ဖေဖေများထံသို့

ပူစရာမရှိ

ဖတ်ရန်-  ရှင်မာကုခရစ်ဝင် ၄း၃၅-၅း၁


… ကမ်းတစ်ဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်… မာ ၄:၃၅


သက်သောင့်သက်သာ စီးနင်းလာသည့် လေယာဉ်က တုန်ခါလာပြီး အစားအသောက်ကျွေးမွေးနေချိန်တွင် လေယာဉ်မှူးက ခရီးသည်များအားလုံး ထိုင်ခုံ ခါးပတ်များကို သေချာစွာ ပတ်ထားရန် သတိပေးသံထွက်ပေါ်လာသည်။ လေယာဉ်သည် လေထန်သည့် သမုဒ္ဒရာအထက်၌ လူးလိမ့်နေသည်။ ခရီးသည်အားလုံးက မိမိတို့ ဘာသာ အဆင်ပြေအောင် ကြိုးစား ရုန်းကန်နေစဉ် ကလေးမလေး တစ်ဦးက အိန္ဒြေမပျက် စာဖတ်မြဲဖတ်နေသည်။ လေယာဉ် မြေပြင်သို့ ဆင်းသက်ပြီး ကာမှ သူမအား ဘာ့ကြောင့် ဤသို့ ငြိမ်သက် အေးဆေးနိုင်သနည်းဟု မေးရာ `လေယာဉ်မှူးက သမီးဖေဖေလေ၊ ဖေဖေက သမီးကို အိမ်အရောက်ပို့ပေးမှာ´ ဟု ဖြေလိုက်တော့သည်။

  သခင်ယေရှု၏ တပည့်တော်များသည် ဝါရင့် တံငါသည်များဖြစ်သော်ငြားလည်း လှိုင်းလေထန်၍ မုန်တိုင်းကျသည့်နေ့က ၎င်းတို့၏လှေနစ်မြှုပ်မည်ကို စိုးရိမ်လျက် ကြောက်လန့်တုန်လှုပ်ကြသည်။ ယေရှုမိန့်ကြားသည့် အတိုင်း ၎င်းတို့လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘာကြောင့် ထိုသို့ဖြစ်ရသနည်း (မာ ၄:၁၅ – ၃၈)။ ၎င်းတို့နှင့်အတူ ကိုယ်တော်ရှိသော်လည်း ကိုယ်တော်က လှေဦး၌ အိပ်စက်လျက်နေသည်။ သခင့်စကားအတိုင်း နာခံလုပ်ဆောင်လျှင် ဘဝ၌ မုန်တိုင်းမကြုံရ ဟူသော အချက်က မမှန်ကန်ကြောင်း ထိုနေ့က သူတို့သိလိုက်ရသည်။ သို့သော် ကိုယ်တော် အတူပါရှိခြင်းကြောင့် ကိုယ်တော်စေရာသို့ အရောက်သွားရန် မည်သည့်မုန်တိုင်းကမှ ကျွန်ုပ်တို့ကို မဟန့်တားနိုင်ပြီ (၅း၁)။

ဝမ်းနည်းစရာ မတော်တဆမှုကြောင့်ဖြစ်စေ၊ အလုပ်ပြုတ်ခြင်းကြောင့်ဖြစ်စေ၊ အခြားမည်သည့် စုံစမ်းစစ်ကြောမှုကြောင့်ဖြစ်စေ၊ ဘဝလောကဓံမုန်တိုင်း တစ်စုံတစ်ရာကို ကြုံတွေ့ခံစားနေလျှင် အားလုံးမဆုံးရှုံးသေးကြောင်း စိတ်ချထားပါ။ ကျွန်ုပ်တို့၏ ပဲ့ကိုင်ရှင်က မုန်တိုင်းကို ထိန်းချုပ်လျက် အိမ်ပြန်ရောက်အောင် ပို့ဆောင်လိမ့်မည်။

စဥ်းစားဆင်ခြင်ရန်နှင့် ဆုတောင်းရန်

ယနေ့ မည်သည့် မုန်တိုင်းကို သင်ရင်ဆိုင်နေရသနည်း။ ချစ်ခင်သူနှင့် ကွေ့ကွင်းရခြင်းလား၊ အသည်းအသန်ဖျားနာခြင်းလား၊ အလုပ်လက်မဲ့ဖြစ်လျက် ဒုက္ခရောက်နေခြင်းလား၊ သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး တစ်ဖက်ကမ်းသို့ လုံခြုံစွာ ပို့ဆောင်ပေးရန် ထာဝရဘုရားအား တောင်းလျှောက်ပါ။

ကျောက်ဆူးသဖွယ် မှီခိုအားထားရာဖြစ်သော ယေရှုရှင်နှင့်အတူရှိလျှင် ကျွန်ုပ်တို့ မုန်တိုင်းကို ကြောက်ရန် မလိုပါ။

C.P.Hia

နောက်တစ်နေ့စာမူ ဖတ်ရန်>>