အားလုံးအတွက် လက်ဆောင်မွန်

ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်

အားလုံးအတွက် လက်ဆောင်မွန်

ရှင်းလင်းသောလမ်း

ဟေရှာယအနာဂတ္တိကျမ်း ၄၀:၃

ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။

ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် အိုင်ဒါဟိုအရှေ့ပိုင်း အဝေးပြေးလမ်းကို ပိတ်ထားချိန်တွင် Ray (ရေး) အမည်ရှိ နှင်းရှင်းယာဉ်မောင်း တစ်ဦးသည် နေ့စေ့လစေ့ဖြစ်နေသည့်ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအတွက် နှင်းများ ထူထပ်စွာပိတ်နေသော လမ်းမိုင်ပေါင်း ၂၆ မိုင်ကို ရှင်းလင်းပေးခဲ့သည်။ ထိုဇနီးမောင်နှံသည် သူတို့အိမ်မှ လူနာတင်ယာဥ်လာရောက်ကြိုနိုင်သည့် အနီးဆုံးနေရာသို့ နှင်းလျောစီးယာဥ်လေးဖြင့် ရောက်ရှိလာပြီး၊ ရေး၏လုပ်ဆောင်မှုကြောင့် ထိုနေရာ၌ ရောက်ရှိနေသည့်လူနာတင်ယာဉ်ဖြင့် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့နိုင်ကာ ကလေးငယ်အား ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့ပါသည်။

ရေး သည် ထိုကိုယ်ဝန်ဆောင်မိခင်အတွက် လက်တွေ့ကျကျလုပ်ဆောင်ခဲ့သလို ဘုရားသခင်သည်လည်း သူ၏လူများအတွက် ဝိညာဉ်ရေးရာအားဖြင့် လုပ်ဆောင်ပါသည်။ ပရောဖက်ဟေရှာယက တိုင်းခန်းလှည့်လာသောဘုရင်များအတွက် လမ်းကို ကြိုးစားအားထုတ်ပြင်ဆင်ရခြင်းနှင့် မေရှိယကိုလက်ခံရရှိရန် ကျွန်မတို့၏စိတ်နှလုံးကို ပြင်ဆင်ရခြင်းတို့ကို နှိုင်းယှဥ်ကာ “ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ . . . (ဟေရှာ၄၀:၃)ဟု ပြောခဲ့ပါသည်။ သူ၏တရားစကားသည် ဗာဗုလုန်သို့ ဖမ်းဆီးသိမ်းသွားခြင်းခံရသောကာလတွင် ယေရုရှလင်မြို့သားတို့အတွက် နှစ်သိမ့်သက်သာမှုကိုဖြစ်စေပြီး၊ သခင်ယေရှု ရောက်ရှိလာတော့မည့်အကြောင်း ဟောပြောသော ဗတ္တိဇံဆရာ
ယောဟန်၏အကြောင်း ကြိုတင်နိမိတ်ဖြစ်သည် (လု ၃:၃-၄)။

ကျွန်မတို့၏အမှားများအတွက် ကိုယ်တော်၏ပေးဆပ်ပူဇော်မှုအားဖြင့် ယေရှုသည် ဘုရားသခင်ထံချဥ်းကပ်မည့် ကျွန်မတို့၏ ကြမ်းတမ်းသော ဝိညာဉ်ရေးလမ်းကြောင်းကို ညီညာချောမွေ့စေခဲ့ပြီး(ဟေရှာ ၄၀:၄)၊ ထိုသို့အားဖြင့် ကျွန်မတို့၏ဘုရင်ကို လက်ခံနိုင်စေခဲ့သည်။ လက်ဆောင်ကောင်းကို လက်ခံရရှိသူများအနေဖြင့် ကျွန်မတို့သည် မိမိ၏မို့မောက်သောမာနကို နိမ့်စေလျက် မိမိကိုယ်ကိုနှိမ့်ချခြင်းနှင့် ခရစ်တော်ပြုသောအမှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့ကို လာခေါ်မည့်နေရာတွင် စောင့်ဆိုင်းရုံသာဖြစ်သည်။ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးဟူသည့် ကျွန်မတို့အတွက် အကြီးမားဆုံးသော ဝမ်းမြောက်စရာရောက်ရှိလာမည်ကို မျှော်လင့်ကာ ကျွန်မတို့အားရရွှင်လန်းနိုင်ပါသည်။ – KIRSTEN HOLMBERG

*******************************************************

ဘုရားသခင်ထံသို့ သင်သွားမည့်လမ်းကို ရှင်းလင်းရန် ယေရှုသည် မည်သည့် နှင်းထုကို ဖယ်ရှားခဲ့ပါသနည်း။ ကိုယ်တော်ပြုသည့်အမှု၏ ကောင်းကျိုးဆုကျေးဇူးသည် ယနေ့တွင် သင့်အား မည်သို့ပျော်ရွှင်စေပါသနည်း။

*******************************************************

ချစ်လှစွာသောသခင်ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်သိရှိရန် လမ်းဖွင့်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။

 

ယနေ့ဖတ်ရန်ကျမ်းစာ –

ဟေရှာယအနာဂတ္တိကျမ်း ၄၀:၁-၅

 

 

<<<နောက်သို့ | ရှေ့သို့>>>