ဘုရားသခင်၏ကမ်းလှမ်းချက်ကို လက်ခံခြင်း

         သခင်ယေရှုရဲ့ခမည်းတော်ဟာ ကောင်းမြတ်တဲ့ မေတ္တာတော်အရှင် ဘုရားသခင် ဖြစ်ရုံသာမကပဲ ကျေးဇူးတော်အရှင် ဘုရားသခင်ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ သူ့သားတော်နဲ့ သင့်ရဲ့အပြစ်ကိုခွင့်လွှတ်ခြင်းဆိုတဲ့ သူ့လက်ဆောင်ကို လက်ခံဖို့ ဘာသတ်မှတ်ချက်တွေ၊ လိုအပ်ချက်တွေမှ မရှိပါဘူး။ သင်ကောင်းမြတ်ဖို့မလိုသလို ကယ်တင်ခြင်းကိုရဖို့ မိမိဘာသာ ကြိုးစားဖို့လည်း မလိုပါဘူး။ ဘုရားသခင် သင့်ကိုကယ်တင်ဖို့ အတွက် သူ့ကို မှီခိုအားကိုးဖို့ပဲလိုပါတယ်။

သင်လုပ်ရမှာကတော့ သင်အပြစ်လုပ်ခဲ့မိကြောင်းနဲ့ သူ့ရဲ့ခွင့်လွှတ်မှုကို လိုအပ်ကြောင်း ဝန်ခံဖို့ပဲဖြစ်ပါတယ်။

          ဘုရားသခင်နဲ့ မှန်ကန်သောဆက်ဆံမှုရရှိဖို့ ယေရှုက သင့်ကိုယ်စားဝင်ခံဖို့ ကြွလာခဲ့ကြောင်းကို ယုံကြည်ဖို့နဲ့ သူ့ကို အရှင်သခင်နဲ့ ကယ်တင်ရှင်အဖြစ် သူ့နောက်ကိုလိုက်ဖို့ ဖြစ်ပါတယ်။ အဲဒီလောက်ကို ရိုးရှင်းပါတယ်။

           ဒီအချက်က အကူအညီဖြစ်တယ်ဆိုရင် သင့်ကို ချွင်းချက်မရှိ ကမ်းလှမ်းနေတဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ဒါကိုလက်ခံဖို့အတွက် သင်က ကမ်းလှမ်းသူကို အသိအမှတ်ပြုပြီး သေချာစွာဆုံးဖြတ်ဖို့လိုပါတယ်။

          သမ္မာကျမ်းစာက “သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကို သေခြင်းမှထမြောက်စေပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” လို့ ဖော်ပြထားပါတယ် (ရောမသြဝါဒစာ ၁၀:၉)။

ဒါက သင့်အတွက် ဘယ်လိုအဓိပ္ပာယ် ရသလဲ

              ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်တဲ့ ကယ်တင်ခြင်းကို သင် လက်ခံလိုခြင်းကို မဆုံးဖြတ်မီ “ ဒါပြီးရင် ဘာဖြစ်မှာလဲ” လို့ မေးကောင်းမေးမိမှာ ဖြစ်ပါတယ်။

သင် သခင်ယေရှုထံ လှည့်လိုက်တဲ့အခါမှာ အံသြဖွယ်အရာများစွာ ဖြစ်ပေါ်ပါတယ်

      ပထမဆုံး သင့်အပြစ်အတွက် ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကို လက်ခံရရှိမယ်။ သင့်ကို ဘုရားသခင်က အပြည့်အဝလက်ခံဖို့ သခင်ယေရှုက သင့်အပြစ်အတွက် ပေးဆပ်ခြင်းဖြင့် သင့်ကို ဘုရားသခင်နဲ့ သင့်မြတ်မှု ရရှိစေတယ်။ ဒါ့အပြင် သင့်ကို သူ့ရဲ့ကိုယ်ပိုင် သားသမီးအဖြစ်ထားရှိဖို့ ကတိပေးပြီး တစ်ခါတုန်းက ဥယျာဉ်ထဲမှာ အာဒံနဲ့ဧဝတို့လိုပဲ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ယုံကြည်မှုအပြည့်နဲ့ သင်ယခုဝင်နိုင်ပါပြီ။ မိဘရဲ့ချစ်ခင်လက်ခံမှုကို ယုံကြည်စိတ်ချမှုအပြည့်ရှိတဲ့ ကလေးလို၊ ယေရှုရဲ့သေခြင်းက သင့်အပြစ်အားလုံးအတွက် ပေးဆပ်ခဲ့လို့၊ အတိတ်က သင် ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်လိုပဲ မပြည့်စုံခဲ့ပေမယ့် သင့်ကို အရှိအတိုင်းပဲ ဘုရားသခင်က ချစ်တယ်ဆိုတာသိရှိလျက် သင်လုံခြုံစိတ်ချစွာ နေနိုင်ပါပြီ။ တစ်ချိန်တည်းမှာပဲ သင့်လမ်းကြောင်းများကို ပြောင်းဖို့နဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့စံချိန်နဲ့အညီနေထိုင်ဖို့ ဘုရားသခင်က ကူညီမှာ ဖြစ်ပါတယ်။

