ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း
စိတ်ဆင်းရဲခြင်းများကို ကျော်လွှားအောင်နိုင်ခြင်း
ဘေ့စ်ဘောပြိုင်ပွဲတွင် Joe Torre သည် အကောင်းဆုံးဆု ချီးမြှင့်ခံခဲ့ရသည်။ နှစ်အတော်ကြာသွားသောအခါ သူသည် အားကစားသတင်း ဖတ်ကြားသူအဖြစ် အသံလွှင့် ဌာနတစ်ခုတွင် လုပ်ကိုင်သည်၊ လူငယ် တစ်ယောက်က သူ့ကို “ခင်ဗျား နာမည်ကျော်ကြား တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်မဟုတ်လား”ဟု စိတ်ဝင်တစားမေးသည်၊ လူတို့သည် ကြာလျှင်မေ့တတ်ကြသည်၊ သူမည်သူမည်ဝါဖြစ်သည်ကို မမှတ်မိတော့ပါ၊
“ကျွန်ုပ်အတွက် သင်ဘာဆောင်ရွက်ခဲ့သလဲ”ဟု လူတို့ မေးတတ်ကြသည်၊ ပွဲစဉ်များတွင် အနိုင်ရပြီးနောက် နည်းပြဆရာ တစ်ယောက်အား “ဘာလုပ်ခဲ့သလဲ”ဟု မမေးကြတော့ဘဲ “ နောက် ဘာ ဆက်လုပ်မလဲ”ဟု မေးလာသည်၊ အသက်တာ့ အောင်မြင်ခဲ့သည်များကို မေ့ပစ်လိုက်ကြပြီး နောက်တစ်ဆင့် ဘယ်သို့အောင်မြင်လိမ့်မည်ကိုသာ သိလိုကြသည်။
မှတ်မိကြပါသလား။ သူခံရသောညဉ်းပန်းနှိပ်စက်မှုကြောင့် ယောသပ် ဝမ်းနည်းစိတ်ပျက်သွားမည်ဆိုက ဖြစ်သင့်ပါသည်။ ဖြစ်လောက်ပါသည်။ “သူ့ကို ခြေချင်းခတ်၍ သံနှင့် ညှဥ်းဆဲကြ၏”ဟု (ဆာ ၁၀၅း၁၇-၂၂)က ယောသပ်အကြောင်းကို ညွှန်းနေသည်၊ သူ့သခင်အပေါ် သစ္စာစောင့်လျက် လူပျိုတို့၏တက်မက်ခြင်းစိတ်ကို ချိုးနှိမ်၍ သန့်ရှင်းစွာ နေခဲ့သောကြောင့် ဤသို့ ဒဏ်ခတ်ခြင်း ခံရသည်။
သို့သော် အကျဉ်းကျနေရချိန်တွင်ပင် ဘုရားသခင်က ပစ်၍မထားပါ၊ ထောင်ထဲ၌ပင်လျှင် ယောသပ်သည် ထောင်မှူး၏မျက်နှာသာ ပေးခြင်းကို ခံရလျက် ခေါင်းဆောင်နေရာကို ရရှိသည်။ ထောင်မှူးသည် သူ၏လုပ်ပိုင်ခွင့် မှန်သမျှကို ယောသပ် လက်၌အပ်၍ စီရင်စေသည် (က ၃၉:၂၁)။ “အကြောင်းမူကား ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသည်။ ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန် မကြည့်ရှုရ” (:၂၃)၊ ဤသို့ဖြင့် နောင်တွင် ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန် လေ့ကျင့်ပေးတော်မူခြင်းဖြစ်သည်။ အောင်မြင်မှု ရရှိရေး အတွက် သည်းခံစိတ်ရှိခြင်းသည် ပဓာနကျသောအချက်ဖြစ်သည်။ မတရားခံရလျက် ထောင်ကျခဲ့ရသော်လည်း ယောသပ်သည် ဖြစ်လေရာ ဘဝ၊ ရောက်လေရာနေရာတွင် အပ်ပေးရာ(ကျရာ)တာဝန်ကို