွက် ရေးထားသည့် ပညတ်တော်၊ စည်းကမ်း၊ လမ်းညွှန်ချက် တစ်ပုံတစ်ခေါင်းဖြစ်သည်။ သို့သော် ထိုကျမ်း၌ မည်သို့ဘဝရှင်သန်နေထိုင်ရမည်ကို သူ့လူတို့အား သွန်သင်သည့် ဘုရားသခင်၏ညွှန်ကြားချက်များပါရှိသည်။ ဤညွှန်ကြားချက်များက ယေရှုကို ညွှန်ပြနေသည်။

ဣသရေလူတို့၏အပြစ်ကို ဖြေရန် ယဇ်ပရောဟိတ်မင်း ဘာလုပ်ရမည်ကို ဘုရားသခင်က မောရှေအားဖြင့် မိန့်ကြားသည်။ ယဇ်ပရောဟိတ်မင်းသည် သိုးနှစ်ကောင်ကိုယူပြီး “လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ် ဆိတ်ကိုသတ်”ရမည် (ဝတ် ၁၆:၁၅)။ ထို့နောက် ဒုတိယဆိတ်ကို ယူပြီး၊ “အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကို ဆိတ်ခေါင်းပေါ်မှာ တင်ထား”ရမည်(:၂၁)။ ဤသို့ဖြင့် လူတို့၏အပြစ်ကို ဆိတ်ခေါင်းပေါ်သို့ လွှဲချရမည်။ ထို့နောက် “သူတို့အပြစ်ရှိသမျှကို လူမနေသောအရပ်သို့ ဆောင်သွားသောထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်”(:၂၂)။

ထိုဆိတ်နှစ်ကောင်သည် တစ်နေ့တွင် သခင်ယေရှု ကျွန်ုပ်တို့အတွက်ပြုပေးမည့်အမှုအရာကို ပုံဆောင်သည်။ ဘုရားသခင်၏သားတော်သည် လောက၏အပြစ်ကို ဆောင်ယူရန် လူ့ဇာတိခံယူခဲ့သည်။ အပြစ်ပယ်ရှားရန်အတွက် ယဇ်ပူဇော်စရာများကို ပုံမှန်ယူဆောင်လာရန် မလိုတော့ပါ။ သခင်ယေရှုအားဖြင့် ထိုကိစ္စကို ဖြေရှင်းပြီး
ဖြစ်သည်။ ကိုယ်တော်သည် အပြစ်နှင့်ကင်းစင်သူဖြစ်သော်လည်း သင်နှင့်ကျွန်ုပ်အတွက် အပြစ်ရှိသောသူ ဖြစ်ခဲ့သည်။ လူသားတစ်ရပ်လုံးကို သန့်ရှင်းမြင့်မြတ်သောဘုရားသခင်ထံ ကိုယ်တော်ပြန်လည် ယူဆောင်ခဲ့သည်။ သူ့အား ယုံကြည်ကြောင်း ယုံကြည်သူလူသစ်တစ်ဦးချင်းစီတို့ ဝန်ခံသည့် အချိန်တိုင်းတွင် ရန်ပြေငြိမ်းခြင်းအမှုတော်ကို ကိုယ်တော်ဆောင်ရွက်ဆဲဖြစ်သည်။

ကားတိုင်၌ သခင်ပြုသောအမှုတော်သည် ရန်ငြိမ်းခြင်းတရားဖြစ်သည်။ သခင်ယေရှုသည် ကျွန်မတို့အား ဘုရားသခင်ထံသို့ ရဲဝံ့စွာ တိုးဝင်နိုင်စေသည့် အပြစ်ချောက်နက်ကြီးပေါ်မှ တံတားတစ်စင်းဖြစ်သည် (ဟေဗြဲ ၄:၁၄-၁၆)။

ယေရှုတည်းဟူသော လက်ဆောင်မွန်အတွက်၊ ဘုရားပြင်ဆင်ပေးသော ပြန်လည်ဆက်သွယ်မှုအတွက်  ဘုရားသခင်အား ကျွန်မတို့ ဘာနှင့်မျှ ပြန်လည်မပေးဆပ်နိုင်ပါ။ သို့သော်လည်း ဝမ်းမြောက်စွာ ကျေးဇူးတင်လျက်၊ ဘုရားသခင်၏လက်ဆောင်နှင့် ယေရှု၏စွန့်လွှတ်ပေးဆပ်မှုကို သတိရအောက်မေ့လျက်၊ မိမိဘဝကို ရှင်သန်နိုင်သည်။ အားထုတ်လျက် မိမိကို ကျိုးပဲ့ကြေကွဲစေသူများနှင့် ငြိမ်းချမ်းရေး ပြန်လည်ရယူနိုင်သည်။ ကျွန်မတို့ကို ဘုရားသခင်နှင့် ပြန်လည်ပေါင်းစည်းစေသည့် တံတားကို ချီးမြှောက်သည့်အနေနှင့် မေတ္တာနှင့် အစေခံမှုအားဖြင့် ဤလောက၏ ပျက်စီးသောအစိတ်အပိုင်းများကို မိမိကိုယ်ကို တံတားဖြစ်စေလျက် ကျွန်မတို့ ချိတ်ဆက်ပေးနိုင်ပါသည်။ ကျွန်မတို့၏တံတားအဖြစ်တည်ရှိသည့်သခင်ယေရှု၏ပုံရိပ်က ကွဲကွာ ဝေးကွာမှုများကို ပြန်လည်ချိတ်ဆက်ပေးသည့်တံတားဖြစ်ရန် ကျွန်မတို့ကို သတိပေးပါစေ။

ရန်ငြိမ်းပြေလည်ခြင်းဆိုသည်မှာ ပြန်လည်ပေါင်းစည်းခြင်း၊ ရုပ်လုံးသစ်ဖော်ခြင်း၊ ပြန်လည်ချိတ်ဆက်ခြင်း၊ ခွင့်လွှတ်ခြင်းဖြစ်သည်။ ၎င်းသည် ချောက်၊ အကွေ့၊ ဝေးကွာမှုများအတွက် လမ်းခင်းပေးသော တံတားဖြစ်သည်။ ရန်ငြိမ်းပြေလည်ခြင်းက ကျိုးပဲ့ပျက်စီးသောနှလုံးသားနှင့် အသက်တာများကို ပြုပြင်ပြောင်းလဲပေးလျက် ကျွန်မတို့ကို အပြည့်အဝ ပြန်လည်တည်ဆောက်ပေးသည်။ ရန်ငြိမ်းပြေလည်ခြင်းသည် ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စုံလင်ခြင်းပေတည်း။

ယခုနှစ် ရှင်ပြန်ထမြောက်ခြင်းနေ့သည် ဘုရားသခင်၏လက်ဆောင် ယေရှုခရစ်ကြောင့်သာ ဖြစ်တည်သည့် ရန်ငြိမ်းပြေလည်ခြင်း၏အလှတရားကို သင်မြင်တွေ့ပါစေ။ သင်နှင့် ဘုရားသခင်ကို ကွဲကွာစေသောအရာ၊ သင်နှင့် ကယ်တင်ရှင်ကို ပြန်လည်ချိတ်ဆက်ပေးသည့် ကောင်းချီးတံတား၊ မင်္ဂလာရှိသောတံတားကို ဆင်ခြင်အောက်မေ့နိုင်ပါစေ။

Katara Patton, နေ့စဥ်ခွန်အားစာရေးသူ 

 

 

စာမူအသစ်သို့>>>