       ဒီဆက်ဆံရေးက ကျွန်ုပ်တို့သေရင်တောင်မှ ထာဝရ ဆက်လက်တည်ရှိသွားမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က သေခြင်းကို သင်ဘယ်တော့မှ ကြောက်နေစရာ မလိုတော့ပါဘူး။ ရုပ်ခန္ဓာသေခြင်းက ပြီးပြည့်စုံလင်တဲ့နေရာဖြစ်တဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်သို့ သင့်ကို တိုက်ရိုက် ယူဆောင်သွားမယ် ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ သင်နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကလည်း ယေရှုတစ်နေ့ပြန်လာမယ်ဆိုတာ ပြောထားပါတယ်။ အဲဒီအချိန်ကျရင် သူ့လိုပဲ ကျွန်ုပ်တို့ရဲ့ ရုပ်ခန္ဓာများလည်း ပြန်လည်ထမြောက်ပြီး ဒီရုပ်ခန္ဓာတွေကို ပြီးပြည့်စုံမှုရှိအောင်၊ စုံလင်အောင် လုပ်ပေးမှာ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်များကိုသာမက ခန္ဓာတစ်ခုလုံးကို ကယ်တင်ဖို့ ဘုရားသခင်က ကတိပေးခဲ့ပါတယ်။

       တကယ်တော့ ဒီဆက်ဆံရေးက အခုကတည်းက စတင်တာဖြစ်ပါတယ်။ ဒီဘဝမှာကို အစပြုပါတယ်။ ခရစ်ယာန်ဖြစ်လာတာနဲ့ သင့်ပြဿနာများအားလုံး ချက်ချင်းပျောက်သွားမယ်လို့ ယူဆလို့မရပါဘူး။ နေ့စဉ်ဘဝအသက်တာရဲ့ စိန်ခေါ်မှုများနဲ့၊ ဒုစရိုက်များနဲ့ပြည့်ပြီး ယိုယွင်းနေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရာက ပေါ်ပေါက်လာတဲ့ အခက်အခဲများကို ရင်ဆိုင်တွေ့ကြုံနေရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအနေအထားက ခြားနားမှုရှိပါတယ်။ သင့်စိတ်နှလုံးထဲမှာ ကိန်းဝပ်ခြင်းဖြင့် သင်နဲ့အတူရှိဖို့ ကတိပေးခဲ့တဲ့ ဘုရားသခင်နဲ့အတူ ဒီစိန်ခေါ်မှုအားလုံးကို သင်ရင်ဆိုင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အချိန်မရွေး၊ နေရာမရွေး အကူအညီ ရယူဖို့အတွက် သူ့ထံကို သင်သွားနိုင်မှာဖြစ်ပါတယ်။ ဘဝခရီးလမ်းတစ်လျှောက် သင့်ဘေးမှာ အတူလိုက်လျှောက်ပြီး သင်ဖြစ်လိုတဲ့သူဖြစ်လာအောင် တိုက်တွန်းနေ၊ ခွန်အားပေးနေ၊ သတိပေးနေ၊ ကူညီနေမှာဖြစ်ပါတယ်။

       ကမ္ဘာကြီးကို ဖန်ဆင်းပြီး အရာခပ်သိမ်းကို အပြည့်အဝ ထိန်းချုပ်လျက်ရှိတဲ့ ဘုရားသခင်အပေါ်မှာ သင်ယခု မှီခိုနေနိုင်ပါပြီ။ ဒီအရာအားလုံးရဲ့ ဆိုလိုရင်းကတော့ သင့်မှာမျှော်လင့်ချက် ရှိတယ်ဆိုတာပါပဲ။ ဘဝက ဦးတည်ရာမဲ့ အဓိပ္ပာယ်မဲ့ ဖြစ်မနေတော့ပါဘူး။ အဲဒီအစား ယုံကြည်စိတ်ချမှု၊ ရည်ရွယ်ချက်၊ ရုပ်ခန္ဓာသေပြီးနောက် ထာဝရအသက်ရမယ်ဆိုတဲ့ ကတိများနဲ့ သင်ရှင်သန်ရမှာ ဖြစ်ပါတယ်။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>