ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း
သစ္စာဖောက်ခံရခြင်းကို အောင်နိုင်ခြင်း
သစ္စာဖောက်ခြင်းဆိုသောဝေါဟာရသည် နားဝင်ချိုသောစကား မဟုတ်ပါ၊ ထိုစကားကိုကြားသည်တွင် တိုင်းပြည်ကို ရောင်းစားသော Benedict Arnold၊ ထားဒဏ်ရာနှင့် အသက်ထွက်ကာနီး ဧကရာဇ် ဆီဇာဘုရင်က သူ့လူယုံတော် ဘရုတပ်(စ်)ကို “သြော် မင်းလည်း ကြံရာပါပဲကိုး”ဟု ပြောသွားပုံ၊ ထိုမျှမက သားတော်ကို ဖက်ယမ်းနမ်းရှုပ်ပြီး အသပြာ (၃၀) ဖြင့် သစ္စာဖောက်လိုက်သူ ယုဒရှကာရုတ်တို့ကို မြင်ယောင်မိသည်။
ယောသပ်အကြောင်းကို လေ့လာပြန်သောအခါ တစ်မိသားစု ညီအစ်ကိုချင်း၏ သစ္စာ ဖောက်ခြင်းကို နာကျင်စွာခံခဲ့ရသည်။ ထိုဒုက္ခက ယာယီခဏမျှသာဖြစ်သော်ငြားလည်း ၄င်းကိုအောင်မြင် ကျော်လွှားနိုင်ရေး ယောသပ်ကလေး သင်ယူခဲ့ရပါသည်။
စိတ်ဖိစီးမှုအစပျိုးခြင်း။ တစ်ချိန်က ကျွန်တော့်အသင်းတော်သို့ လာရောက် မိတ်သဟာယဖွဲ့သော မိသားစုတစ်ခုရှိသည်။ ၄င်းတို့ အိမ်သို့ ကျွန်တော်သွား ရောက်ခဲ့ရာ အိမ်တွင်းဝင်လိုက်သည်နှင့် တင်းမာ မှုများရှိ နေသည်ကို သတိပြုမိလိုက်သည်။ ၄၅ မိနစ်အတွင်းတွင် လင်မယားနှစ်ယောက် တစ်ဦးနှင့် တစ်ဦး စကားမပြောကြောင်း၊ လင်မယားကြား အိမ်တွင်းစစ်ပွဲက သားသမီးများထံ ဂယက်ရိုက်ကူးစက်သွားကြောင်း သိလိုက်ရသည်။
အိမ်ထောင်ဟူသည် တစ်ဦးနှင့် တစ်ဦး နွေးထွေးစွာလက်ခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် လုံခြုံမှုအပြည့်ရှိသည့်နေရာဟု ယူဆထားကြသော်လည်း များသောအားဖြင့် ထိုသို့ဖြစ်တည်မနေဘဲ မလိုမုန်းထားမှု။ ဒေါသတရားနှင့် ခါးသီးစိတ်များ ပေါက်ပွားရာနေရာဖြစ်နေတတ်သည်။ ယောသပ်မိသားစုတွင်းလည်း ထိုသို့ တင်းမာမှုရှိခဲ့ကြောင်း ကမ္ဘာဦး ကျမ်း ၃၇ က ဖော်ပြထားသည်။
ဒေါသယမ်းအိုးနှင့် စနက်မီးကြိုး၊ အာဗြဟံ၏မြေး၊ ဣဇက်၏သား ယာကုပ်သည် သူစိုက်ခဲ့သည့်အတိုင်း ရိတ်ရသည်ကို ခါးသီးစွာ သဘောပေါက်သွားခဲ့ရသည်။ ကမ္ဘာဦးကျမ်း (၂) တွင် အိမ်ထောင်ပြုခြင်းနှင့် ဆိုင်သော သြဝါဒကို မလိုက်နာဘဲ မယား(မိန်းမ)များစွာ ယူခဲ့သည်။ ထိုဇနီးများမှ သား (၁၂) ယောက် မွေးဖွားခဲ့သည်။ သားများက ဖခင်ရှေ့မျက်နှာရရန် အပြိုင်အဆိုင် နေရလုကြသည်။
