ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း
အပြစ်သွေးဆောင်မှုကို အောင်နိုင်ခြင်း
ဘဝအသက်တာတွင် ဒုက္ခအမျိုးမျိုး၊ သွေးဆောင်မှုအဖုံဖုံကို ကြုံကြရသည်။ အားကစားသတင်းကြေညာသူ Howard Cosell “မြင်သာသောအရာကို မလွတ်တမ်းအသုံးချပါ” ဟု ပြောသည်၊ အောင်မြင်မှုများနောက်၌ သွေးဆောင်ဖြားယောင်းမှုက ထက်ကြပ် မကွာ ကပ်ပါလာတတ် ရာ၊ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရခြင်းထက် အောင်မြင်မှု ကို ရင်ဆိုင်ရခြင်းက ပို၍ပင် ခက်ခဲသည်။ ယောသပ်သည် အောင်မြင်မှုနှင့် ဒွန်တွဲပါလာသော သွေးဆောင်ခြင်း၏ စိန်ခေါ်မှုကို တွေ့ကြုံခဲ့ရသည်။ နုပျိုသော်လည်း ရင့်ကျက်သည့်နှလုံးသား၌ ဘုရားရှင်၏သင်ခန်းစာက လွှမ်းမိုးခဲ့ကြောင်း ယောသပ်၏ဘဝက ဖော်ပြနေသည်။
ထူးကဲပြောင်မြောက်သော ယောသပ်၏ဘဝအလှည့်အပြောင်း စွန့်စားခန်းကြီးကို ကမ္ဘာ ဦးကျမ်း ၃၉ တွင် ဖော်ပြထားသည်။ သို့နှင့် သူသည် ဖာရောမင်း၏ ကိုယ်ရံတော်တပ်မှူး ပေါတိဖာပိုင်သည့် ကျွန်တစ်ဦးဖြစ်သွားသည်၊ ကျွန်ဘဝရောက်နေရလင့်ကစား ယောသပ်သည် ဘဝအနိမ့်အမြင့် လောကဓံကြားတွင် ခေါင်းဆောင်နိုင်မှု အရည်အချင်းကို သင်ယူရရှိခဲ့သည် (က ၃၇:၃၆)။
ပုံသက်သေအစွမ်း။ ပေါတိဖာသည် ကိုယ်ရံတော်တပ်မှူး တာဝန်ကို သာမက ပါးကွက်သားများ ကိုလည်း ကြီးကြပ်ရသူဖြစ်သည်ဟု ကျမ်းတတ် ပညာရှင်များက ယူဆကြသည်။ သူသည် ကြွယ်ဝချမ်းသာပြီး အစေခံကျွန်များစွာ ပိုင်ဆိုင်သည် (၃၉:၁၁၊၁၄)။ ယခု ယောသပ်ကို ထပ်မံ ဝယ်ယူပြန်သည်။ ယောသပ်၏ အစွမ်းအစ၊ အရည်အချင်းများ ရှိသော်လည်း ထိုအရည်အချင်းများက သူ့ဘဝ၌ အဓိကမကျ။ သူ့ဘက်၌ ထာဝရ ဘုရားရှိတော်မူခြင်းကသာ အခရာဖြစ်သည် (က ၃၉း၂)။
