အပြစ်ဝင်ရောက်လာခြင်း

          မိဘကောင်းတစ်ယောက်ဟာ သူ့သားသမီးက သူ့ကို ကိုယ့်အသိစိတ်နဲ့ကိုယ် ချစ်တာကိုပဲလိုချင်တယ်။ ဝတ္တရားအရ ဒါမှမဟုတ် တွန်းအားပေးခံရလို့ ချစ်တာမျိုးကို မလိုချင်ပါဘူး။ မိဘနဲ့သားသမီး တို့ရဲ့ စံပြဆက်ဆံရေးမှာ နှစ်ဦးနှစ်ဘက်စလုံးက အပြန်အလှန်ချစ်ဖို့ရွေးချယ်ကြတယ်။ သူတို့ရဲ့မေတ္တာကို ဖော်ပြကြတယ်။ ဒါပေမယ့် မတူတဲ့ပုံစံတွေနဲ့ ဖော်ပြကြတယ်။ သားသမီးဖြစ်သူက မိဘကို တုံ့ပြန်ချစ်ခြင်း၊ မိဘစကားကို နားထောင်ခြင်း၊ မိဘစိတ်ချမ်းသာစေမယ့်အရာကို ပြုလုပ်ခြင်းဖြင့် သူ့မေတ္တာကိုဖော်ပြချိန်မှာ မိဘဖြစ်သူက ကလေးဖြစ်သူကို ပြုစုပျိုးထောင်ခြင်း၊ ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းအားဖြင့် သူတို့မေတ္တာကို ဖော်ပြတယ်။

          အဲဒီဆက်ဆံရေးမျိုးဟာ ဘုရားသခင်က ကျွန်ုပ်တို့ဆီမှာရှိစေချင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်တယ်။ အာဒံနဲ့ဧဝကို ဖန်ဆင်းခဲ့ရာမှာ ကောင်းမွန်စွာနေထိုင်ဖို့ သဘာဝပင်ကိုယ်အသိကို ထည့်ပေးခဲ့တယ်။ ပိုအရေးကြီးတဲ့ အချက်ကတော့ ဘုရားသခင်ကို သူတို့ ပြန်ချစ်လိုစိတ်ရှိမရှိ သူတို့ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးခဲ့တာပါပဲ။ သူတို့စိတ်ဆန္ဒအလျောက် ပြန်ချစ်တာကိုပဲ ဘုရားသခင်က အလိုရှိခဲ့တယ်။ သူတို့နေထိုင်ခဲ့တဲ့ ဥယျာဉ်ထဲမှာ ဒီအချက်နဲ့ပတ်သက်တဲ့ ရွေးချယ်ပိုင်ခွင့်ကို သစ်တစ်ပင်အားဖြင့် ထားပေးခဲ့တယ်။ ဒီအပင်ရဲ့ အသီးကလွဲရင် ကျန်တဲ့အပင် အားလုံးက အသီးတွေကို သူတို့စားနိုင်ကြောင်း သေသေချာချာ မှာထားခဲ့တယ်။ ဘုရားသခင်ရဲ့စကားကို နားထောင်မလား၊ ငြင်းပယ်မလား သူတို့ဘာသာ ရွေးချယ်ခွင့်ပေးခဲ့တယ်။

        ဝမ်းနည်းစရာကတော့ သူတို့က ဖန်ဆင်းရှင်ရဲ့စကားကို မလိုက်နာဖို့ ရွေးချယ်ခဲ့ကြတယ်။ ဘုရားသခင်က မလုပ်နဲ့လို့မှာကြားခဲ့တဲ့အရာတစ်ခုကို သူတို့လုပ်ခဲ့ကြတယ်။ ပြောထားတဲ့ အပင်ရဲ့အသီးကိုမှ စားခဲ့ကြတယ်။ (ဒီအသီးကို ပန်းသီးလို့ အများက ထင်မှတ်ကြတယ်။ ဒါပေမယ့် သမ္မာကျမ်းစာမှာ အဲဒီလို မပြောခဲ့ပါဘူး။) ဒီအသီးကိုစားရင် သူတို့သေမယ်လို့ ဘုရားသခင်က သတိပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကို သူတို့ မနာခံခဲ့ပါဘူး။ ရလဒ်ကတော့ အာဒံနဲ့ဧဝတို့က ဒီကမ္ဘာထဲ အပြစ်ကို ယူဆောင် မိတ်ဆက်ပေးခဲ့ပါတယ်။