ယာကုပ်က ဒုတိယဇနီး ရာခေလနှင့်ရသော ယောသပ်နှင့် ဗင်္ယာမိန် သားနှစ်ယောက်ကို မျက်နှာသာပေးခဲ့သောကြောင့် အခြေအနေက ပို၍ဆိုးသွားသည်၊ ထို့ကြောင့် မိသားစုအတွင်း အခြေ အနေ တင်းမာလာခဲ့သည်။ အခြားသားများထက် မျက်နှာသာရသောကြောင့် သူတို့ညီအစ်ကိုနှစ်ယောက်ကို အစ်ကိုများက အပေါင်းအသင်း မလုပ်ကြတော့ပါ။ ထို့ပြင် ယာကုပ်၏အကျင့် စရိုက်က သားများ၌ ပြန်ပေါ်လာသည်။ ယာကုပ်ဟူသည့် အမည်က “မသိ ကျိုးနွံပြုသူ” ဟု အဓိပ္ပာယ်ရသည်။ သားများက ထိုသဘောထားကို ဖခင်ထံမှ ကောင်းစွာအမွေ ရထားသည်။ ၎င်းတို့မိသားစုတွင်း၌ ရုန်းရင်းခတ်မှူ။ လှည့်စားမှု၊ မိမိ အကျိုးကိုသာ ကြည့်မှုများဖြင့် ပွထနေသည်။ ထို့ပြင် ညံ့ဖျင်းသော မိဘအုပ်ထိန်းမှုကြောင့် ပေါက်ကွဲလုအခြေအနေကို မတည်မငြိမ် ဖြစ်စေသည်။ ထိုအခြေအနေမှ ပေါက်ကွဲစေသောအချက် (၃) ချက်ကို ကမ္ဘာဦးကျမ်း (၃၇) တွင် တွေ့ရသည်။
- ဖခင်ယာကုပ်က သူ့အချစ်တော်သား ယောသပ်အား အစ်ကိုများကို ချောင်းမြောင်း စောင့် ကြည့်ခိုင်းခြင်း (:၂)၊
- ယာကုပ်က သားယောသပ်အား ဝတ်ကောင်းစားလှများ ဆင်မြန်းပေးခြင်း (:၃)၊
- ယာကုပ်၏ အပြုအမူနှင့် စိတ်ထားက ညီအစ်ကို အချင်းချင်း စိတ်ဝမ်းကွဲ စေခြင်း၊ သူတို့၏မကျေမနပ် အမျက်ဒေါသက ဖခင်အစား ညီငယ်ကို မုန်းခြင်း၊ အငြိုးထားခြင်းသို့ ဦးတည် သွားသည်(:၄)၊
ထိုသို့စိတ်ဝမ်းကွဲကြရခြင်းမှာ အိမ်ထောင်တွင်း ပြဿနာများ၌ အခြေခံသည်။ ဇနီးများအကြား မနာလိုစိတ်၊ အပြိုင်အဆိုင်စိတ်ပေါ်ကာ ပဋိပက္ခ ဖြစ်ခြင်းအကြောင်းကို (၁ ရာ ၁) တွင်လည်း တွေ့ရသည်။ လင်မယား ပေါင်းသင်းဆက်ဆံမှု ညံ့ဖျင်းသောအခါ အိမ်ထောင်အတွင်း အကုသိုလ် ဝင်တတ်သည်၊ လင်နှင့် မယား ကတောက်ကဆ ဖြစ်ပြီ ဆိုလျှင် တစ်အိမ်လုံး နေစရာမရှိ ဖြစ်ကြရသည်။ ဇနီးတစ်ယောက်ထက် ပိုယူထားခြင်းကလည်း ရင်းနှီးမှုကိုပျက်ပြားစေသည်။ ထိုတင်းမာသောအခြေအနေတွင် မိဘအုပ်ထိန်းမှု ဝတ္တရားများ ပျက်ကွက်ပါက ပေါက်ကွဲ စေတတ်သည်။
