ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း

မုန်းတီးခါးသီးစိတ်ကို အောင်နိုင်ခြင်း

 

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် စစ်အတွင်း ပြစ်မှုကျူးလွန်ခဲ့သူများကို Nuremberg စစ်ခုံရုံးသို့တင် တရားစွဲဆိုစစ်ဆေးခဲ့သည်။ တရားခံတစ်ယောက်က တရားစွဲသူ အရာရှိအား “ခင်ဗျားရဲ့ စွပ်စွဲချက်တွေက ခင်ဗျားရဲ့ စကားတွေပဲ။ တစ်ခုမှ အခြေအမြစ်မရှိဘူး”ဟု ခုခံလိုက်သည်။ စွဲချက်တင်သူက “ဒါတွေဟာ ကျုပ်တို့ရဲ့စကားတွေ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ နှိပ်စက်ညှဥ်းပန်းမှုအမျိုးမျိုးခံခဲ့ရပြီး။ မသေလို့ ကျန်ရစ်သူရဲ့ ရင်ဖွင့်သံပဲ။ သူကိုယ်တိုင်လာပြီး ဒီရုံးတော်မှာ တင်ပြလိမ့်မယ်”ဟု ချေပလိုက်သည်၊

 

ယခုယောသပ်၏ အခြေအနေကို ကြည့်သောအခါ အနှိပ်စက်ခံ နေရသူ မဟုတ်တော့ပါ။ (သူ့ကို ရက်ရက်စက်စက် ရောင်းစားခဲ့ကြသော သူ့အစ်ကိုကြီးများ အပါအဝင်) သန်းပေါင်းများစွာသော ပြည်သူများ၏ အသက်ရှင်နိုင်ရေးကို အပြည့်အဝထိန်းချုပ်ထားသူတစ်ဦးဖြစ်နေလေပြီ။

 

ဤတာဝန်ကို လက်ခံခဲ့ပြီးနောက် ကိစ္စအတော်များများ ဖြစ်ပျက်ပြောင်းလဲခဲ့သည် (က ၄၁)။ ဘုရင်ကြီးအား ပေးခဲ့သည့် ရူပါရုံအတိုင်း  ကြွယ်ဝသော (၇) နှစ်ကာလ ကုန်လွန်သွားပြီး ယောသပ်၏ စားနပ်ရိက္ခာသိုလှောင်မှု စီမံချက်သည်လည်း ထိရောက်အောင်မြင်ခဲ့ပြီ။ သိုလှောင်ထားခဲ့သော ကောက်ပဲသီးနှံများ ရှိကြောင်းသိ၍ အငတ်ဘေး ကျရောက်ဆဲကာလအတွင်း ဖာရောဘုရင် (နှင့်ယောသပ်) ထံသို့ ချဉ်းကပ်ကာ အစာရေစာ တောင်းကြရပြီ၊ အစ်ကိုများလည်း အစာရှာကြရာ ယောသပ်က ထောက်ပံ့ပေးရကြောင်း ကမ္ဘာဦးကျမ်း (၄၂) တွင် ဖော်ပြထားသည်။

သူ့ဖခင်ကြီးနှင့် ညီငယ်တို့အသက်ရှင်နေကြောင်း အစ်ကိုကြီးများထံမှ သိရသည်။ ထို့နောက် မိသားစုပြန်လည် သင့်မြတ် ပေါင်းစည်း နိုင်ရန် သူစီစဉ်တော့သည်။ အစ်ကိုကြီးများ၏စိတ်ထားသည်လည်း ပြောင်းလဲသွားခဲ့သည်ကို သူသတိပြုမိသည်။ သို့သော် အမှန် စိတ် ပြောင်းလဲခြင်းဟုတ်မဟုတ်။ သူတို့ကို အမျိုးမျိုးစစ်ဆေးသည် (က ၄၃)၊ ညီငယ် (ဗင်္ယာမိန်)အား ခေါ်လာပြရန်စေခိုင်းသည်၊ စားသောက်ပွဲတစ်ခု ပြင်ဆင်ဧည့်ခံပေးပြီး ညီငယ် ဗင်္ယာမိန်အား အခြားသူများထက် ငါးဆ ပိုပေးခဲ့သည်။ ဤအကြိမ်တွင် သူတို့ထက်ပို မျက်နှာသာ ပေးရ ကောင်းလားဟု မလိုမုန်းထားစိတ်မရှိကြတော့သည်ကို သိရသည်၊ လွန်ခဲ့သောအနှစ် (၂၀) က သူ့ကို စိတ်ရိုင်းဖြင့် စွန့်ပစ်သကဲ့သို့ ဗင်္ယာမိန်ကို စွန့်ပစ်မည်လော၊ ကာကွယ်ကြမည်လော။ ညီငယ်အပေါ်ထားသော စိတ်ထားမှန်ကို သိလိုသောကြောင့် ဥပါယ်တံမျဉ်နှင့် စစ်ဆေးသည်။

