ဘဝ၏ အနိဋ္ဌာရုံများကို အောင်နိုင်ခဲ့သူ ယောသပ်
ဘဝ၏ စိန်ခေါ်မှုများကို ကျော်လွှားအောင်နိုင်ခဲ့ခြင်း
“ဘောလုံးပွဲ ငါးပွဲကို ဆက်တိုက်ရှုံးရတာက ဆိုးလှပြီ၊ ဒါထက် စိတ်ပျက် ဖို့ ကောင်းတာက ကျွန်တော်တို့ဟာ အမှားတစ်ခုကို ထပ်ခါထပ်ခါ မှားကြတယ်၊ အဲဒီအမှားကနေ ဘာသင်ခန်းစာမှ မယူလိုက်နိုင်တာက ပိုဆိုးတယ်ဗျာ”ဟု နည်းပြတစ်ဦးက ညည်းဖူးသည်။
နာကြည်းစွာခံစားရသော ဆုံးရှုံးမှုများကို ကစားကွင်းပြင်ပ ဘဝ အသက်တာ့လည်း ကြုံတွေ့ရတတ်သည်၊ ဆုံးရှုံးမှုအတွက် နာကြည်း ရခြင်းထက် ထိုအရှုံးမှ ဘာသင်ခန်းစာမှ မရလိုက်ခြင်းက ဝမ်းနည်းဖွယ် အခံရအခက်ဆုံးဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်တတ်လာသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် လုပ်ဆောင် နေကြောင်း အမှန်ယုံကြည်လျှင် ခက်ခဲသော၊ နာကျင်သော၊ မျက်ရည် လွှမ်းသော အတွေ့အကြုံများကို အခွင့်ပေးလျက် ဘဝစာသင်ခန်း၌ သင်ယူရန် အရေးကြီးသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပေ၏။
ဓမ္မဟောင်းကျမ်းမှ ယောသပ်သည် အလွန်ခဲယဉ်းသော အခြေအနေများမှ ကြောက်မက်ဖွယ် အန္တရာယ်၊ ပြဿနာများကို ကျော်လွှားအနိုင်ယူခဲ့သည်။ အောင်မြင်ရေးနည်းလမ်းများကို ရရှိသင်ယူခဲ့သည်။ ယောသပ် ခံစားတွေ့ကြုံခဲ့ရသည်များကို လေ့လာပြီးသောအခါ တစ်စုံတစ်ခုသော သင်ရန်စာ ရကြပါစေဟု ဆုတောင်းအပ်ပါသည် – Bill Crowder
ဘဝသင်ခန်းစာများ
“Happy Days” ဆိုသည့် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ဖခင် Howard က သူ့သား Richie Cunningham ၏နေပုံထိုင်ပုံကို မကြိုက်သောကြောင့် နောင်ကြဉ်သွားစေရန် ဆုံးမလိုက်သည်၊ သား အဖ နှစ်ယောက် တွေ့ကြသော် ဖခင်က “ဒီလိုလုပ်လိုက်တာ မင်းအတွက် မှတ်လောက်သားလောက်ဖြစ်အောင် ဆုံးမလိုက်တာ မင်းသိရဲ့လား”ဟု မေးလိုက်သည်။ သားငယ်က “ဒီလောက်နာကြည်းအောင် အပြစ်ပေးတယ်ဆိုတော့ အကြောင်းတစ်ခုခု ရှိပြီဆိုတာ သဘောပေါက်ပါတယ်” ဟု အသိတရားနှင့် တုံ့ပြန်လိုက်သည်။
သူ့အဖြေကမှန်ပါ၏။ လူတို့သည် သက်သာကောင်းမွန်စွာ နေရချိန်တွင် ကျေးဇူးတရားကို မသိတတ်ဘဲ ဒုက္ခအခက်အခဲ ကြုံတွေ့ ကာမှ အသိတရားရတတ်ကြသည်၊ စိတ်သောက ဆိုးဆိုးဝါးဝါးခံရခြင်းက ဘဝအတွက် သင်ခန်းစာများစွာရရှိစေ၏။
ကျွန်တော့် ဖခင်ကွယ်လွန်သွားချိန်တွင် မိတ်ဆွေသင်းအုပ် ဆရာတစ်ပါးက ဈာပနကိစ္စအဝ၀ဆောင်ရွက်ပေးရန် အိမ်သို့ရောက်လာသည်။ ကျွန်တော့်အတွေ့အကြုံက နုသေးသည်။ ဖခင်၏ဈာပန၌ ပထမဆုံးအကြိမ် သင်္ခါရတရားဟောရသည်။ မိတ်ဆွေက “ခင်ဗျား ဘယ်လောက် စိတ်ထိခိုက်မယ်ဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ တစ်ချိန်ကျရင် ဒီအပတ်အတွင်း ခံစားရတဲ့ ဒီအတွေ့အကြုံကရတဲ့ သင်ခန်းစာကို ကျေးဇူးတင်တတ်လိမ့်မယ်။ ကျုပ်မှာတော့ ရင်းရင်းနှီးနှီး ချစ်ခင်သူတွေကို မဆုံးရှုံးသေးဘူးပေမဲ့ သင်္ခါရတရားတွေ ဟောနေရပြီ။ သူတို့ကြေကွဲဝမ်းနည်းရဆုံးအချိန်မှာ သူတို့ကို အမှန်တကယ် နှစ်သိမ့်သက်သာမှုပေးခဲ့တယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး။ ဘာဖြစ်လိုလဲဆိုတော့ ကျုပ်က ဒီလိုနာကျင်ကြေကွဲမှုကို တစ်ခါမှ မခံစားဘူးပဲကိုး၊ နာကျင် ခံစားနေရချိန်မှ သင်ယူရရှိလိုက်တဲ့အရာအားဖြင့် အခြားသူတွေ ကြေကွဲ ချိန်မှာ ထိထိရောက်ရောက် မစစောင်မနိုင်လိမ့်မယ်” လို့ အားပေး သွားသည်။
