ဖေဖေများထံသို့

အဗ္ဗ အဘ

ဖတ်ရန်-   ရောမသြဝါဒစာ ၈:၁၂-၁၇


ဘုရားသခင်သည် ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏အဘဖြစ်၍ မုဆိုးမတို့ ဘက်မှာ တရားစီရင်တော်မူ၏။ဆာ ၆၈:၅


ဖခင်များနေ့ ပို့စကတ်လေးထဲမှ သရုပ်ဖော်ပုံလေးက ဟာသမြောက်လှသည်။ ဖခင် တစ်ဦးသည် လက်တစ်ဘက်တည်းနှင့် မြက်ရိတ်စက်ကို တွန်းကာ မြက်ရိတ်နေပြီး ကျန် တစ်ဘက်နှင့် ကလေးတွန်းလှည်းကို ကျွမ်းကျင်စွာ ဆွဲထားသည်။ တွန်းလှည်းပေါ်၌ သုံးနှစ် သမီးငယ်လေးထိုင်နေပြီး ဆူဆူညံညံလှည့်ပတ်နေရသည်ကို ပျော်မြူးနေသည်။ အန္တရာယ်ရှိပါသည်။ သို့သော် အမျိုးသားများသည် အလုပ် မျိုးစုံကို တစ်ပြိုင်တည်း မလုပ်နိုင်ဟု မည်သူ ပြောမည်နည်း။

 သင်၌ ဖခင်ကောင်းတစ်ဦးရှိပါက ထိုမြင်ကွင်းလေး သည် ပျော်ရွှင်ဖွယ် အမှတ်တရများကို ပြန်သတိရစေမည်။ သို့သော် လူအများစုအတွက် `အဖေ´ဟူသည် မပြည့်၀ မစုံလင်ခြင်းလက္ခဏာ တစ်ရပ်သာဖြစ်သည်။ ဖခင်ကွယ်လွန် သွားသောအခါ၊ ကျွန်ုပ်တို့လိုအပ်မှုများကို မဖြည့်ဆည်း ပေးနိုင် သောအခါ၊ ကျွန်ုပ်တို့ကို ထိခိုက် နာကျင်စေသောအခါ ကျွန်ုပ်တို့ မည်သူ့ထံချဉ်းကပ်ရမည်နည်း။

ဖခင်တစ်ဦးအနေနှင့် ဒါဝိဒ်မင်း၌ အားနည်းချက်များ ရှိသည်မှန်သော်လည်း ဘုရားသခင်သည် မိဘသဖွယ်ဖြစ်ကြောင်း ဘုရား၏သဘော သဘာဝကို ဒါဝိဒ် နားလည်သည်။ ‘‘ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသောသူတို့၏အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ ၏’’ (ဆာ ၆၈:၅-၆) ဟု ဒါဝိဒ်ရေးသားခဲ့သည်။ တမန်တော် ရှင်ပေါလုက ဤအချက်ကို အကျယ်ဖြန့်ပြီး ‘‘သင်တို့ ခံယူရရှိသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား သားဖြစ်ရသောအခွင့်ကို ဆောင်ကြဉ်းပေးသည်’’။ ထို့နောက် အာရပ်စကားတွင် ကလေးငယ်များ ဖခင်ကို ခေါ်ဝေါ်သောအသုံးနှုန်းကို ယူ၍ ‘‘အဗ္ဗ အဘဟု ခေါ်ရသော အခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို ရကြပြီ’’ ဟု (ရော ၈:၁၅) ထပ်လောင်း ပြောထား သည်။ ၎င်းသည် သစ္စာဖောက်ခံရသည့်ညက စိတ်ပူပန်လျက် ခမည်းတော်ထံ ဆုတောင်းစဉ်က သခင်ယေရှု အသုံးပြုခဲ့သည့် စကားလုံးနှင့် အတူတူပင် ဖြစ်သည် (မာ ၁၄:၃၆)။

သခင်ယေရှုအသုံးပြုခဲ့သည့် အကျွမ်းတဝင်ရှိလှသည့် `အဗ္ဗ အဘ´ဟု ခေါ်ဝေါ်ကာ ဘုရားသခင်ထံ ချဉ်းကပ်တိုးဝင်ရခြင်းကား ကြီးမြတ်လှသည့် အခွင့်အရေး ဖြစ်သည်။ သူ့ထံလာသူတိုင်းအား သူ့မိသားစုအတွင်းသို့ ကျွန်ုပ်တို့၏ ‘အဗ္ဗ အဘ’က ကမ်းလင့်ကြိုနေပါသည်။

စဥ်းစားဆင်ခြင်ရန်နှင့် ဆုတောင်းရန်

ဖခင်ကောင်းတစ်ဦးသည် ကောင်းကင်ဘုံရှင်အဘဘုရား၏ မေတ္တာတော်ကို ထင်ဟပ်ပြသသည်။

ကောင်းကင်ဘုံရှင်အဘ၊ ကိုယ်တော်၏ မိသားစုဝင်ဖြစ်လိုပါ၏။ တစ်ပါးတည်းသားတော် သခင်ယေရှုက ကျွန်ုပ်အပြစ်အတွက် အသေခံပေးခဲ့ကြောင်း ယုံကြည်ပါ၏။ အပြစ်များကို ခွင့်လွှတ်ပြီး ကိုယ်တော်နှစ်သက်သော အသက်တာရှင်သန်နိုင်ရန် မစကူညီတော်မူပါ။

Tim Gustafson

နောက်တစ်နေ့စာမူ ဖတ်ရန်>>