အသက် (၁၇) နှစ်မျှသာရှိသေးသော လူငယ်တစ်ယောက် အနေနှင့် မိသားစုမှ ဆွဲခွာခံရသည်သာမက ကျွန်အဖြစ် ရောင်းစားခံလိုက်ရခြင်းက ရင်နာစရာပါ။ ပိုးဆိုးသည်မှာ သူ၏မွေးချင်းတို့က ဤသို့ ရက်စက်လိုက်ခြင်းဖြစ်၍ မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ အစ်ကိုများစိတ်နာသည့် နည်းတူ သူကလည်း အစ်ကိုကြီးတို့ကို စိတ်နာ မုန်းတီးမည်ဟု ယူဆနိုင်သည်၊ သို့သော် ထိုသို့မဖြစ်ပါ။ ယောသပ်သည် မိဝေးဖဝေးနေရသော်လည်း ဘုရားရှင်သည် သူ့အနီးမှ ကာကွယ်လျက် အတူရှိနေကြောင်း သူအမှန်ခံစားခဲ့ရသည်။ ၄င်းအချက်သည် ကမ္ဘာဦး ကျမ်း ၃၉ ၏ အာဘော်ဖြစ်သည် (က ၃၉း၂-၃၊ ၂၁-၂၂)။
သူ့ကျွန်လေး၏စိတ်တွင် ဘုရားသခင်ကိန်းဝပ်လျက်ရှိကြောင်း ပေါတိဖာ အသိအမှတ်မပြုဘဲ မနေနိုင်ပြီ။ ဤသို့ဖြစ်ခြင်းကြောင့် ယောသပ်၏ပါရမီကို နှစ်သက်ချီးကျူးသည်သာမက ဘုရားသခင်၏ ဘုန်းတော်ကို မယုံကြည်သူ ပုဂ္ဂိုလ်ကြီးက အသိအမှတ်ပြုခဲ့ရသည်။
မှတ်သားသင်ယူရမည့်သင်ခန်းစာမှာ ယောသပ်သည် ရက်စက်သော သူ့ အစ်ကိုကြီးများကို စိတ်မနာသည့် အပြင် သူရောက်ရှိနေသည့် ကျွန်ဘဝ အခြေအနေကပင် သူ့ကို ချုပ်နှောင်စိုးမိုးခြင်းမရှိပါ။ ဘုရားသခင် အနီးအပါးတွင် ရှိနေကြောင်း ခံစားရ၍ ဖြစ်သမျှအကြောင်း ကောင်းချီးမင်္ဂလာ ဟု ရောင့်ရဲစိတ်နှင့် လက်ခံနိုင်သည် (ဟေဗြဲ ၁၃:၅-၆၊ ဖိ ၄:၁၀-၁၃)၊ ဘဝကို စိတ်ပျက်ဝမ်းနည်းနေမည့်အစား အသက်တာကို ကောင်းသည့် ဘက်မှ အသုံးချခဲ့သည်။ ဘုရားရှင်ကလည်း သစ္စာ ရှိသော၊ ရောင့်ရဲသော စိတ်နှလုံးသားကို နှစ်သက်အသုံးပြုပေ၏။
ယောသပ်၏စိတ်၌ ဘုရားသခင်ကိန်းဝပ်လျက်ရှိသည်ကို ပေါတိဖာက သိမှတ်လျက် ယခုတွင် သူ၏အိမ်မှုကိစ္စအဝ၀ကို ထိန်းသိမ်း အုပ်ချုပ် စေခဲ့သည် (က ၃၉:၃-၆)။ အခြားသောအခိုင်းအစေများကို ကြီးကြပ်ရသည်။ ဘဏ္ဍာငွေကြေးစီမံရသည်။ လူထုဆက်သွယ်မှု တာဝန်ကိုလည်း ယူရသည်။ ဤတာဝန်များကို ကျေပွန်စွာ ထမ်းရွက်ခဲ့ခြင်းဖြင့် အနာဂတ်တွင် ထမ်းရွက်ရမည့်အမှုကြီးအတွက် အလေ့အကျင့်ရခဲ့သည်။ သူလုပ်ဆောင်သမျှ၌လည်း ကောင်းချီးခံရသည်။ ကျွန်ဘဝနှင့် ရောင်းစား ခံရပြီးနောက် (၁၀) နှစ်ခန့်မျှတွင် ဤအဆင့်မြင့်ရာထူးကို ယောသပ်ရခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သွေးဆောင်မှုဒဏ်ကို ခံရလေတော့သည်။