          အပြစ်ရဲ့အဓိပ္ပာယ်က (ဘုရားသခင်ရဲ့ ပြည့်စုံတဲ့စံချိန်အဆင့်) သတ်မှတ်ချက်မှ လွဲသွားခြင်း ဖြစ်တယ်။ အာဒံနဲ့ဧဝက ဘုရားသခင်ကို နာခံမှုရှိခဲ့စဉ်က ဘုရားသခင်ကို စိတ်ကျေနပ်စေ ခဲ့ပါတယ်။ ဒါပေမဲ့ အသီးကိုစားခြင်းအားဖြင့် ဘုရားသခင်စကားကို နားမထောင်တော့ဖို့ သူတို့ဆုံးဖြတ်လိုက်တဲ့အခါမှာ သူတို့ဟာ အဓိကအားဖြင့်ဘုရားသခင်ရဲ့ အာဏာတော်ကို တကယ် ငြင်းဆန်ခဲ့ရာရောက်ပါတယ်။ ပိုဆိုးတာက သူတို့ရဲ့ဆုံးဖြတ်ချက်က သူတို့အပေါ်သာ အကျိုးသက်ရောက်ခဲ့တာ မဟုတ်ဘဲ နောင်လာနောက်သား လူသားအားလုံးအပေါ် အကျိုးသက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့မောင်နှံရဲ့ ကလေးတွေက မိဘတွေရဲ့စရိုက်ကို ဆက်လက်ယူဆောင်ခဲ့ကြတယ်။ ပုန်ကန်တယ်၊ လုပ်ချင်ရာလုပ်ကြတယ်။ ဒါပေမဲ့ ဒါဟာ ဘုရားသခင်ရဲ့ စံနဲ့ မညီဘူး။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ဘုရားသခင်ကို ဖြေရှင်းဖို့မလိုဘူးလို့ ခံယူတဲ့အတွက် စိတ်ဓာတ်အရရော၊ အပြုအမူအရရော မှားယွင်းတာတွေကို လူသားတွေလုပ်ခဲ့ကြတယ်။

           ရလဒ်ကတော့ မိဘကို မနာခံပုန်ကန်ပြီး မိဘနဲ့ဝေးသွားအောင်လုပ်တဲ့ ကလေးလိုပဲ လူသားတွေလည်း ဘုရားသခင်နဲ့ရော၊ အချင်းချင်းနဲ့ရော ရှိခဲ့တဲ့ ပြီးပြည့်စုံတဲ့ဆက်ဆံရေးကို ဖျက်ဆီးခဲ့ကြတယ်။ ဘုရားသခင်နဲ့ ပိုပိုဝေးသွားခဲ့ကြတယ်။ ဘုရားသခင်က သူတို့ကို ဆက်ချစ်မြဲချစ်ခဲ့တာတောင် ဘုရားသခင်အနားကိုပြန်လာဖို့ သူတို့ငြင်းဆိုခဲ့ကြတယ်။ ဒီအထောက်အထားကို ဒီကနေ့ ဘုရားသခင်နဲ့ရော၊ ကျွန်ုပ်တို့ အချင်းချင်းအကြားမှာရှိနေတဲ့ ပျက်စီးနေတဲ့ဆက်ဆံရေးမှာ တွေ့နေရပါတယ်။

မေတ္တာတရား၊ လုံခြုံမှု၊ ယုံကြည်မှုတွေအစား ကြောက်ရွံ့မှု၊

ဒေါသ၊ မုန်းတီးမှုနဲ့ ခါးသီးမှုတွေကို ကျွန်ုပ်တို့ ခံစားနေကြရတယ်။

          ဘုရားသခင်နဲ့ အခြားသော ဦးဆောင်သူ၊ အခွင့်အာဏာရှိသူတွေကို ဆန့်ကျင်ပြီး လူတွေရုန်းကန်နေကြတာ၊လူသားအချင်းချင်း မုန်းတီးနေတာ၊ မမှန်မကန် ဆက်ဆံနေကြ တာတွေကို ကျွန်ုပ်တို့ တွေ့နေရပါတယ်။

              တားမြစ်ထားတဲ့အသီးကို စားခြင်းအပြစ်ရဲ့ နောက်ထပ် နောက်ဆက်တွဲဆိုးကျိုးက သေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အပင်က အသီးကိုစားခဲ့ရင် သေရလိမ့်မယ်ဆိုတာ ဘုရားသခင်က အာဒံနဲ့ ဧဝကို သတိပေးခဲ့ပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကို သူတို့ ဆန့်ကျင်ပုန်ကန်ရင် ဘုရားသခင်နဲ့ သူတို့အကြားက ပြီးပြည့်စုံတဲ့ဆက်ဆံရေး ပျက်စီးပြီး ထာဝရအသက်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘုရားသခင်ဆီကနေ သူတို့ကိုယ်သူတို့ ခွဲထွက်သွားမယ်ဆိုတာ ဘုရားသခင်က သိနေခဲ့ပါတယ်။ အဲဒါက ဘာနဲ့တူလဲဆိုတော့ လျှပ်စစ်ဓာတ်ပေးနိုင်တဲ့ ဆော့ကက်ကနေ ပလပ်ကို ဆွဲထုတ်လိုက်သလို သူတို့ရဲ့စွမ်းအားတွေ ပျောက်ကုန်ရတယ်

