ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း
လူသားတွေက ဘုရားသခင်ထံကနေ ခွဲထွက်ခဲ့ကတည်းက အပြစ်နဲ့နောက်ဆက်တွဲ အကျိုးတွေကိုဖြေရှင်းဖို့ ကျွန်ုပ်တို့ ကြိုးစားခဲ့ကြတယ်။ သိပ္ပံနဲ့ဆေးပညာအားဖြင့် ရောဂါတွေကို ကာကွယ်ဖို့၊ သေခြင်းတရားကို အချိန်ဆွဲဖို့ ကြိုးစားကြတယ်။ စည်းမျဉ်းဥပဒေတွေချမှတ်ပြီး လူမှုအသိုင်းအဝိုင်းကို တည့်မတ်ဖို့ ကြိုးစားတယ်။ လူတွေကို ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး သွန်သင်ကြတယ်။ အငြင်းပွားမှုနဲ့စစ်ကို တားဆီးဖို့၊ အိမ်နီးချင်းများ၊ အသိုင်းအဝိုင်းများနဲ့ နိုင်ငံများအကြား ငြိမ်းချမ်းမှုနဲ့ စည်းလုံးမှုရှိဖို့ ကျွန်ုပ်တို့ကြိုးစားကြတယ်။ ကောင်းတဲ့အရာတွေလုပ်၊ ဘာသာရေးဆိုင်ရာဥပဒေသတွေကို စောင့်ထိန်းပြီး ကိုယ့်အပြစ်သက်သာဖို့နဲ့ မြင့်မြတ်တဲ့အရှင်သခင်ရဲ့ မျက်နှာသာပေးမှုရအောင် ကျွန်ုပ်တို့ ကြိုးစားကြတယ်။ဒါပေမယ့် မြင်တဲ့အတိုင်းပဲ။ ကျွန်ုပ်တို့လုပ်ဆောင်ချက်တွေ အောင်မြင်ခဲ့သလား။ မအောင်မြင်ခဲ့ပါဘူး။ ရောဂါနဲ့ သေခြင်းကို မကာကွယ်နိုင်ခဲ့ဘူး။ လူတွေကို ရာဇဝတ်မှု မပြုအောင်၊ စစ်မတိုက်အောင် မတားနိုင်ခဲ့ဘူး။ ကျွန်ုပ်တို့အတော်များများဟာ ဘဝမှာအဓိပ္ပာယ်ကို ရှာတွေ့အောင် ရုန်းကန်ကြိုးစားနေကြဆဲပဲ။
ကျွန်ုပ်တို့ဟာ မေတ္တာနဲ့ လုံခြုံမှုကို ရှာဖွေပြီး လမ်းပျောက်နေတဲ့လူတွေနဲ့ တူနေတယ်။
အဲဒါဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့တာ ကုန်ဆုံးသွားချိန်မှာ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးမှာ အနာအဆာများနဲ့ဖြစ်နေတယ်။ ကျွန်ုပ်တို့ ဘယ်လိုပဲ မှန်ကန်တဲ့အရာတွေကို တစိုက်မတ်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်တဲ့ အရည်အချင်း ပျောက်ဆုံးနေကြတယ်။ ကျွန်ုပ်တို့ ကောင်းမွန်စွာ နေထိုင်လိုတဲ့အချိန်မှာ ဆန့်ကျင်ဘက်ကိုသာသွားဖို့ အလိုလိုဆွဲဆောင်ခံနေရတယ်။ ခွင့်လွှတ်သနားဖို့ထက် ဒေါသထွက် လက်စားချေရတာက ပိုလွယ်တယ်လို့ ကျွန်ုပ်တို့ မြင်နေမိတယ်။ ကိုယ့်ဆန္ဒနောက်လိုက်တာ၊ သူများအရေးထက် ကိုယ့်အရေးကိုဦးစားပေးတာက ပိုသဘာဝကျတယ်လို့ ယူဆကြတယ်။
ဒါဘယ်လိုဖြစ်ရတာလဲ။ အင်း … အပြစ်ရဲ့ထိန်းချုပ်နိုင်မှုစွမ်းအားက မူးယစ်ဆေးစွဲတာနဲ့ အနည်းငယ်ဆင်တူပါတယ်။ ကျွန်ုပ်တို့မလုပ်ချင်တဲ့အချိန်မှာတောင် မကောင်းတာကို ဆက်လုပ်အောင် ကျွန်ုပ်တို့ကို လွှမ်းမိုးတွန်းအားပေးနေပါတယ်။ အပြစ်က ကျွန်ုပ်တို့ချတဲ့ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေကိုစိုးမိုးပြီး အမှန်လုပ်ဖို့ ပိုမိုခက်ခဲစေတယ်။ အမှားလုပ်ဖို့ကျတော့ ပိုမိုလွယ်ကူစေပါတယ်။ ဘုရားသခင်ကို နာခံခြင်းထက် ပုန်ကန်ဆန့်ကျင်ခြင်းနဲ့ ပိုပြီးနေသားကျလာတယ်။