“လင်နှင့်မယား ကတောက်ကဆဖြစ်ပြီဆိုလျှင် တစ်အိမ်လုံးနေစရာမရှိ ဖြစ်ကြရသည်”
သားယောသပ်အား အခွင့်အရေး ပို၍ပေးမိခြင်းအားဖြင့် ယာကုပ်သည် အမှားနှစ်ခုကျူးလွန် ရာရောက်သွားသည်။ ပထမအမှားမှာ ယောသပ်သည် သူ့အစ်ကိုများထက် သာလွန်သည်ဟု တလွဲထင် အောင် သူပြုမိသည်။ ဒုတိယအမှားမှာ သားကြီးများက အဖေ သူတို့ကို ဂရုမစိုက် ပစ်ပယ်ထားပြီဟု အထင်အမြင်မှားအောင် ပြုမိသည်။ ဤသို့ဖြင့် ပေါ်ပေါက်သောတင်းမာမှုယမ်းအိုးအား မီးတို့လိုက်ရုံ ဖြင့် ပေါက်ကွဲ နိုင်သည့် အခြေအနေသို့ ဆိုက်စေသည်။ ယာကုပ်၏ ဆင်ခြင်တုံတရားမရှိ၊ နာခံစိတ်ကင်းမဲ့ခြင်းကြောင့် အိမ်ထောင်အတွင်း အမုန်းတရားနှင့် ပြည့်ခဲ့သည်။
မိသားစုအတွင်း တင်းမာမှုအကြောင်း စဉ်းစားရင်း ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ (၁) ၇က်နေ့က ရေးသားခဲ့သော သေတမ်းစာတစ်စောင်ကို ပြန်လည် အမှတ်ရမိသည်၊ ထိုစာတွင် –
“ကျွန်တော်၏သမီးများဖြစ်ကြသည့် Frances Marie နှင့် Denise Victoria တို့သည် ဖခင်အပေါ်ထားရှိ သော ၄င်းတို့၏စိတ်ထားကို အကြောင်း ပြု၍ တစ်ယောက်ကို တစ်ဒေါ်လာစီနှင့် အတူ ကျိန်စာတစ်စောင် ပေးခဲ့သည်။ ၄င်းတို့၏ဘဝအသက်တာ၌ ပျော်ရွှင်မှုကင်း၍ စိတ်ပျက်ဖွယ်နှင့် ဝမ်းနည်းခြင်းများကျရောက်ပါစေ။ သူတို့မကြာမီ သေဆုံးကြပါစေ။ မသေမီ ဝေဒနာခံစား ရသော နာတာရှည် ရောဂါစွဲကပ်ပါစေ။ သူတို့ ဝိညာဉ်တို့သည် ငရဲတွင် ထာဝရကာလ ညှဥ်းဆဲနှိပ်စက်ခြင်းခံရပါစေ” စသည်တို့ ထည့်သွင်းထားပါသည်။
ချစ်ခြင်းမေတ္တာကင်းမဲ့သောအခါ အိမ်ထောင်တွင်းအကျိုး နည်းရသည်။ ယာကုပ်၏မဆင်မခြင် လုပ်ရပ်က ယမ်းမှုန့်ပုံ ပေးသကဲ့သို့ ဖြစ်ပြီး ယောသပ်က ပြဿနာမီးမွေးသူ ဖြစ်သွားသည်။
လူငယ်တို့က ကမူးရှူးထိုးလုပ်တတ်ခြင်း။ ကြီးမြတ်သော ရာထူးဌာနန္တရ ရလိမ့်မည်ဟု ယောသပ်က အိပ်မက်ရူပါရုံရသည်။ အိပ်မက်အနက်ကို ဆင်ခြင်လျက် နားလည်အောင် ရှာကြံရမည့်အစား မိသားစု၌ သူ့ကိုမုန်းတီးနေပြီ ဖြစ်သောအစ်ကိုကြီးများရှေ့မှာပင် ဂုဏ်ယူ ဝင့်ကြွားစွာ ပြောပြခဲ့သည်။ ယောသပ်သည် အခြေအနေကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်ရာ၌ အမှားသုံးမျိုး လုပ်ခဲ့မိသည်။