ကျေပွန်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းသည် အကြံအစည်တော်အတိုင်းသာ ဖြစ်ရပြီး။ ကံအား လျော်စွာ မတော်တဆ ဖြစ်ရခြင်း မဟုတ်ကြောင်းသိမှတ်လျက်။ သစ္စာရှိစွာ အစေခံလျက်သာ သည်းခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူ့အား မေ့လျော့ ထားခြင်းမရှိပါ၊ သူ့အကြံအစည်တော်အရ အဲဂုတ္တုပြည်အကျဉ်းစခန်း၌ တာဝန်ဖြင့် လေ့လာသင်ယူခွင့် ပေးထားခြင်း သာ ဖြစ်သည်။
မေ့လျော့ခြင်းကင်းသောဘုရား။ ယောသပ် ထောင်တွင်း အကျဉ်း ကျခံရခြင်းမှာ ဘုရားရှင် အကြံအစည်တော်ရှိ၍သာ ဖြစ်သည်၊ ဆက်စပ်မှုမရှိဟု ထင်ရသောအမှုခပ်သိမ်းသည် နေရာတကျ စုစည်းမိသောအခါ ပုံပေါ်လာ၏ (က ၄၀:၁)၊ “ဖလားတော်ဝန်နှင့် စားတော်ဝန်” တို့မှာ သာမန် နန်းတွင်းအစေခံများမဟုတ်၊ နန်းတွင်းအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့လျှင် သူတို့က ဘုရင့်အပေါ် အကြွင်းမဲ့သစ္စာခံရသူများ ဖြစ်သည် (က ၄၀:၂-၃)၊ တစ်နည်းနည်းဖြင့် သစ္စာဖောက်ခြင်းကြောင့် ဖာရောမင်းက သူတို့နှစ်ဦးကို အမျက်တော်ရှုပြီး အကျဉ်းချရာ ၄င်းတို့သည် ယောသပ် ကွပ်ကဲ ရသောထောင်သို့ ရောက်လာကြသည်။
ကျွန်ုပ်တို့၏ဘဝတစ်ခုလုံးကို
ဘုရားရှင်ထိန်းချုပ် စိုးမိုးထားခြင်းကြောင့်
ဘယ်အမှုကိစ္စမှ မတော်တဆဖြစ်ခြင်း မဟုတ်ပါ။
၄င်းတို့ကို ယောသပ်လက်ထဲလွဲပေးသူမှာ ဖာရောမင်း၏ ကိုယ်ရံတော်တပ်မှူး ပေါတိဖာပင်ဖြစ်သည် (၄၀:၄၁)။ ယောသပ်ကလည်း တာဝန်ကိုလက်ခံယူပြီး ထိုအမတ်ကြီးနှစ်ပါးကို ကောင်းစွာ ပြုစုဆက်ဆံသည်။ ဤသို့ ဖြစ်လာခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပါ။ ဘုရား၏အကြံအစည်တော်အားဖြင့် ဖြစ်ရသောအစီအစဉ်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝတစ်ခုလုံးကို ဘုရားရှင်ထိန်းချုပ် စိုးမိုးထားခြင်းကြောင့် ဘယ်အမှုကိစ္စမှ မတော်တဆဖြစ်ပျက်ခြင်း မဟုတ်ပါ။ ဖြစ်ပျက်သော အမှုတိုင်း၌ အကြောင်းအကျိုးရှိသည်။ ဤအချက်ကို နားလည်လက်ခံ တတ်ရန် လိုသည်။
တက္ကသိုလ်ကျောင်းသားဘဝက အကျပ်ရိုက်ရသည့် အဖြစ် တစ်ခုနှင့် ကျွန်တော်ကြုံခဲ့ဖူးသည်။ ကျွန်တော်သည် တက္ကသိုလ်ဘောလုံး အသင်းတွင်သာမက နယ်လှည့်သာသနာပြုအဖွဲ့ လည်း ပါဝင်သည်။
