အားလုံးအတွက် လက်ဆောင်မွန်

ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်

အားလုံးအတွက် လက်ဆောင်မွန်

ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းအရှင်

ဟေရှာယအနာဂတ္တိကျမ်း ၉:၄

ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။

ဒီဇင်ဘာလ နီးလာချိန်မှာတော့ ဝမ်းမြောက်ခြင်းဖြင့် မမျှော်လင့် မစောင့်စားနိုင်ဘဲ ကြောက်လန့်နေမိသည်။ ကတိပေးပြီးသားဖြစ်သည့် အလုပ်များလည်း လုပ်ရဦးမည့်အပြင် စျေးဝယ်ရန်၊ မုန့်ဖုတ်ရန်၊ အိမ်အလှဆင်ရန်တို့ကိုပါ ထည့်တွက်သော် အတွေးနှင့်ပင် ကျွန်မအားအင်လျော့ပါးပြီ။ လူသားအဖြစ်ကြွလာသည့် ဘုရားသခင်အကြောင်းကို ဆင်ခြင်လိုသော်လည်း အရာအားလုံးကို ပြီးမြောက်အောင် မည်သို့လုပ်ရမည်ကိုသာ တွေးနေမိသည်။

ကြွလာတော်မူမည့် မေရှိယအကြောင်းရေးသားထားသော ပရောဖက်ဟေရှာယ၏ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုရင်း မကြာခဏ ကျော်သွားမိတတ်သော ကျမ်းပိုဒ်အချို့ကို ကျွန်မသတိပြုမိခဲ့သည်။ ဘုရားသခင်က သူတို့ပြည်ကို ကျယ်စေပြီး ဝမ်းမြောက်ခြင်းကို တိုးပွားစေမည်(ဟေရှာ ၉:၃)၊ “သူတို့ထမ်းရသောထမ်းပိုး၊ကျော၌ခံရသောတုတ်ကို လည်းကောင်း၊ ညှဉ်းဆဲသောသူ၏လှံတံကို လည်းကောင်း ချိုးတော်မူ”မည်ဟု (:၄) သူ၏လူတို့အား ကတိပြုခဲ့သည်။ အုပ်စိုးမှုပုံစံသစ်တစ်ရပ်ကို ကိုယ်တော်ဖွင့်ပေးမည်ဖြစ်သည်။ “အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။… နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်” (:၆)။

သခင်ယေရှုသည် ကျွန်မတို့အတွက် ဘုရားသခင်ကြိုတင်မိန့်ကြားချက်များကို ပြည့်စုံစေသည့် လက်ဆောင် ဟု ကျွန်မဆင်ခြင်မိသည့်အခါ၊ ဘုရားသခင်သည် သူ၏လူများကို ဖိနှိပ်မှုနှင့်ပဋိပက္ခများမှ လွှတ်မြောက်စေသည့် ကရုဏာရှင်ဖြစ်ကြောင်းကိုလည်း ကျွန်မတွေးခဲ့မိသည်။ ကျွန်မထမ်းပိုးထားသော လုပ်ဆောင်စရာကတိကဝတ်များစွာ၏လေးလံမှုကို ကိုယ်တော်ဖယ်ရှားပေးနိုင်သည်ကို ကျွန်မသိပါသည်။ ကျွန်မအရမ်းအလုပ်များနေခြင်းက ဣသရေလလူမျိုးများအား ဘုရားသခင် လွတ်မြောက်စေခြင်းနှင့် နှိုင်းစာလျှင် မပြောပလောက်သည့်တိုင် ဘုရားသခင်က ကျွန်မကို ဉာဏ်ပညာနှင့်ကူညီမစမှုကို ပေးပါသည်။

ဘုရားသခင်သည် သူပေးထားသော လွှတ်ခြင်းအခွင့်ကို ယခုရော၊ နောင်ရော ခံစားရစေလိုသည်။ သူ၏သားတော်ကို မိမိ၏အံ့ဖွယ်တိုင်ပင်ဘက်အဖြစ် ကျွန်မတို့ လက်ခံယုံကြည်သည်နှင့်အမျှ၊ ငြိမ်သက်ခြင်းအရှင်သည် ကျွန်မတို့အား တည်မြဲသောငြိမ်သက်ခြင်းချမ်းသာသို့ ပို့ဆောင်မည်ဖြစ်သည်။ – AMY BOUCHER PYE

 

*******************************************************

နက်နဲသည့်စိတ်ချမ်းသာမှုကို မည်သည့်အချိန်က ခံစားဖူးသနည်း။ ကောင်းသော အရာများက သင်၏ အာရုံကို ဘုရားသခင်ထံမှ မည်သို့ ဝေးကွာစေနိုင်သနည်း။

*******************************************************

ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောဘုရားသခင်၊ဤအမှောင်ကမ္ဘာသို့ အလင်းနှင့်အသက်ကို ဆောင်ကြဥ်းပေးရန် သခင်ယေရှုကို စေလွှတ်သည့်အတွက် ကျေးဇူးတင်ပါ၏။

 

ယနေ့ဖတ်ရန်ကျမ်းစာ –

ဟေရှာယအနာဂတ္တိကျမ်း ၉:၁-၆

 

 

<<<နောက်သို့