- မိသားစုအတွင်း တင်းမာမှု ရှိနေသည်ကို သတိမပြုမိ၊ လက်လွတ်စပယ် မဆင်မခြင် ပြုကျင့်ပြောဆိုခြင်း၊
- သူ့အပြုအမူက သူတို့မိသားစုအတွင်း မည်သို့ဂယက်ရိုက်မည်ကို မတွေးမိ မခံစားမိခြင်း၊
- သူ့စကားက အဘယ်မျှ တာသွားသည်ကို မတွေးမိ။ ရင့်ကျက်မှုမရှိခြင်း၊
ရလဒ်ကား မုန်းတီးမှု၊ မနာလိုမရှုစိမ့်မှုနှင့် အမျက်ဒေါသများ စုပုံလာသည်။ ယောသပ်ငယ်ရွယ်စဉ်ဘဝက အမြော်အမြင်နှင့် ချင့်ချိန်နိုင်သော စွမ်းရည်မရှိခဲ့ပါ။ သူ့အစ်ကိုကြီး များအပေါ် စိုးမိုးရမည် ဆိုသည်က အမှန်ဖြစ်သော်လည်း ထိုအချိန်က သူ့အပြုအမူကို ကြည့်ခြင်းဖြင့် ထိုတာဝန်ကို ယူတင်ထမ်းဆောင်ရန် အသင့် မဖြစ်သေးကြောင်း တွေ့နိုင်ပေသည်။
ခေါင်းဆောင်ကောင်းတစ်ဦးရှိအပ်သော တာဝန်ဝတ္တရား၊ အရည်အချင်းစုံကို သိနားလည်ရန် ယောသပ်ကို ဘုရားရှင် ပြင်ဆင်ပေးနေ ခြင်းဖြစ်ပါသည်။ ခေါင်းဆောင်ဖြစ်မည့်သူသည် ဦးစွာအစေခံဖြစ်ရမည်။ သို့မှသာ သနားခြင်း၊ ကြင်နာခြင်းဆိုသော ခံစားတတ်သည့် နှလုံးသား ရှိလာလိမ့်မည်။ အစေခံသော ခေါင်းဆောင်မှု၌ အမြော်အမြင်နှင့် ချင့်ချိန် နိုင်စွမ်း၊ ခံစားသိလွယ်နိုင်စွမ်းနှင့် ရင့်ကျက်မှုတို့ ပေါ်လွင်နေသည်။ ၄င်းသည် အိမ်ထောင်ဦးစီး ခင်ပွန်းနှင့် အိမ်ရှင်မ ဇနီးတို့ကြားတွင်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်များ ကြားတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ကြီးကြပ်ရသူနှင့် အလုပ်သမားဝန်ထမ်းများ ကြားတွင်ဖြစ်စေ၊ ပြည်သူ့ ဝန်ထမ်းနှင့် နိုင်ငံသားများကြားတွင်ဖြစ်စေ အဆိုပါ ရင့်ကျက်မှုပြည့်ဝသော၊ အစေခံသောခေါင်းဆောင်များ လိုအပ်လျက်ရှိသည်။
ခရစ်ယာန်ခေါင်းဆောင်များအား “မိမိ၏ရာထူးအဆင့်ကို မိမိအကျိုးအတွက် အသုံးချအခွင့်အရေးယူနေသလား၊ ဘုန်းတော်ထင်ရှားစေရေး ဘုရားရှင်အား အသုံးပြုခွင့်ပေးသလား”ဟု မေးစရာ ရှိသည်။