 

ယောသပ်သည် လူသားဖြစ်သောကြောင့် သူတို့၏သဘောထားအမှန်ကို သိနိုင်ခြင်းမရှိပါ၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းမရှိပါ၊ လူသား.၏အတွင်းစိတ်ကို ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုးထွင်း၍ သိမူ၏ (၁ ရာ ၁၆းရ)။ ထို့ကြောင့် နောက်တစ်ဆင့် တိုး၍ ဆန်းစစ်ရပြန်သည်။

 

စစ်ဆေးရန်အကွက်ဆင်ခြင်း (က ၄၄း၁-၃)၊ စားသောက်ကြ ပြီးနောက် အစ်ကိုများ၏ အိတ်များထဲတွင် အစားအစာ၊ သူတို့ပေးချေသောငွေသာမက ဗင်္ယာမိန်၏အိတ်တွင်းသို့ သူအသုံးပြုသော ငွေဖလားပါ ထည့်ပေးလိုက်ရန် သူ့ဝန်စာရေးအား ညွှန်ကြားလိုက်သည်၊

 

ဗင်္ယာမိန်အား ပြန်လည် ရွေးထုတ်လျက် ကယ်တင်မည်လော။ သို့မှမဟုတ်၊ ညီငယ်အား ကျွန်ဘဝသို့ ပို့၍ သူတို့အလွတ်ရုန်းကြမည်လော။ မိမိအကျိုးရှာကြမည်လော၊ ကိုယ်ကျိုးစွန့်ကြမည်လော၊ သူတို့ ၏ရိုးသားမှုကို ဤနည်းဖြင့် စမ်းသပ်ရတော့သည်။

အိမ်သို့အပြန်ခရီစပြီးနောက် မင်းမှုထမ်းတစ်ယောက်ကို စေလွတ်၍ နန်းသုံးငွေဖလားကို ခိုးယူသွားကြသည်ဟု စွပ်စွဲစေသည်။ ဤစွပ်စွဲချက်ကြောင့် ညီအစ်ကိုတစ်စု တုန်လှုပ် ချောက်ချားသွားကြသည်၊ ယခင်က တွေ့သောငွေကိုပင် ပြန်ပေးကြောင်း၊ ခိုးရာပါပစ္စည်းတွေ့သူအား သေဒဏ်ပေးပြီး သူတို့အားလုံးကို ကျွန်အဖြစ်ဖမ်းဆီးထားနိုင်ကြောင်း ရဲရင့်စွာဆိုလျက် သူတို့၏ ရိုးသားမှုကို သက်သေထူသည်။

 

ထိုသို့ အခိုင်အမာဆိုကာ သူတို့၏အပြစ်ကင်းမှု ရိုးဖြောင့်မှုကို ကာကွယ်ကြသည်။ ခိုးယူသူ တစ်ဦးတစ်ယောက်ပါနေပါက ဤသို့ ကာကွယ်ရဲမည် မဟုတ်ပါ၊ မင်းမှုထမ်းက ခိုးယူသူကိုသာ အရေးယူမည်ဟု ပြောပြီး ရှာဖွေလေတော့သည်။

 

တစ်အိတ်ပြီးတစ်အိတ်ရှာကြသည်။ အစာများသာ တွေ့သည်။ နောက်ဆုံး ဗင်္ယာမိန်၏အိတ်ကို ဖွင့်သည်။ ဗင်္ယာမိန်၏အိတ်၌ ငွေဖလားကို တွေ့ရသည်တွင် သူတို့မည်မျှထိတ်လန့်သွားကြမည်ကို တွေးကြည့်နိုင်ပါသည်။ လုံးဝမဖြစ်နိုင်၊ သူတို့လိပ်ပြာလုံကြသည်။ ခရီးမဆက်ကြတော့ဘဲ မြို့တွင်းသို့ လှည့်ပြန်လာကြသည်။

 