ဒါဆို ကျွန်ုပ်တို့စိတ်နှလုံးများကို ဘယ်လိုပြောင်းလဲစေနိုင်မှာလဲ။ မှန်တဲ့အရာကိုလုပ်ဖို့ အပြစ်က တောက်လျှောက်ဟန့်တားနေချိန်မှာ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင် ကျွန်ုပ်တို့က ဘယ်လိုလုပ်နိုင်မှာလဲ။ ကျွန်ုပ်တို့ဘာသာ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဘုရားသခင် တတ်နိုင်ပါတယ်။
ဘုရားသခင်ဟာ အရာခပ်သိမ်းကို ဖန်ဆင်းသူ၊ ထိန်းချုပ်သူ ဖြစ်တဲ့အတွက် တတ်နိုင်တာဖြစ်ပါတယ်။ ဘုရားသခင်သာလျှင် ကျွန်ုပ်တို့ရဲ့အပြစ်မှတ်တမ်းအားလုံးကို ဖယ်ရှားသုတ်သင်နိုင်သူ၊ သူနဲ့သင့်မြတ်စွာ သိုက်သိုက်ဝန်းဝန်း ပြန်လည်နေထိုင်နိုင်အောင် ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ ဘုရားသခင်သာလျှင် ကျွန်ုပ်တို့ကို အပြစ်နဲ့ သေခြင်းရဲ့ထိန်းချုပ်ခံရမှုအောက်ကလွတ်အောင် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးများကို ပြန်လည်အင်အား ဖြည့်တင်းပေးနိုင်သူဖြစ်တယ်။ ဘုရားသခင်က အဲဒီလိုတတ်နိုင်သော်လည်း လုပ်ပေးမှာလား။
အံ့သြစရာကောင်းတာက ကျွန်ုပ်တို့နဲ့ သင့်မြတ်မှုရှိဖို့ ဘုရားသခင်က လုပ်ဆောင်ချင်ပါတယ်။
လူသားများက ဘုရားသခင်ကို မနာခံခဲ့သူ၊ ဆက်လက်ပြီးတော့လည်း နာခံမှု မရှိသူတွေ ဖြစ်နေသော်လည်း ဘုရားသခင်က လူသားများနဲ့ ပြန်လည်သင့်မြတ်လိုပါတယ်။ ချစ်တတ်၊ ဂရုစိုက်တတ်တဲ့ မိဘများနဲ့ ဘုရားသခင်ကို နှိုင်းယှဉ်ပြခဲ့တာ မှတ်မိပါသလား။ ဘုရားသခင်ဟာ သူသိပ်ချစ်တဲ့ကလေးက အဝေးကိုထွက်သွားပြီး သူ့ကိုဖခင်အဖြစ် အသိအမှတ်မပြုတာတောင် ဘယ်တော့မှ အချစ်ရပ်မသွားတဲ့ မိဘလိုပါပဲ။ ဘုရားသခင်ဟာ သနားတတ်တဲ့ ဘုရားဖြစ်တဲ့အတွက် ကျွန်ုပ်တို့ကိုခွင့်လွှတ်ပြီး သူ့ရင်ခွင်ထဲကို ပြန်လာဖို့ ကြိုဆိုချင်နေပါတယ်။ ဒါပေမယ့် ပြဿနာနည်းနည်းလေး ရှိနေပါတယ်။ ဖြောင့်မတ် သန့်ရှင်းတဲ့ ဘုရားသခင်က ကျွန်ုပ်တို့အပြစ်များကို မမြင်ချင် ယောင်ဆောင်ပြီး ထားလိုက်ပါ၊ အဆင်ပြေပါတယ်လို့ ပြောလို့မရပါဘူး။
ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ်ပြီး ဘာမှမဖြစ်ခဲ့သလို နေလို့မရပါဘူး။
အဲဒီလိုသာလုပ်ရမယ်ဆိုရင် ကောင်းမြတ် သန့်ရှင်းတဲ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို မျက်ကွယ်ပြုရာ ရောက်ပါမယ်။အနေအထားကတော့ ဒီလိုရှိနေပါတယ်။ ဘုရားသခင်က အပြစ်ရဲ့ ထိန်းချုပ်မှုစွမ်းအားအောက်ကနေ ကျွန်ုပ်တို့ကို ကယ်ထုတ် ချင်တယ်။ ဒါပေမယ့် ဖြောင့်မတ်သန့်ရှင်းတဲ့ဘုရား ဖြစ်တဲ့အတွက် ကျွန်ုပ်တို့အပြုအမူများနဲ့ အကျင့်စရိုက်များအတွက် ကျွန်ုပ်တို့ခံသင့်တဲ့ ပြစ်ဒဏ်ကနေ လွှတ်ပေးလို့မရပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့အတွက် ထွက်ပေါက်ကို ပံ့ပိုးပေးနိုင်ပါတယ်။