သွေးဆောင်မှု၏ဆွဲအား။ “ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှသောသူဖြစ်၏”ဟု ကမ္ဘာဦးကျမ်း ၃၉:၆ တွင် သရုပ်ဖော်ထားသည်၊ ထို့ကြောင့် ပေါတိဖာ၏ဇနီးက မျက်စိကျတော့သည်၊ သူမက “ယောသပ်ကို တပ်မက်သောစိတ်”ယိုဖိတ်ခဲ့သည် (:၇)၊ ယခုခေတ်ကာလ အမေရိကန်ပြည်၏ စာရိတ္တနှင့်နီးစပ်မည်ဟု ထင်ရသည်။
မကြာမီကထုတ်ဝေသော McCall’sစာစောင်က အမျိုးသမီး ၆၀,ဝ၀ဝ နှင့် တွေ့ဆုံစစ်တမ်း ကောက်ယူရာ ၄၇%က အိမ်ထောင်မပြုဘဲ လိင် ဆက်ဆံခြင်းကို လက်ခံနိုင်ကြောင်း၊ ၂၇%က (မိမိခင်ပွန်းအပြင်) အခြားယောကျာ်းနှင့် ပေါင်းသင်းမှုကို လက်ခံနိုင်ကြောင်း ထုတ်ဖော်ပြောကြသည်။ ပေါတိဖာ၏ဇနီးသည်လည်း ဤသဘောထားများကို လက်ခံ နိုင်လိမ့်မည်။ ယောသပ်ကို စွဲလန်းလှသဖြင့် မိမိခန္ဓာကိုယ်ကို အပ်နှင်းရန် အလိုကြီးခဲ့သည်။
“အောင်မြင်မှုနှင့် အတူ စုံစမ်းစစ်ကြောမှုက ပါလာတတ်သည်”
ယောသပ်၏တုံ့ပြန်မှုကို ဆင်ခြင်ကြည့်ပါ။ သူ့ ခိုင်မာသည့် ယုံကြည်ချက်၊ ခံယူချက်ရှိသဖြင့် ထိုချဉ်းကပ်လာမှုကိုလက်မခံဘဲ ပယ်ချ နိုင်ခဲ့သည်။ ထိုစိတ်ထားကို သူ့ဖခင်ထံမှရရှိခြင်း မဖြစ်နိုင်။ မုန်းတီးစိတ် မွှန်နေသော အစ်ကိုများကို အတုယူခြင်းလား။ မယုံကြည်သူ အဲဂုတ္တုလူတို့၏ စရိုက်လား၊ မဖြစ်နိုင်ပါ။ ဤမြင့်မြတ်သောစိတ်ထားကို သူ့အနီး၌ရှိတော်မူသော ထာဝရဘုရားထံမှ ရခဲ့ခြင်းဖြစ်သည်။ ဖြားယောင်းခြင်း ကို တွန်းလှန်ခဲ့သည်သာမက ဆက်လက်တွေ့ ကြုံရမည့်အမှုများ အတွက် ပါ တွက်ဆပြင်ဆင်နှင့် ပြီးဖြစ်သည်။
ယောသပ်၌ တစ်ဖက်သားကို အလေးထားစာနာသော စိတ်ထားမှန် ရှိသည် (:၈-၉)၊ သူ့လုပ်ရပ်၊ သူ့အကျင့်သီလအားဖြင့် တစ်ဘက်လူ တစ်ဦးဦး နစ်နာမည်ကို ယောသပ် အလွန်စိုးရိမ်သည်။ သူ့ကို အလွန်ယုံကြည်စိတ်ချအားထားသည့် သူ့သခင် ပေါတိဖာ စိတ်ထိခိုက်သွားမည်ကို လုံးဝမလိုလားပါ။ တဒင်္ဂပျော်ရွှင်မှုကို သူ၏သစ္စာစောင့်စည်းမှုနှင့် မလဲနိုင်ပါ။ ဒုစရိုက်မှု လွန်ကျူးမိလျှင် ဘုရားရှင်ကို