ဓမ္္မစ်ကျမ်းမှ လက်တွေ့အကျဆုံးသြဝါဒစာတွင် “ငါ့ညီအစ်ကိုတို့။ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက် အထူးထူးအပြားအပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည် ဟု မှတ်ကြလော့။ သင်တို့သည် အလျင်း မချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန် အစင်ပြုပြင်ပါစေ” (ယာကုပ် ၁း၂-၄)ဟု ဆိုထားသည်။ ဆိုလိုရင်းက ရိုးစင်းပါသည်။ ဘုရားသခင်သည် အဘယ်အမှုကိုမှ အလဟသ မဖြစ်စေ ပါ။ အသက်တာတွင် ဖြစ်ပျက်သမျှအမှုခပ်သိမ်းတို့ အဓိပ္ပာယ်ရှိပြီး ယုံကြည်ခြင်းတိုးပွားစေရန်က အဓိကဖြစ်သည်။
ကျွန်ုပ်တို့ ကြုံရသော ဘဝအရှုပ်အထွေးများကို ဖြေရှင်းတတ်ရန်
ယောသပ်၏အဖြစ်အပျက်က သွန်သင်လမ်းပြပေးနေသည်။
လူ့ဘဝသည် ရှေ့လာမည့် အနာဂတ်ကိုသာ မျှော်ကြည့်ရမည်။ ရှေ့သို့သာ တက်လှမ်းရမည်။ သို့သော်လည်း အတိတ်ဖြစ်စဉ်ကို ပြန် ကြည့်ရန်လိုသည်။ ပရမ်းပတာ အခြေအနေမျိုး ရင်ဆိုင်ရသောအခါ ဘုရားရှင်က အမှုအရာအလုံးစုံကို ချုပ်ကိုင်လျက်ရှိကြောင်း ယုံကြည်ရမည်။
၄င်းကို “…ငါတို့ကို ချစ်တော်မူသောသူ၏မေတ္တာတော်ကြောင့် မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းနှင့် လျှောက်လှမ်းခြင်း” ဟု ရှင်ပေါလု ညွှန်ဆိုပေ၏ (၂ ကော ၅:၇)။ လူတို့၏မွေးရာပါ ဗီဇက ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းသိမ်းလိုကြသည်ဦ သို့သော် ပြုလေရာရာ၌ လွဲချော်မှားယွင်းမှုကင်းသည့် အဖဘုရား၏ မေတ္တာတော်ကို ကိုးစားရန် ဘုရားရှင်အလိုရှိသည်။ မေတ္တာတော်အားဖြင် ခပ်သိမ်းသော အမှုကို ခံနေရစဉ်မှာပင် အထူးအောင်မြင်သူဖြစ်အောင် ပြုပေးသည့် ဘု၇ားရှင်ကို အမှီပြုရန် အလိုရှိသည် (ရော ၈:၃၇)။
ယောသပ်၏အတွေ့အကြုံက ဤသို့သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေသည်။ သူ့ဘဝ၌ ခဲယဉ်းပိတ်မှောင်သော ဒုက္ခအပြည့် ကြုံတွေ့ခဲ့ရသော်လည်း အောင်မြင်ခဲ့ခြင်းက အံ့ဖွယ်ရာတည်း။ အမှန်စင်စစ် ကျွန်ုပ်တို့ကြုံရသော ဘဝ အရှုပ်အထွေးများကို ဖြေရှင်းတတ်ရန် ယောသပ်၏ အဖြစ်က သွန်သင်လမ်းပြပေးသည်။ သူသည် ဘုရားမဲ့တရားမဲ့ ပတ်ဝန်းကျင်တွင် ဘုရားကို ဆက်ကပ်သူတစ်ဦးဖြစ်ခဲ့သည်။ ဒုက္ခအပေါင်းကို အနိုင်ယူနိုင်သူ အမှန်ဖြစ်သောကြောင့် သူ့ဘဝစံနမူနာက ပြဿနာများကို ရင်ဆိုင်နိုင်အောင် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးလျက်ရှိသည်။
စာရေးသူ Bill Crowder
ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်