မျှော်လင့်ချက်ကို ရှာတွေ့ခြင်း

          ဒီမေးခွန်းအချို့ကို ဖြေနိုင်ဖို့ ကျွန်ုပ်တို့ကို အကူအညီဖြစ်စေတဲ့ အကြောင်းအရာအချို့၊ ပြီးတော့ ကျွန်ုပ်တို့ကို မျှော်လင့်ချက်ပေးခဲ့တဲ့ အကြောင်းအရာအချို့ကို မျှဝေခွင့်ပြုနိုင်မလား။ ကျွန်ုပ်တို့ ပြောသမျှအားလုံးကို သဘောတူဖို့ မလိုပါဘူး။ ကျွန်ုပ်တို့ မျှဝေလိုတဲ့ကြောင်းအရာကို ဖတ်ဖို့နဲ့ စဉ်းစားဖို့ သင့်ရဲ့အချိန် မိနစ်အနည်းငယ်ပေးဖို့ကို တောင်းဆိုလိုတာပါ။ ကျွန်ုပ်တို့ မျှဝေမယ့်အချက်က သင့်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုဖြစ်စေနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ တကယ်ယုံကြည်ပေမဲ့ အဓိပ္ပာယ် ရှိမရှိဆိုတာကို နောက်ဆုံး ဆုံးဖြတ်ချက်ချရမှာကတော့ သင်ပဲဖြစ်ပါတယ်။

          အစောပိုင်းတုန်းက ကမ္ဘာကြီးက ဘာတွေများမှားနေတာလဲလို့ ကျွန်ုပ်တို့ ကိုယ့်ကိုကိုယ် မေးခဲ့ကြတယ်။ ပျက်စီးယိုယွင်းခြင်းဟာ သဘာဝဖြစ်စဉ်ပဲလို့ လူအများက ယုံကြည်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ အရာအားလုံးဟာ မလွဲမသွေ ပျက်စီးယိုယွင်းပြီး တစ်စစီ ဖြစ်သွားရတယ်။ ဒီအချက်က Big Bang လို့ခေါ်တဲ့ အတိုင်းအဆမရှိ ပြင်းထန်တဲ့ သဘာဝအလျောက် ပေါက်ကွဲမှုကနေ ကမ္ဘာကြီးကို ဖန်တီးဖြစ်ပေါ်စေခဲ့တယ်ဆိုတဲ့ အယူအဆ၊ လူသားတွေဟာ သဘာဝအလျောက် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကနေ ဖြစ်လာတယ်ဆိုတဲ့ ယူဆချက်နဲ့ ကိုက်ညီမှုရှိနေပါတယ်။ အချို့ကတော့ ကမ္ဘာကြီးကို မြင့်မြတ်တဲ့တန်ခိုးရှင် ဒါမှမဟုတ် သဘာဝလွန် ပုဂ္ဂိုလ်တစ်ဦးဦးက ဖန်ဆင်းခဲ့တာ ဖြစ်ကောင်းဖြစ်မယ်လို့ ယုံကြတယ်။ ထားပါတော့။ လူဆိုတာ ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်။

        ခရစ်ယာန်တို့ရဲ့ ယုံကြည်မှု အခြေတည်ဖြစ်တဲ့ သမ္မာကျမ်းစာကတော့ ကွဲပြားခြားနားတဲ့ ရှင်းလင်းချက်ကို ပေးထားပါတယ်။ သမ္မာကျမ်းစာက ဘုရားတစ်ဆူတည်းရှိတယ်။ ဒီဘုရားက စကြဝဠာကို၊ ကမ္ဘာကြီးကို၊ သက်ရှိများကို၊ လူများကို ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်း အကြောင်းအရာက ဒီမှာရပ်မသွားပါဘူး။ ဖန်ဆင်းရှင် ဘုရားသခင်ဟာ လူသားများနဲ့ မိတ်ဆွေဖြစ်လိုပါတယ်။ သူဖန်ဆင်းထားတဲ့ လူသားတွေကို ဆက်ပြီးစောင့်ရှောက်ပါတယ်။ ပထမဆုံး လူယောက်ျားနဲ့ လူမိန်းမဖြစ်တဲ့ အာဒံနဲ့ဧဝတို့ကို သူတို့စားသုံးနိုင်တဲ့၊ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်တဲ့ ကောင်းသောအရာများနဲ့ပြည့်စုံတဲ့ ဥယျာဉ်ထဲမှာ နေရာချပေးခဲ့ပြီး သူတို့နဲ့ မကြာခဏ လာရောက်တွေ့ဆုံစကားပြောခဲ့တယ်။

          ဘုရားသခင်က ဘာကြောင့် အဲဒီလိုလုပ်ပေးခဲ့တာလဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ရာမှာ သူနဲ့ကျွန်ုပ်တို့ အကြားမှာ ချစ်စရာကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိစေချင်လို့ ဖြစ်ပါတယ်။ တစ်ချို့သောမိဘများက ကလေးအနားမှာရှိနေရတဲ့ ကြည်နူးမှုမျိုးကို ခံစားချင်တဲ့အတွက် ကလေးမွေးသလိုမျိုးပေါ့။ ကျွန်ုပ်တို့ ဘုရားသခင့်မျက်မှောက်တော်မှာ ရှိနေတဲ့အခါ ဘုရားသခင် နှစ်သက်ကျေနပ်တယ်။ ဒါကြောင့်လည်း ဘုရားသခင်က ခံစားတတ်၊ စိတ်လှုပ်ရှားတတ်ပြီး ချစ်ဖို့နဲ့ အချစ်ခံဖို့ ဆန္ဒရှိတဲ့သူ၊ အရည်အသွေးရှိတဲ့ လူသားများကို ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ စစ်မှန်စွာချစ်တတ်ဖို့အတွက် မှန်မှန်ကန်ကန် ကျင့်ကြံတတ်ဖို့လိုပါတယ်။ ဒါကြောင့် ဘုရားသခင်က လူသားများကို ဖန်ဆင်းခဲ့ရာမှာ သူ့ရဲ့ ကောင်းမြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်မှန်ကန်သော စရိုက်လက္ခဏာများကို ထင်ဟပ်နိုင်စေတဲ့ စိတ်ပိုင်းဆိုင်ရာရော၊ အကျင့်စရိုက်လက္ခဏာပိုင်းမှာရော မှန်မှန်ကန်ကန်ပြုကျင့်တတ်တဲ့ ပင်ကိုယ်အသိကို ထည့်သွင်းပြီး ဖန်ဆင်းခဲ့ပါတယ်။

ဘုရားသခင်က ကောင်းမြတ်တဲ့အတွက် ဖန်ဆင်းခဲ့တဲ့ ကမ္ဘာကြီးကလည်း ကောင်းမြတ်ခဲ့ပါတယ်။ လူသားများဟာ တစ်ဦးနဲ့တစ်ဦးသော်လည်းကောင်း၊ ဘုရားသခင်နဲ့သော်လည်းကောင်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။ ပြီးတော့ ဖျားနာမှာ၊ သေမှာတွေကိုလည်း မစိုးရိမ်ခဲ့ရပါဘူး။

အဲဒီနောက်မှာတော့ အားလုံးမှားယွင်းမှုတွေဖြစ်ခဲ့ပါတယ်။

နောက်တစ်နေ့စာမူ ပြန်ဖတ်ရန်>>