အားလုံးအတွက် လက်ဆောင်မွန်

ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်

အားလုံးအတွက် လက်ဆောင်မွန်

သင့်အတွက် ကျွန်ုပ်၏အကောင်းဆုံးလက်ဆောင်

ရှင်ယောဟန်ခရစ်ဝင် ၃:၁၆

ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။

မင်းဒါ က ကျွန်မနှင့်လုပ်ဖော်ကိုင်ဖက်တို့အား သကြားလုံးဗူးသေးသေးလေးများဝေငှရင်း “ဒါတွေက မင်းတို့အားလုံးအတွက်ပဲ။ ဒါက ငါ့မွေးရပ်မြေမှာ နာမည်ကြီးတဲ့ မုန့်တစ်မျိုးပဲ”ဟု စိတ်လှုပ်ရှားစွာနှင့် ပြောပါသည်။သူမသည် မနီလာ မြို့ရှိ ကျွန်မ၏အလုပ်မှ ဖော်ရွေသော သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး၊ဝေးလံ သော ပြည်နယ်ဘက်ရှိ သူမ၏မိသားစုထံ အလည်အပတ်ပြန်ခဲ့သည်။ ကျွန်မတို့ကို သတိတရလက်ဆောင်ယူလာပေးသည့်အတွက် စိတ်ကြည်နူးမိသည်။ ၎င်းသည် ဖိလစ်ပိုင်နိုင်ငံ၏အစဉ်အလာဖြစ်သည်။ သူငယ်ချင်းများ၊ ချစ်ခင်သူများနှင့် ဝေးကွာချိန်များတွင် ၎င်းတို့အား ဂရုစိုက်ကြောင်းပြသည့် လက်ဆောင် (ဖိလစ်ပိုင်အခေါ် pasalubong-ပါဆာလူးဘွန်) ကို ပေးကြသည်။

“ကြိုဆိုခံရခြင်း” ဟူသော ဖိလစ်ပိုင်စကားမှ ဆင်းသက်လာသော ပါဆာလူးဘွန် ပေးကမ်းခြင်းသည် ခရစ္စမတ်ကာလတွင် အထူးပင်စိတ်နှလုံးတို့ထိစရာဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသားအများစုသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရာမှအိမ်သို့ပြန်လာကြသည်ဖြစ်သောကြောင့် ၎င်းတို့၏ လက်ဆောင်များသည် ချစ်ခင်ရသူများကို မည်မျှတန်ဖိုးထားကြောင်း ပြသနေသည်။

ယေရှုခရစ်အကြောင်း သတင်းကောင်းသည် အခြားသူများအား ကျွန်မတို့ဝေမျှနိုင်သည့် အကောင်းဆုံးလက်ဆောင်ဖြစ်သည်။ ရှင်ယောဟန်က “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်း သို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”(ယော ၃:၁၆)။ ရှင်ပေါလုအတွက် ဤသတင်းကောင်းသည် လူသား တို့ကိုပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်ဖြစ်သည်။ သူ့အသက်တာ၌ လူသားတိုင်းထံသို့ ဧဝံဂေလိတရားကို ယူဆောင်ပေးရန်မှာ စိတ်ထက်သန်စွာ သူဆက်ကပ်အပ်နှံထားသည့်အရာဖြစ်သည် (ရော ၁:၁၄)။ “ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏” ဟု (:၁၆) ရှင်ပေါလုဆိုသည်။

ဘုရားသခင်ပေးသော ကယ်တင်ခြင်းနှင့် ခွင့်လွှတ်ခြင်း သမ္မာတရားသည် အခြားသူများကို ကျွန်မတို့ပေးနိုင်သည့် အကောင်းဆုံးသောလက်ဆောင်ဖြစ်သည်။ သူတို့ကို ဘုရားသခင် မည်မျှကြိုဆိုနေကြောင်း ပြောကြပါစို့။ – KAREN HUANG

*******************************************************

ဧဝံဂေလိတရားကိုဝေမျှခြင်းသည် အခြားသူတို့အား သင်ဂရုစိုက်ကြောင်း မည်သို့ပြသပါသနည်း။ ဤ “ပါဆာလူးဘွန်” ကို သင် မည်သူ့အား ပေးနိုင်သနည်း။

*******************************************************

ခမည်းတော်ဘုရားသခင်၊ သားတော်ကို လက်ဆောင်အဖြစ်ပေးခြင်းအတွက် ကျေးဇူးတင်ပါ၏။ ဤလက်ဆောင်ကို အခြားသူတို့အား မျှဝေပေးနိုင်ရန် ကျေးဇူးပြုပြီး ကူညီမစတော်မူပါ။

 

ယနေ့ဖတ်ရန်ကျမ်းစာ –

ရောမသြဝါစာ ၁:၁၄-၁၇

 

 

<<<နောက်သို့ | ရှေ့သို့>>>