      ဒီသေခြင်းက ရုပ်ပိုင်းရော၊ ဝိညာဉ်ပိုင်းရော ဖြစ်ပါတယ်။ အပြစ်အားဖြင့် ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းအပေါ် အကျိုးသက်ရောက်မှုရှိခဲ့တဲ့အတွက် ကျွန်ုပ်တိုခန္ဓာကိုယ်ဟာ ပြည့်စုံမှု မရှိတော့ဘဲ တဖြည်းဖြည်း ယိုယွင်းလာပြီး သေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ စိတ်ဝိညာဉ်ရှိတဲ့ လူသားများလည်း ဖြစ်တဲ့အတွက် ကျွန်ုပ်တို့မှာ ဝိညာဉ်ရှိတယ်။ ဒီဝိညာဉ်က ဘုရားသခင်ထံက ထာဝရကွဲကွာသွားမှာဖြစ်တယ်။ ပုန်ကန်ပြီး အပြစ်များနဲ့ပြည့်နေတဲ့အတွက် သန့်ရှင်း၊ မှန်ကန်၊ ဖြောင့်မတ်တဲ့ ဘုရားသခင့် ရှေ့တော်မှောက်ကို ကျွန်ုပ်တို့ ပြန်မသွားနိုင်ပါဘူး။ ဘုရားသခင်ကို မနာခံဖို့ ဆံုးဖြတ်ခဲ့တဲ့ အာဒံနဲ့ဧဝကို အပြစ်ရှိတယ်လို့ ဘုရားသခင်က သတ်မှတ်ခဲ့သလို ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့ အပြစ်များအတွက် တာဝန်ရှိတယ်လို့ သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဒါတွေကတော့ လူသားများအတွက် ဘုရားသခင်ချမှတ်ခဲ့တဲ့ စည်းမျဉ်းများ သို့မဟုတ် ဥပဒေ ဖြစ်ပါတယ်။

       ဆက်ဆံရေး ပျက်စီးပြိုကွဲသွားခြင်းက ကျွန်ုပ်တို့ရဲ့အသက်တာများ အပေါ်လည်း သက်ရောက်မှုရှိပါတယ်။ လမ်းပျောက်နေတဲ့ လူတစ်ယောက်လိုပဲ ကျွန်ုပ်တို့လည်း ရည်ရွယ်ချက်မဲ့ပြီး၊ အကူအညီမဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်ုပ်တို့ အတော်များများဟာ မျှော်လင့် ချက်ကင်းမဲ့မှုနဲ့ ဘဝကို ဖြတ်သန်းနေကြပါတယ်။ ကျွန်ုပ်တို့ ဘာလို့ မျှော်လင့်ချက်မဲ့နေရလဲဆိုတာကို အပြည့်အဝ မသိနားမလည်စဉ်မှာဘဲ နက်ရှိုင်းလှတဲ့ အတွင်းတစ်နေရာမှာ လမ်းပျောက်နေသလိုမျိုး ကျွန်ုပ်တို့ခံစားနေရတယ်။ ဒါဟာ ဘုရားသခင်ထံမှ လမ်းလွဲထွက်ခွာသွားတဲ့ရလဒ်ဖြစ်တယ်။ အသက်ရဲ့အရင်းအမြစ် အစစ်အမှန်ကနေ ကျွန်ုပ်တို့ကွဲကွာသွားတဲ့အတွက် ကျွန်ုပ်တို့ရဲ့ဘဝအသက်တာဟာ ရည်ရွယ်ချက်မဲ့ပြီး အဓိပ္ပာယ် မရှိသလို ထင်နေရတယ်။

          ဒါက ဒီကနေ့ကမ္ဘာကြီးနဲ့ပတ်သက်လို့ မှားယွင်းနေတဲ့ အချက်ပါပဲ။ ဘုရားသခင်က ပြီးပြည့်စုံအောင်လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ အာဒံနဲ့ဧဝက အပြစ်ကို ရွေးချယ်ခဲ့တယ်။ ရလဒ်အဖြစ် သူတို့ဟာ ဘုရားသခင်နဲဝေးကွာသွားပြီး သူတို့ရဲ့လုပ်ရပ်နဲ့ အပြုအမူအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ သတ်မှတ်ခံခဲ့ရတယ်။ ဒီကနေ့ ကျွန်ုပ်တို့လည်း အလားတူပါပဲ။ ဘုရားသခင်ကိုငြင်းပယ်နေပြီး ဘုရားသခင်ရဲ့ စံချိန်စံညွှန်းတွေကို ဥပက္ခာပြုနေတဲ့အတွက် ကျွန်ုပ်တို့အပြုအမူများရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဒါကို ရိုးရိုးလေးပဲ ဖော်ပြထားပါတယ်။ “အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့် ရှေ့တော်၌ အသရေပျက်ကြပြီ၊” “အပြစ်တရား၏အခကား သေခြင်း ပေတည်း” (ရောမသြဝါဒစာ ၃:၂၃၊ ၆:၂၃)။ ဒီအချက်က ကျွန်ုပ်တို့အဖြစ်ဟာ ဒီမှာတင်ဇာတ်သိမ်းပြီလို့ ပြောချင်တာလား။ ကျွန်ုပ်တို့အနေနဲ့ လုပ်နိုင်တာ တစ်စုံတစ်ရာ ရှိနေသလား။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>