တစ်ကြိမ်တွင် ဘောလုံးပွဲနှင့်ခရီးစဉ် အစီအစဉ်နှစ်ခု ဆုံသွားရာ။ ကျွန်တော်အနေနှင့် တစ်ခုကိုသာ ရွေးရမည် ဖြစ်သောကြောင့် ဘောလုံးပွဲကို ရွေးလိုက်သည်။ ကျွန်တော့်ကိုယ်စား နယ်ခရီးလိုက်ပါမည့် လူကိုလည်း စီစဉ်ပေးလိုက်သည်။ ဘောလုံးပွဲနှင့်ခရီးစဉ်မတိုင်မီ တစ်ရက် အလိုတွင် ကျွန်တော် ထိခိုက် ဒဏ်ရာရသွား၍ ဘောပွဲတွင် မပါဝင်နိုင် တော့ပါ၊ သို့နှင့် အစီအစဉ်ကို ချက်ချင်းပြောင်းလိုက်ပြီး သာသနာပြုခရီးစဥ် လိုက်ပါသွားသည်။ ခရီးစဥ်၌ အမျိုးသမီးတစ်ဦးနှင့် စတင်ခင်မင်ရင်းနှီး ခွင့်ရခဲ့သည်။ သူကလည်း မလိုက်ဖြစ်သောသူအစား နောက်ဆုံးမှ လူစား ထိုး လိုက်လာသူဖြစ်သည်။ ထိုအမျိုးသမီးသည် ကျွန်တော့်ဇနီးပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့နှစ်ဦးစလုံး လိုက်ပါရန် မရည်ရွယ်ထားသောခရီးစဉ် မိမိ၏ဘဝကြင်ဖော်ကို တွေ့ရှိခဲ့ကြသည်။
ဘဝ၏အခြေအနေအရပ်ရပ်၌ ဘုရားသခင်၏လက်တော်ကို
မျှော်လင့်စောင့်စားရခြင်းသည် ဘဝ၏ဝမ်းမြောက်စရာ ဖြစ်သည်။
စိန်ခေါ်ချက်လည်း ဖြစ်သည်။
ဘဝ၏အခြေအနေအရပ်ရပ်၌ ဘုရားသခင်၏လက်တော်ကို မျှော်လင့်စောင့်စားရခြင်းသည် ဘဝ၏ဝမ်းမြောက်စရာဖြစ်သည်။ စိန်ခေါ်ချက်လည်းဖြစ်သည်။ အကျဥ်းသားဘဝသို့ ရောက်နေကြသော အမတ်ကြီးနှစ်ပါးသည်လည်း စုံလင်သောဘုရားသခင်၏ အကြံအစည်၊ အလိုတော်နှင့်အညီ အချိန်ကိုက်ရောက်လာကြရသည်။ သာမန်အားဖြင့် သူတို့သည် ဤအခြေအနေသို့ ရောက်လိုမည်မဟုတ်။ ရွေးချယ်ရမည်ဆိုလျှင် ဤသို့ဖြင့် ရွေးချယ်ကြမည်မဟုတ်ပါ။
ယောသပ်သည် ကိုယ်တိုင်ခဲယဥ်းသော အခြေအနေသို့ရောက်နေ၍ အမတ်ကြီးများကို စာနာနိုင်သည်။ သူတို့ခံစားနေရသော သောကကို သူခံရသကဲ့သို့ ထပ်တူခံစားပေးနိုင်သည် (က ၃၇၊ ၄၀:၆၇)။ လူ့ဇာတိ သဘောအရဆိုလျှင် “ငါဒုက္ခရောက်ချိန်က ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ငါကော ဘယ်သူ့ကို သနားရမှာလဲ”ဟု လွယ်လွယ်နှင့်ပယ်ချနိုင်သည်။ သို့သော် သူက ဂရုပြုတတ်သူဖြစ်သည်။ အကျဉ်းသားဘဝ၌ ခံရသော မတရားမှုကို သူက ဤသို့တုံ့ပြန်ခဲ့သည်။
- အထက်—အောက်တုံ့ပြန်မှု။ မည်သည့်ဒုက္ခအခက်အခဲနှင့် ရင်ဆိုင် ရပါစေ။ ဘုရားသခင်နှင့် မိတ်သဟာယမပျက်စေရ။
- ဘေးတိုက်တုံ့ပြန်မှု၊ ကိုယ့်ဒုက္ခ၊ ပြဿနာကို ရှေ့တန်းမတင်ပါ။ သူတစ်ပါး၏အခက်အခဲကို ဦးစားပေး၌ ဂရုစိုက်သည်။