မည်သို့ရင်ဆိုင်ရအံ့နည်း (:၉)၊ ဒုစရိုက်လွန်ကျူးခြင်းဖြင့် ဘုရားရှင်နှင့် မိမိ၏ဆက်ဆံရေး သက်ရောက်မည့်အကျိုးဆက်ကို ယောသပ်သိမှတ်သည်။ နှာတစ်ဖျားကို မကြည့်၊ ရေရှည်ကြည့်သည်။ အသိစိတ်ရှိခဲ့သည်။ သူသည် ဝိညာဥ်ရေး အတွက် ပူပန်ခဲ့သည်။ ဒုစရိုက်မှုအားလုံးသည် အလိုတော်နှင့် ဆန့်ကျင်ကြောင်း၊ စိတ်ပျော်ရွှင်မှုကို လိုက်စားမိ၍ ပေးဆပ်ရသောအခါ အလွန် နစ်နာရကြောင်း သူသိနားလည်ပေ၏။
ဒုစရိုက်လွန်ကျူးခြင်းဖြင့် ဘုရားရှင့်နှင့် မိမိ၏ဆက်ဆံရေး၌ သက်ရောက်မည့်အကျိုးဆက်ကို
ယောသပ်သိမှတ်သည်။ နှာတစ်ဖျားကို မကြည့်ဘဲ ရေရှည်ကြည့်ခဲ့သည်။
ယောသပ်တွင် မှန်ကန်သော နည်းဗျူဟာရှိသည် (:၁၀)။ သူ့ သခင်နှင့် အတွေ့မခံ၊ သတိနှင့် ရှောင်ရှားခဲ့သည်။ ဒုစရိုက်၏ဆွဲအားကို သူနားလည်သည်။ အပြစ်ကို လမ်းဖွင့် မပေးခဲ့ပါ။
တစ်ချိန်က လူတစ်ယောက်သည် ကြေးနန်းစာရေး ရာထူးအတွက် အလုပ်သွားလျှောက်သည်။ လူအများက လျှောက်ကြ၍ တစ်ယောက်ပြီးတစ်ယောက် အင်တာဗျူးဝင်ရသည်။ မည်သူမျှ အရွေး မခံရပါ၊ သူ့အလှည့်တွင် ရွေးချယ်သူ လူကြီးက မေးခွန်းတစ်ခွန်းပြီး တစ်ခွန်းမေးရင်း စားပွဲကို ခဲတံဖြင့် တဒေါက်ဒေါက် ခေါက်နေ၍ အာရုံ နှောက်ရသည်၊ သို့သော် ခဲတံခေါက်သံမှ ကြေးနန်းရိုက်ပို့နေသော ကြေးနန်းသင်္ကေတကို ထိုသူဖော်ထုတ် ပြောပြနိုင်၍ သူရွေးချယ်ခံလိုက်ရသည်။ ယောသပ်သည်လည်း ထိုသူကဲ့သို့ပင် သတိဝီရိယနှင့် နိုးနိုး ကြားကြားနေထိုင်ခဲ့သည်။
ထွက်ပေါက်ရှာနှင့်ပြီးဖြစ်သည် (:၁၂)။ တစ်နေ့တွင် ယောသပ် တစ်ဦးတည်းရှိနေချိန်၌ ပေါတိဖာ၏ဇနီးက သူ့ကို အမိဖမ်းခဲ့သည်။ သို့သော် ယောသပ်က အခွင့်အရေးမပေးဘဲ ဝေးရာသို့ အမြန်ဆုံး ကိုယ်လွတ်ရုန်းကာ ထွက်ပြေးခဲ့သည်။ သူ့ဝတ်ရုံကျွတ်ကျန်ရစ်ခဲ့သည်ကိုပင် ဂရုမပြုနိုင်ခဲ့ပေ။ ရှံဆုန်၊ ဒါဝိဒ် နှင့် ရှောလမုန်တို့ မရှောင်တိမ်းနိုင် ခဲ့သည့် ကိလေသာသွေးဆောင်မှုကို ယောသပ်က အောင်နိုင်ခဲ့သည်၊ ရှင်ပေါလုက တိမောသေအား “လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာ စိတ်ကို ကြဥ်ရှောင်လော့” (၂ တိ ၂း၂၂)ဟု သွန်သင်ရာ၌ ယောသပ်၏ သစ္စာရှိမှု၊ သိက္ခာစောင့်စည်းမှုက သာဓကဥပမာဖြစ်ခဲ့သည်။ ယောသပ်သည် အပြစ်ဒုစရိုက်မှုနှင့် မရောနှော၊ ဒုစရိုက်အကြောင်း ငြင်းခုန်ခြင်းလည်း မပြု၊ ဝေးရာသို့သာ ရှောင်ပြေး ခဲ့သည်။ ဤကား သူ၏အောင်မြင်ခြင်းတစ်ရပ်ဖြစ်သည်။
ညစ်ညူးသောဝန်းကျင်တွင် မိန်းမတစ်ယောက်၏ ဖမ်းစား မှုကို ယောသပ် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ သူသည် ဝိညာဉ်ခွန်အား မပြည့်ဝသေးသော်လည်း ထိုသွေးဆောင်မှုများကို ကြံ့ကြံ့ခံအနိုင်ယူနိုင်ခဲ့သည်၊ အဘယ်ကြောင့် အောင်နိုင်ခဲ့နည်း၊
- မိမိသည် ဘုရားသခင်နှင့်စပ်ဆိုင်သူ၊ ဘုရားလူဖြစ်နေကြောင်း မိမိ ကိုယ်ကို သိမှတ်သည်၊
- အပြစ်က အခြားသူတို့ကိုလည်း အကျိုးနည်းစေသည်ကို သိမှတ်သည်၊
- အပြစ်ဒုစရိုက်ပြုခြင်းသည် ဘုရားသခင်အား ဖီဆန်ခြင်းဖြစ်ကြောင်း သိမှတ်သည်၊
ယောသပ်၏မြတ်သောစရိုက်ကို ဘုရားရှင်က ဆက်လက် ပုံသွင်းသည်၊ သူ၏ကောင်းမြတ်သောကိုယ်ကျင့်တရားကြောင့် သူ့ဘဝ ပျော်ရွှင်စွာ ဇာတ်သိမ်းသင့်သည်။ သို့သော် လက်တွေ့ဘဝ၌ ဤ သို့ ဖြစ်မလာပါ၊ ပျက်သုဉ်း နေသောလောကကြီးတွင် မှန်ကန်ကောင်းမွန်စွာ ရှင်သန်သောဘဝအတွက် ရလဒ်အကျိုး မရှိတတ်။
ကလဲစားချေခြင်း။ “မိန်းမဖျက်တော့ ပြည်ပျက်” ဆိုသော ဆိုရိုးစကားရှိသည်။ မိန်းမက ယောသပ်၏ဘဝကို ဖျက်ဆီးသည်။ ယောသပ်က သိက္ခသမာဓိရှိရှိ စောင့်စည်းထိန်းသိမ်းသည်။ ထိုမိန်းမက အားကြီးစွာသော ရမ္မက်၏ဖိစီးမှုကို ခံနေရသည်။ ယောကျ်ားလေးတစ်ယောက်၏ အငြင်းခံလိုက်ရ၍ ရှက်ရမ်းရမ်းကာ ကလဲ့စားချေလိုစိတ်က လွှမ်းမိုးနေသည်။
- သို့နှင့် မုသာစကားသုံး အိမ်ရှိလူအပေါင်းတို့ရှေ့တွင် ယောသပ် ကို မဟုတ်မမှန်စွပ်စွဲသည်၊ ကျွတ်ကျန်ခဲ့သော ဝတ်ရုံကို သက်သေ ပစ္စည်းအဖြစ် တင်ပြသည် (က ၃၉း၁၃-၁၅)၊
- ပေါတိဖာအား ယောသပ်အကြောင်း လီဆယ်တိုင်သည် (:၁၆-၁၈)၊
