ဖေဖေများထံသို့

ဖခင်ကောင်း

ဖတ်ရန်-   ဆာလံကျမ်း ၆၃


အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ ဆာ ၆၃:၆


ကျွန်မသား ဇေဗီယာ ငယ်စဉ်က ကျွန်မ၏ခင်ပွန်းသည် အလုပ်ကိစ္စဖြင့် မကြာခဏ ခရီးထွက်ရသည်။ ဖခင်က ဖုန်းမကြာခဏ ဆက်သော်လည်း ဇေဗီယာ အတွက် စိတ်သက်သာရာ မရခဲ့သလို ဇေဗီယာ မှာ ခက်ခဲ့သည့်ညများကို ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ညအိပ်ရာဝင်ခါနီး ဖခင်ကို လိုအပ်သည်ဟု သူခံစားရချိန်တွင် ဓာတ်ပုံအယ်လ်ဘမ်ကို ထုတ်ပြပြီး သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ သူ့အဖေနှင့် အတူရိုက်ထားသည့်ဓာတ်ပုံများကို ထောက်ပြပြီး ‘‘သားဒီအချိန်တွေကို မှတ်မိသေးလား’’ ဟု မေးခဲ့သည်။

  ဤအမှတ်တရများကို တစ်ခုပြီးတစ်ခုကြည့်ပြီးနောက် သားလေးအတွက် ခွန်အားဖြစ်စေပြီး ‘‘သားမှာ ဖခင်ကောင်း တစ်ယောက်ရှိတယ်’’ ဆိုသည့်စကားကို သားက မကြာခဏ ပြောလေ့ရှိသည်။

သားလေး သူ့အဖေကို မတွေ့ရသည့်အချိန်များတွင် သူအဖေ သူ့ကိုချစ်ကြောင်း သတိပေးရန် ကျွန်မသဘောပေါက်ခဲ့သည်။ ကျွန်မလည်း ဘဝခက်ခဲပြီး အထီးကျန်သည့်အချိန်တိုင်းတွင် ကျွန်မသည် အချစ်ခံရပါကြောင်း၊ အထူးသဖြင့် အဘဘုရားသခင် ချစ်ကြောင်း ကျွန်မသိလိုပါသည်။

ဒါဝိဒ်သည် ရေမရှိသွေ့ခြောက်နေသည့် လွင်ပြင်၌ ရန်သူများလက်မှ ပုန်းကွယ် နေရချိန်တွင် ထာဝရဘုရားအား ဆာငတ်တောင့်တမှုကို သူကြွေးကြော်ခဲ့သည်။ ဆာလံ ၆၃း၁ တွင် သူခံစားကြုံခဲ့ရသည့် ထာဝရဘုရားသခင်၏ အနှိုင်းမဲ့သောဘုန်းတန်ခိုး အာနုဘော်နှင့် ကျေနပ်နှစ်သိမ့်မှုကိုပေးသည့် ချစ်ခြင်းမေတ္တာကို သူသတိရအောက်မေ့ သောအခါ ထာဝရဘုရားကို သူချီးမွမ်းနိုင်ခဲ့သည် (း၂-၃)။ ခက်ခဲဆိုးယုတ်သည့်ညအချိန် များတွင်ပင် အဘဘုရား၏မေတ္တာနှင့်ဂရုစိုက်မှုကို အမှီပြုလျက် သူဝမ်းမြောက်နိုင် ခဲ့သည် (:၆-၈)။

ဘဝ၏မှောင်မိုက်သောညများနှင့် ဘုရားသခင်သည် ကျွန်မတို့အနီးတွင် မရှိဟု ခံစားရချိန်များတွင် ကိုယ်တော်သည် မည်သို့သောဘုရားဖြစ်သည်၊ သူ့မေတ္တာကို မည်သို့ပြခဲ့သည်ကို သတိပေးမည့်သူ၊ သတိပေးမည့်အရာကို ကျွန်မတို့ လိုအပ်သည်။ ဘုရားသခင်နှင့် မိမိ၏ကိုယ်ပိုင်အတွေ့အကြုံများကို ဆင်ခြင်ခြင်း၊ ကျမ်းစာ၌ ဖော်ပြထား သည့် ကိုယ်တော်ပြုသည့်အမှုများကို ဆင်ခြင်ခြင်းဖြင့် ကောင်းမြတ်သော ကျွန်မတို့၏ အဘဘုရားသခင်သည် ကျွန်မတို့ကို နည်းအသွယ်သွယ်ဖြင့် ချစ်ကြောင်း အတည်ပြု ပေးပါသည်။

စဥ်းစားဆင်ခြင်ရန်နှင့် ဆုတောင်းရန်

ထာဝရဘုရား၏သဘောတော်ကို ဖော်ပြသည့် ကိုယ်တော်ပြုသည့်အမှုများသည် ကိုယ်တော် ကျွန်ုပ်တို့ကို ချစ်ကြောင်း သက်သေပြနေသည်။

အဘဘုရား၊ ကိုယ်တော်၏လူများ၊ ကျွန်ုပ်တို့၏အသက်တာနှင့် နှုတ်ကပတ်ကျမ်းစကားအားဖြင့် ကိုယ်တော်၏အဆုံးမဲ့မေတ္တာကို ဖော်ပြသည့်အတွက် ကျေးဇူးတင်ပါသည်။

Xochitl Dixon

နောက်တစ်နေ့စာမူ ဖတ်ရန်>>