ထောင်အသွင်းချခံရသော အမတ်ကြီးနှစ်ပါးကို ဂရုမစိုက်ဘဲ မသိကျိုးကျွံ (မသိသလို)နေလိုက်၍ ရသော်လည်း ယောသပ်က ဂရုတစိုက် စောင့်ရှောက်ပေးသည်။ သူ့ဒုက္ခကို ဘေးဖယ်ပြီး အမတ်ကြီးတို့၏ပြဿနာကို ရှေ့တန်းတင်ခဲ့သည်။ လူ့ဘဝတွင် ဒုက္ခ အခက်အခဲများ ကြုံကြရမည်ဖြစ်သော်လည်း အတ္တအကျိုးကိုမကြည့်ဘဲ အများအကျိုးကို ဆောင်ရွက်ပေးသင့်သည်။ ကိုယ့်အလို ဆန္ဒပြည့်ဝရေးမကြည့်ဘဲ အခြားလူတို့၏လိုဘကို ဖြည့်ဆည်းရပေမည်။ မိမိကိုယ်ကို သနားမဆုံးဖြစ်လျက် အချိန်၊ စွမ်းအင်များကို မဖြုန်းတီးဘဲ၊ အခြားသူများကို မစခြင်းဖြင့် ရင်းနှီး မြှုပ်နှံရာ၏။
ဥပမာ အိန္ဒိယပြည့် သာသနာပြုသော ဆရာကြီးနှင့် ဇနီးတို့သည် ၄င်းတို့၏ သားသမီး ခြောက်ယောက်သေဆုံးသွားကြ၍ ကလေး ငယ် (၃၀ဝ) မွေးစားစောင့်ရှောက်ခဲ့သည်။ ဂျော်ဂျီယာပြည်နယ်ရှိ ရေတံခွန်ကြီး ရေကြီးချိန်တွင် ဇနီးနှင့်သားသမီးနှစ်ဦး ဆုံးပါးသွားကြရာ၊ ကျန်ရစ်သူယောကျာ်းက “ကျုပ်ငိုချင်လာတိုင်း ကိုယ့်ထက်အဖြစ်ဆိုး သူတွေကိုကြည့် ပြီး နှစ်သိမ့်အားပေး ကူညီနေရလို့ ကိုယ့်ဒုက္ခကိုတောင် မတွေးအားဘူး”ဟု ပြောသည်။
သောကရောက်၍ စိတ်ပျက်ရချိန်၌ သင်ရော ထိုသို့ တုံ့ပြန် ပြုမူ ပါသလား။ သို့မဟုတ်ပါက ကိုယ့်အပူ၊ ကိုယ့်ဒုက္ခနှင့်ကိုယ် ချာချာလည်ပြီး အခြားသူ၏အခက်အခဲပြဿာနာကို နားမထောင်နိုင်ဖြစ်နေပါ သလား။ မိမိအရေးက ဖိစီးနှိပ်စက်လွန်းလျှင် အခြားသူ၏လိုအပ်မှုကို မသိမခံစားနိုင်ဖြစ်တတ်သည်။ သို့သော် ယောသပ်မှာ ထိုသို့မဟုတ်၊ သူများ၏ ပြဿနာကို သတိပြုစာနာမိရုံမက ပါဝင်ပတ်သက် ကူညီခဲ့ပါသည်။
ကျွန်ုပ်ကို မေ့မထားပါနှင့်။ ယောသပ်သည် အကျဉ်းကျနေသော အမတ်ကြီးနှစ်ပါး၏အိပ်မက်များကို အနက်ဖွင့်ပြပီးသောအခါ သူ၏ပညာအစွမ်းအားဖြင့် မဟုတ်ဘဲ ဘုရား၏တန်ခိုးတော်အားဖြင့် ဖွင့်ပြနိုင်ခြင်းဖြစ်ကြောင်း ပြောပြသည် (က ၄၀:၈-၁၉)၊ သူနုပျိုစဉ်က သူ့အိပ်မက်နှင့်စပ်လျဉ်း၍ အစ်ကိုများအား မောက်မာ ဝါကြွားသည်။ ယခုတွင် သူ့ကိုယ်သူ မာနတက်ဘဝင်ကိုင်ခြင်းထက် ထာဝရဘုရား၌သာ ကိုးစားတော့သည်။ ၎င်းသည် မှတ်မှတ်သားသား ထူးခြား ခြားနားချက် ဖြစ်သည်။ ဖလားတော်ဝန် မြင်မက်သော ရူပါရုံ၏အဓိပ္ပာယ်ကို ဖော်ထုတ် ပြီးနောက်၊ နောင်ကောင်းစားသွား သောအခါ မိမိအား မမေ့ရန် မှာလိုက်သည် (က ၄၀း၁၄-၁၅)။