- ယောသပ်သည် ထောင်ထဲသို့ မတရားစွာ အသွင်းခံရပြန်သည် (:၁၉-၂၀)၊
ပေါတိဖာသည် ပါးကွက်သားအကြီးအကဲဖြစ်နိုင်ကြောင်း အထက်က ဖော်ပြပြီးဖြစ်သည်၊ ရှေးအဲဂုတ္တုပြည်၏ဥပဒေအရ လင်ရှိ မိန်းမတစ်ယောက်နှင့် ဖောက်ပြန်က ကြိမ်ဒဏ် ၁၀ဝ၀ ပေးခံရသည်၊ မုဒိမ်းမှုကျူးလွန်က သေဒဏ်ပေးခံရသည်၊ ပေါတိဖာက သူ့ဇနီးသည် မတရားစွပ်စွဲနေခြင်းကို သိကောင်း သိမည်။ ဤမျှရိုးသားသစ္စာရှိသော လူငယ်အား စွပ်စွဲခြင်းသည် အမှန် မဖြစ်နိုင်ကြောင်း သိကောင်းသိမည်။ သို့သော် အဖတ်ဆယ်သည့်သဘောနှင့် ထောင်ဒဏ်ချလိုက်ရသည်။
ပျက်သုဉ်းနေသောလောကကြီးတွင်
မှန်ကန်ကောင်းမွန်စွာ ရှင်သန်သောဘဝသည် အကျိုးမရှိ။
ဘုရားသခင် တည်ရှိတော်မူသည်။ ဘုရားသခင်သည် သူ့ဘက်၌ ရှိ၍ ကယ်မသနားတော်မူကြောင်း (:၂၁) ယောသပ် လက်ခံယုံကြည်သည်။ “ဒီလိုသာဖြစ်မယ်ဆိုရင် ဘာလို့ကောင်းကောင်း နေတော့မလဲ”ဟု စောဒက တက်နိုင်ပါသည်။ သို့သော် ယောသပ်က ထိုသို့ မတွေးပါ၊ ဘုရားရှင်ကိုသာ အားထားစိတ်ချထားသည်။ ထို့ကြောင့် အကျဉ်းကျ ခံရစဉ်တွင်ပင် ကောင်းချီး ဆုကျေးဇူးကို ခံစားခွင့်ရခဲ့သည် (:၂၁-၂၃)။
ပြဿနာ၊ အန္တာရယ်၊ ဘဝ၌ ကြုံရတတ်သော စစ်ကြောမှု အမျိုးမျိုးကို ကျော်လွှားနိုင်ရန် ဘုရားသခင်သည် ယောသပ်ကို သွန်သင် လမ်းပြသည်၊ အမှုခပ်သိမ်းသည် ဘုရားအလိုတော်နှင့်အညီသာ ဖြစ်ပျက် ရကြောင်း သိမှတ်လျှင် အနှောင့်အယှက်များကို လက်ခံလာနိုင်သည်။ အကြံအစည်တော်ကို စိတ်ချလျက် ကိုယ်တော်၏ဂရုဏာတော်။ မေတ္တာတော်ကို သိလာရသည်။
လူပေးသောပြစ်ဒဏ်။ ကြုံရသောဒုက္ခအပေါင်းအားဖြင့် ယောသပ်၏ ကိုယ်ကျင့်တရားကို ဘုရားသခင် ခိုင်မြဲစေသည်။ ကမ္ဘာဦးကျမ်း (၃၉) တွင် ယောသပ်ဘဝကို ကျွန်ဘဝနှင့်စပြီး အကျဉ်းသားဘဝနှင့် ပိတ်ထားသည်။ သို့သော် ဘုရားရှင်အား ခိုင်မာစွာ ယုံကြည်ခဲ့ခြင်းကြောင့် ဒုက္ခအခက်အခဲများကို ကျော်လွှားနိုင်ခဲ့သည်။
စာရေးသူ Bill Crowder
ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်