“သခင်ဘုရား၊ ကျွန်တော်မျိုး လမ်းလွဲချိန်တွင် ပြုပြင်လိုစိတ် ပေးတော်မူပါ၊ လမ်းမှန်နေလျှင် ထိုအတိုင်း ထိန်းထားနိုင်စေပါ၊ ကျွန်တော်မျိုး၏ ရာထူးဂုဏ်ရှိန်ထက် မိမိ၏ပုံသက်သေကောင်း၏ တန်ခိုးက သာ၍ အားကောင်းစေပါ။”
ခေါင်းဆောင်မဖြစ်မီ အစေခံခြင်းမှရအပ်သော အတွေ့အကြုံများကို ရှာဖွေ သိုမှီးရသေးသည်။ ခေါင်းဆောင်နိုင်စွမ်း အရည်အသွေးကို အစေခံခြင်း အတွေ့အကြုံ သင်ခန်းစာများမှသာ ရရှိ သင်ယူနိုင်ပေသည်။
ညီအစ်ကို ၁၀ ဦးအနက် နံပါတ်တစ်ဖြစ်ရန် ရှာကြံခြင်း။ ယာကုပ်က သားငယ်ယောသပ်ကို အစ်ကိုကြီးများအား စောင့်ကြည့်စေသဖြင့် (က ၃၇:၁၂-၂၇)။ သူတို့အလယ်၌ ယောသပ်ရှိနေခြင်းက အစ်ကို ၁၀ ယောက် အတွက် စိတ်နာစရာဖြစ်သည်မှာ မဆန်းပါ၊ ထိုဖိစီးမှုဒဏ်က ပြင်းထန်လွန်း၍ ဖခင်၏အချစ်ဆုံးသားနှစ် ယောသပ်ကို သုတ်သင်ပစ်ရန် စီစဉ်တော့သည်။
ချစ်ခြင်းမေတ္တာနေရာ၌ ရွံရှာမုန်းတီးမှုက ဝင်လာ၍ အသေသတ်ပစ်ရန်အထိ ကြံစည်ကြသည် (:၁၈)၊ မေတ္တာစကားနေရာ သေရော် စကားဝင်လာသည်၊ ရုဗင်က အခြေအနေကိုထိန်းသည် (:၁၉)၊ သို့သော် မအောင်မြင် (:၂၁-၂၂)၊ ထို့နောက် တစ်ဆင့်ပြီးတစ်ဆင့် မကောင်းမှုကို ကျူးလွန်ကြတော့သည်။
- ယောသပ်. အဆင်ထူးခြားသောအင်္ကျီကို ဆွဲချွတ်သည်၊ ထို အင်္ကျီကြောင့် သူတို့စိတ်နာကျင်ရသည်။
- ထို့နောက် ယောသပ်ကို တွင်းထဲသို့ ချပစ်သည် (:၂၃-၂၄)၊ ယောသပ်ကို မမြင်လိုကြ။
- တွင်းနက်ထဲတွင် ယောသပ် စိတ်သောကရောက်နေစဉ် ခက်ထန်သောစိတ်ဖြင့် သူတို့က ပျော်ရွှင်စွာ အစာစားကြသည် (:၂၅)၊
- ထို့နောက် ကျွန်အဖြစ်ရောင်းစားကာ အစဖျောက်လိုက်ကြသည် (:၂၅-၂၈)၊ ဤသို့ပင် နိဂုံးချုပ်သင့်သည်ဟု ဆုံးဖြတ်ကြသည်။
အိမ်ထောင်တွင်း မပြေလည်လျှင် အကျိုးနည်းတတ်သည်။ မုန်းတီးစိတ်မှ ခါးသီးစိတ် ဖြစ်ပေါ်သည်(မ ၅း၂၁-၂၂)၊ ခါးသီးစိတ်၏ လက္ခဏာကား လျှာဖြင့် ကျိန်ဆဲခြင်းတည်း (ယာ ၃း၁-၈)၊ ခါးသီးစိတ်ကြောင့် ရလဒ်ကား လူကို မချစ်နိုင်တော့ပဲ အသုံးချကာ မတရားချယ်လှယ်တော့သည်။
မုန်းတီးစိတ်မှ ခါးသီးစိတ် ဖြစ်ပေါ်သည်။