ယောသပ်အနက်ဖွင့်သည့်အတိုင်း ၃ ရက် အကြာတွင် အိပ်မက်ပါ အချက်များပြည်စုံသည် (:၂၀-၂၂)၊ မိမိ၏ကိုယ်ကျိုးမငဲ့၊ ဖြူစင်နှိမ့်ချသော စိတ်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းမှလွတ်မြောက် ကောင်းစားသွားသော ဖလားတော်ဝန်သည် ယောသပ်ကို သတိမရတော့ပါ (က ၄၀:၂၃)၊ ရိုးသားဖြူစင်စွာ သစ္စာစောင့်ခဲ့ခြင်းကြောင့် အကျဉ်းကျခံရသည်။ ယခုလည်း အမတ်ကြီးကို စာနာကြည့်ရှုပြုစုခြင်းအတွက် ရလဒ်ကား မေ့လျော့ ဥပက္ခာပြုခံရခြင်းပေတည်း။ အမတ်ကြီးက သူ့ကို သတိမရ၊ နောက်ထပ် ၂ နှစ်တိုင် လွတ်ခြင်းအခွင့် မရခဲ့ပါ (က ၄၁း၁)။
စစ်ကြောခြင်းမရှိလျှင် သည်းခံခြင်းပါရမီကို မရနိုင်၊
သည်းခံခြင်းမရှိလျှင် ခရစ်ယာန်တို့၏ ရင့်ကျက်ခြင်းကို မရနိုင်။
ရန်သူမဟုတ်ဘဲ မိတ်ဆွေက မေ့လျော့သွားခြင်းဖြစ်သည်၊ အချိန်ကလည်း မနည်းမနော၊ ၂ နှစ်ကြီးများတောင် ကြာခဲ့သည်။ အလွယ်တကူ စိတ်ပျက်ရှုပ်ထွေးစွာ ခံစားသွားရနိုင်သည်။ သို့သော် ၄င်းသည် လူကိုအားကိုးခြင်းအတွက် ရလဒ်ဖြစ်သည်၊ သို့သော် ယောသပ်က ထာဝရဘုရား၌သာ ကိုးစားခဲ့သည်။ လူ (ဖလားဝန်)က မေ့နိုင်သော်လည်း ဘုရားက မမေ့ပါ။ ဤအခြေအနေဆိုးမှ သည်းခံလျက် ကိုးစားယုံကြည်ခြင်းစိတ်ကို ဖြစ်ပေါ်စေသည်။ ရှင်ယာကုပ်က စစ်ကြောခြင်းမရှိလျှင် သည်းခံခြင်းပါရမီကို မရနိုင်။ သည်းခံခြင်းမရှိလျှင် ခရစ်ယာန်တို့. ရင့်ကျက်ခြင်းကိုမရနိုင်ဟု ဟောပြောခဲ့သည် (ယာ ၁း၂-၄)။
သူရဲကောင်းဆိုသည်မှာ အခြားသူများထက် ပို၍ရဲရင့်သူ မဟုတ်၊ ရဲရင့်စိတ်ကို ကြာရှည်စွာ ထိန်းထားနိုင်သူကို ဆိုလိုသည်။
ယောသပ်သည် သစ္စာဖောက်ခြင်း၊ အပြစ်သွေးဆောင်ခြင်းများကို ကျော်လွှားအောင်ခဲ့ပြီ။ ယခုလည်း စိတ်ပျက်ဖွယ် အခြေအနေနှင့် ရင်ဆိုင်ရပြန်သည်။ ဘုရားသခင်က ထိုအနိဋ္ဌာရုံများအားဖြင့် သူ့ဘဝကို ရုပ်လုံးဖော်မွမ်းမံ ပုံသွင်းနေခြင်းဖြစ်သည်။ နောက်ဆုံး အနှောင့်အယှက်မျိုးစုံကို အနိုင်ယူအောင်နိုင်ခဲ့ခြင်းဖြင့် ယခုတွင် ဘုရား၏အစေတော်ကို ခံရန် အသင့်ဖြစ်နေပေပြီ။
စာရေးသူ Bill Crowder
ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်
