အားလုံးအတွက် လက်ဆောင်မွန်
ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်
အားလုံးအတွက် လက်ဆောင်မွန်
စောင့်ရတာ တန်ပါတယ်
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၈
ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။
ဘရာဇီးလ်နိုင်ငံတွင် မိသားစုများသည် ခရစ်စမတ်အကြိုနေ့တွင် တွေ့ဆုံကြပြီး ဝမ်းမြောက်ကြည်နူးစွာ ပြင်ဆင်ထားသော ညစာစားပွဲကို ဆင်နွဲရန် သန်းခေါင်ယံအထိ စောင့်ဆိုင်းကြသည်။ ၎င်းသည် ခက်ခဲသည့်အရာ မဟုတ်ပါ။ ခရစ်စမတ်အချိန်တွင် မိသားစုအားလုံး စုံစုံညီညီစုဝေးကာ နွေးထွေး တောက်ပသော ညနေခင်းအချိန်၌ ရွှင်လန်းဝမ်းမြောက်ခြင်းအပြည့်နှင့် ကောင်းမွန်သောစကားများ ပြောဆိုခြင်းတို့ ပါဝင်လေ့ရှိပါသည်။ အရသာရှိရှိ စားသောက်ပြီးသွားသောအခါ လက်ဆောင်ဖွင့်ရန် အချိန်ရောက်လာပါပြီ။ လူအားလုံးက အထူးသဖြင့် ကလေးများအနေဖြင့် “ငါ့အတွက် လက်ဆောင်ကောင်းကောင်းတစ်ခု ရှိပါမလား” ဟု တွေးမိတတ်ကြသည်။
ခရစ်စမတ်အချိန်သည် ဝမ်းမြောက်ဖွယ် မျှော်လင့်ခြင်းရာသီဖြစ်သည်။ မေရှိယမွေးဖွားခြင်းကို ဘုရားသခင်၏လူများ ရာစုနှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြပြီး၊ အပျိုကညာမွေးဖွားခြင်း၊ ဗက်လင်မြို့ဟု နေရာအတိအကျသတ်မှတ်ထားခြင်းနှင့် လူ့ဇာတိခံယူခြင်း၏နှိမ့်ချမှုတို့ကို သူ၏လက်တော်ဖြင့် အသေးစိတ်သေချာစွာ လမ်းညွှန်ခဲ့သည်။ “ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော်ပြည့်စုံမည် အကြောင်းတည်း” (မ ၁:၂၂)။
ခရစ်စမတ်ဆိုတိုင်း စားပွဲသောက်ပွဲ အမြဲတမ်းရှိနေမည်မဟုတ်သလို လက်ဆောင်များကလည်း စိတ်ပျက်စရာဖြစ်နိုင်သည်။ သို့မဟုတ်ပါကလည်း လုံးဝလက်ဆောင်ရောက်မလာခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်ကို စောင့်မျှော်ခြင်းက စိတ်ပျက်စရာမဟုတ်ပါ။ ခရစ်တော်သည် အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် “ဘုရားသခင်၏သားဖြစ်ခွင့်” ကို ပေးပါသည် (ယော ၁:၁၂)။ ခမည်းတော်နှင့် ရန်ပြေငြိမ်းကာ ပြန်လည်ပေါင်းစည်းခြင်းသည် ကျွန်မတို့အား ကိုယ်တော်၏ ပြီးပြည့်စုံသော ငြိမ်းချမ်းငြိမ်သက်ခြင်းကို သိနိုင်စေမည့် တုနှိုင်းမဲ့လက်ဆောင်တစ်ခုပင်ဖြစ်သည်။ “ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်” ဟု သခင်ယေရှုမိန့်တော်မူခဲ့သည် (၁၄:၂၇)။
သင့်အတွက် စောင့်ဆိုင်းနေရခြင်းက ခက်ခဲနေပါသလား။ ဘုရားသခင်သည် သခင်ယေရှုကို စေလွှတ်ခြင်းအားဖြင့် သူ့ကိုယ်သူ သစ္စာရှိကြောင်း သက်သေထူခဲ့ပြီးဖြစ်သောကြောင့် “ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်” (:၂၈) ဟူသည့် စကားတော်၌ ကျွန်မတို့စိတ်ချစွာ ခိုလှုံနိုင်ပါသည်။ ဤထက် ပိုကောင်းသည့် မျှော်လင့်ချက် မရှိတော့ပါ။ ဘုရားသခင်၏ မိသားစုဝင်ဖြစ်ရပြီး သူနှင့်အတူ ထာဝရရှင်သန်ရခြင်းမှာ ကျွန်မတို့၏ စိတ်ဝိညာဉ်ကို အမှန်တကယ်ကျေနပ်စေသော လက်ဆောင်ပင်ဖြစ်တော့သည်။ – MARILIA LARA
*******************************************************
လွဲမှားစွာထားခဲ့မိသော မျှော်လင့်ချက်ကြောင့် သင် စိတ်ပျက်ခဲ့ရဖူးပါသလား။ ဘုရားသခင်၏ ခိုင်မာသောကတိတော်များကို သတိရခြင်းက
ဘဝအပေါ် သင့်အမြင်ကို မည်သို့ပြောင်းလဲစေပါသနည်း။
*******************************************************
ချစ်လှစွာသောသခင်ယေရှု၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာတို့ဖြင့်
မျှော်လင့်လျက် ဝမ်းမြောက်ကာ ကိုယ်တော်ကို စောင့်မျှော်တတ်ရန်
သင်ယူခွင့်ပေးတော်မူပါ။
ယနေ့ဖတ်ရန်ကျမ်းစာ –
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇-၂၉