ခါးသီးစိတ်၏ လက္ခဏာကား လျှာဖြင့် ကျိန်ဆဲခြင်းတည်း၊
ခါးသီးစိတ်ရလဒ်ကား မတရားချယ်လှယ်ခြင်းတည်း၊
မုန်းတီးစိတ်၏အရင်းအမြစ်နှင့် ဝမ်းနည်းဖွယ်ရလဒ်။ ယောသပ်အကြောင်း လေ့လာသူတို့က “ယောသပ်၏ဘဝသည် အဆုံးနိဂုံး၌ အားလုံးကောင်းသွားသည်ပင်”ဟု ခပ်ပေါ့ပေါ့ ပြောတတ်ကြသည်။ သို့သော် မုန်းတီးမှုလွှမ်းမိုးသောမိသားစုအနေနှင့် လတ်တလောခံစားရသည့် ပူဆွေးမှုကို တွေးကြည့်ပါ။ ဖြောင်းဖျစွက်ဖက်ရန် သတ္တိမရှိခြင်းကြောင့် ရူဗင် စိတ်မကောင်းဖြစ်ရသည်။ ယောသပ် ဒုက္ခရောက်ရခြင်းကြောင့် ပူဆွေးရသည်။ ညီအစ်ကိုတစ်စု ဖခင်ကြီးယာကုပ်ကို မုသာပြောသည်။ သို့သော် လိပ်ပြာမလုံ၊ အပြစ်ဝန်မှ သက်သာရာမရ (က ၄၂:၂၂)၊ ကိုယ်တိုင်လှည့်ဖြားခဲ့သော ယာကုပ်သည် သားများ၏လှည့်ဖြားမှုကို ခံရချေပြီ။ ခံရသော စိတ်သောကမှ သက်သာရေး သူ မတောင့်တာ၊ သူစိုက်ခဲ့သည့်အတိုင်း ရိတ်ရလေပြီ။ ဖခင်အား သူလှည့်ဖြားခဲ့သည့်အတိုင်း သူကိုယ်တိုင်ခံစားနေရ ခြင်းပင်။
အိမ်ထောင်တွင်း မုန်းတီးစိတ်များက ယောသပ်အား ကျွန်ဘဝသို့ တွန်းပို့ခဲ့သည်။ သို့သော် ကျမ်းစာ၌ ယောသပ်ကို ဒုက္ခဝေဒနာ ခံစားခဲ့ရသည်ဟု ဖော်ပြ မထားခြင်းက စိတ်ဝင်စားဖွယ်ကောင်းနေ၏။ အမှန်စင်စစ် သူ့ဘဝက သူ့အစ်ကိုများထက် သာလွန်ခဲ့သည်။ ကျွန်ဘဝ ရောက်နေလင့်ကစား၊ ဘုရားသခင်အလိုရှိသည့် နေရာ၏ သူရှိနေပါသည်။
ဘုရားရှင် သွန်သင်မည့် သင်ခန်းစာများကို ခံယူနိုင်မည့် အနေအထား၌ သူကွက်တိရှိနေသည်။ ထိုသင်ခန်းစာများက တစ်ချိန်တွင် သူ့ကို ခေါင်းဆောင်ကြီးဖြစ်စေပြီး အစ်ကိုတို့၏သစ္စာမဲ့ ဒုက္ခ ပေးခြင်းများကို အောင်နိုင်စေပါသည်၊ “အကယ်စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့် မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်းတော်မူ မည်” (ဆာ ၇၆:၁၀)၊ သစ္စာတော်ရှင် ဘုရားသခင်သည် ယောသပ် အသက်တာ၌ ကြုံရသည့် လူတို့၏ဆိုးညစ်မိုက်မဲမှုအားဖြင့် ဘုန်းတော်ကို ထင်ရှားစေခဲ့သည်။
စာရေးသူ Bill Crowder
ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်
