သေခြင်းမှ လွတ်ငြိမ်းချမ်းသာခြင်း

         ကျွန်ုပ်တို့အပြစ်ကြောင့် ဘုရားသခင်ပေါ် တင်နေတဲ့အကြွေးအတွက် ပေးဆပ်ရမယ့်ပြစ်ဒဏ်ကို စဉ်းစားကြည့်ပါ။ (တကယ်တော့ဒါထက် ပိုပါတယ်။ ဒါပေမယ့် ဒီလိုဖော်ပြတာက ရှင်းလင်းချက်ကို ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။) ကျွန်ုပ်တို့ဟာ သဘာဝအတိုင်း အလိုလိုအပြစ်တွေပြည့်နေတဲ့အတွက် ဒီအကြွေးကို ကျွန်ုပ်တို့ဘာသာဆပ်ဖို့အတွက် အရမ်းကြီးလေးလှပါတယ်။

          ဒါပေမဲ့ ဘုရားသခင်က နည်းလမ်းပေးခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တရားအရ လူသားများဟာ ကိုယ့်အပြစ်ကိုယ်ဆပ်ဖို့ ဖြစ်ပေမဲ့ ကျွန်ုပ်တို့ကိုယ်စား တစ်စုံတစ်ယောက်က ဝင်ဆပ်ပေးဖို့လည်း ခွင့်ပြုပါတယ်။ ဒါပေမယ့် ကိုယ်စားဝင်ဆပ်ပေးမယ့်သူကိုယ်တိုင်က အပြစ်ကြွေးရှိနေလို့မရပါဘူး။ အပြစ်ကင်းတဲ့သူ ဖြစ်ရပါမယ်။

        အခု ဒီအတိုင်း အတိအကျ ဖြစ်ခဲ့ပါတယ်။ ဒီအကြွေးဆပ်ဖို့ အတွက် ဘုရားသခင်က သူ့ရဲ့သားတော် ယေရှုခရစ်ကို စေလွှတ်ခဲ့ပါတယ်။ သေခြင်းပြစ်ဒဏ်ကနေ ကျွန်ုပ်တို့ ကင်းလွတ်ဖို့ ကျွန်ုပ်တို့နေရာမှာ သူဝင်ပြီး အသေခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်က လောကကို လူသားအနေနဲ့ ယေရှု ကြွလာခဲ့ပါတယ်။ ဆိုးသွမ်းတဲ့ အပြစ်သားတွေကို ချမှတ်တဲ့ ကားစင်တင်သတ်ခြင်းပြစ်ဒဏ်ကိုခံခဲ့ပြီး ဂူသွင်းသင်္ဂြိုလ် ခံခဲ့ပါတယ်။

ခရစ်တော်က ဘုရားသခင်လည်းဖြစ်၊ လူသားလည်းဖြစ်တဲ့အတွက်

ကိုယ်ကျိုးစွန့်ပြီး ယဇ်ပူဇော်မှုကို ပြီးစီးစေနိုင်ခဲ့ခြင်းဖြစ်တယ်။

          ဘုရားရဲ့သားတော်အနေနဲ့ သူဟာကောင်းမြတ် ပြည့်စုံပြီး အပြစ်နှင့်ကင်းစင်တယ်။ တစ်ချိန်တည်းမှာပဲ လူသားအသွင်နဲ့ သေဆုံးခဲ့တာဖြစ်တဲ့အတွက် ကျွန်ုပ်တို့အတွက် အပြည့်အဝ ဝင်ရောက်ကိုယ်စားပြုနိုင်ခဲ့တယ်။ ခရစ်တော်နဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ “သစ်တိုင်၌ ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသောသူ ဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ” (ဂလာတိသြဝါဒစာ ၃:၁၃) ဟု ဖော်ပြထားပါသည်။

           ခရစ်တော်သေခဲ့တဲ့အတွက် အပြစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးက မလွတ်မြောက်နိုင်ခဲ့ဘူးလို့ ထင်မိပါလိမ့်မယ်။ ဒီတော့ ပညတ်တရားရဲ့ ကျိန်စာ ဒါမှမဟုတ် အပြစ်ဒဏ်ဖြစ်တဲ့ သေခြင်းကနေ ကျွန်ုပ်တို့ကို ဘယ်လိုကယ်တင်ခဲ့သလဲ။

          သေပြီးသုံးရက်မြောက်မှာ ခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ပြီး ကောင်းကင်ဘုံကို ယူဆောင်ခြင်းမခံမီ ရာပေါင်းများစွာသော သက်သေများရှေ့မှာ ကိုယ်ထင်ရှားပြခဲ့ပါတယ်။

သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းက အပြစ်ရဲ့အကျိုးသက်ရောက်မှုကို

ထိရောက်စွာ ပြောင်းလဲပေးနိုင်ခဲ့တယ်။ အပြစ်က သေခြင်းကို

လောကထဲသို့ ယူဆောင်လာခဲ့တယ်၊ ဒါပေမယ့် အခု ယေရှုက သေခြင်းကို အောင်နိုင်ခဲ့တယ်။

              ဒီအချက်က ကျွန်ုပ်တို့ကိုယ်စား သူအသေခံခြင်းကို ဘုရားသခင်က လက်ခံခဲ့ကြောင်း ပြနေပါတယ်။

      “အဲဒီတော့ ဒါက ကျွန်ုပ်တို့အတွက် ဘယ်လိုအကူအညီဖြစ်စေလဲ”လို့ သင်မေးကောင်းမေးမယ်။ ကျွန်ုပ်တို့ကိုယ်စား ခရစ်တော် အသေခံတယ်လို့ ယုံကြည်ပြီး ကျွန်ုပ်တို့ကို ခွင့်လွှတ်ဖို့ ခရစ်တော်ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံရင် ကျွန်ုပ်တို့ရဲ့အပြစ်များကို ခွင့်လွှတ်ပြီး ဘုရားသခင်နဲ့ သင့်မြတ်မှု ပြန်လည်ရနိုင်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့မှာ အပြစ်မရှိတော့တဲ့အတွက် အစကတည်းက ဘုရားသခင် ဖြစ်စေချင်ခဲ့တဲ့အတိုင်း ဘုရားသခင်နဲ့ပြည့်စုံတဲ့ဆက်ဆံရေးကို ဝမ်းမြောက်စွာ ခံစားရနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆက်ဆံရေးက ထာဝရတည်မြဲမှာ ဖြစ်ပါတယ်။

ဘယ်အရာကမှ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ကို မကွဲကွာစေနိုင်ပါဘူး။ သေခြင်းကလည်း မကွဲစေနိုင်ပါဘူး။

       ဒီမျှော်လင့်ချက်က ယေရှုလောကကို ကြွဆင်းလာခဲ့တယ်၊ အသေခံခဲ့ပြီး ပြန်လည်အသက်ရှင်ခဲ့တယ်ဆိုတာကို ယုံကြည်ပြီး သူ့ကို မိမိတို့ရဲ့အရှင်သခင်နဲ့ ကယ်တင်ရှင်အဖြစ် လက်ခံပြီး သူ့နောက်ကိုလိုက်ရင် ကျွန်ုပ်တို့ရရှိမယ့် မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” လို့ (ရှင်ယောဟန်ခရစ်ဝင် ၃:၁၆) မှာ ဖော်ပြထားပါတယ်။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>