ယောသပ်၏သွေးစွန်းသောဝတ်လုံစကို မြင်ရစဉ် အဖ ယာကုပ်ကြီး အင်္ကျီဆုတ်သကဲ့သို့၊  ဗင်္ယာမိန်၏အဖြစ်ကြောင့် ညီအစ်ကိုတစ်စု  ဝတ်လုံကို ဆုတ်ကြသည် (:၁၃)၊ သူတို့ စိုက်သည့်အတိုင်း ရိတ်ရခြင်းပင်၊ ဤအပြုအမူက သူတို့၏ဝမ်းနည်းခြင်း၊ အားလျော့ စိတ်ပျက်ခြင်းများကို ဖော်ပြသည်။

 

အပြစ်ရှိသူအား ကျွန်အဖြစ်သိမ်းယူဖမ်းဆီးစေပြီး ကျန်လူများကို  ပြန်ခွင့်ပေးမည်ဟု ဝန်စာရေးက ဆိုထားပြီး ဖြစ်ရာ အလွယ်ဆုံးက ဗင်္ယာမိန်ကိုချန်ရစ်ပြီး သူတို့ပြန်သွားရုံသာရှိသည်။ သို့သော် သူတို့၏ စိတ်တွင်း မနာလိုစိတ်။ မုန်းတီးစိတ်များ မရှိပြီဖြစ်သောကြောင့် ညီငယ်ကို လက်တွဲ မဖြုတ်ကြပါ။ ပေးသမျှပြစ်ဒဏ်ကို အားလုံးအတူခံ ကြမည့်သဘောတည်း၊ သူအစ်ကိုများသည် အမှန်စိတ် ပြောင်းလဲသွား ကြပြီဖြစ်ကြောင်း တွေ့နိုင်သည်။

 

အသနားခံကြရပြီ (က ၄၄း၁၄-၃၄)၊ အတိတ်ကာလက စိတ်ထားမျိုး သူတို့ မရှိပါ၊

  • ယခု ယောသပ်ရှေ့တွင် အစ်ကိုများက ပျပ်ဝပ်ကြရပြီ (:၁၄)၊ ယောသပ်၏ ပထမအိပ်မက် ပြည့်စုံခြင်းသို့ ရောက်လေပြီ။
  • “ကျွန်တော်တို့သည်…ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန်တို့၏အပြစ်ကို ဘုရားသခင်စစ်၍တွေ့တော်မူပြီ” (:၁၆)၊ ဆင်ခြင်ပေးခြင်း။ ဖုံးကွယ်ရန်ကြိုးစားခြင်းမရှိ။ အပြစ်ကို ဝန်ချသည်။ “ကျွန်တော်တို့ ရှိသမျှသည် သခင်၏ကျွန်ဖြစ်ကြပါ၏” ဟု ယုဒကလျှောက်သည်။ “သူ”ဟု မပြောတော့ဘဲ “ကျွန်တော်တို့” ဟု သုံးနှုန်းထားသည်။
  • ဖလားလက်ဝယ်မိသူကိုသာ ကျွန်ဖြစ်စေပြီး။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာ သွားကြလော့”ဟု ယောသပ်က မိန့်ကြားရာ။ “ကျွန်တော်သည် သူငယ်ကိုယ်စားနေရစ် သခင်ထံ ကျွန်ခံရသော အခွင့်ကို…ပေးတော်မူပါ” (:၃၃-၃၄) ဟု ယုဒ တောင်းပန်ခဲ့သည်၊ သူ့ကို ရောင်းစားရန် ကြံစည်အားပေး ခဲ့သည့် အစ်ကိုယုဒကပင် သူ့ကို ညီကိုယ်စား ဒဏ်ခတ်ပါဟု လည်စင်းပေးနေပြီ။ ဖခင်ကြီး သောက ရောက် ဝမ်းနည်းရမည်ကို သူ မလိုလားပြီ (၁၉:၃၂)၊ ဗင်္ယာမိန်သည် ဖခင်၏အသည်း ဖြစ်ကြောင်း ပွင့်လင်းစွာ ပြောသည်၊ သို့သော်လည်း ဖခင်၏မျက်နှာလိုက်မှုကို အပြစ်မမြင်တော့ဘဲ ဗင်္ယာမိန်ကို ဖခင် ဆက်၍ ချစ်ပါစေတော့ဟု မိမိကိုယ်ကို စွန့်လွတ် အနစ်နာခံရန် ဆုံးဖြတ်လိုက်သည်။ ယုဒ၏တုံ့ပြန်ပုံက သူတို့၏ရိုးသားမှုကို ထင်ရှားစေပြီး ယောသပ်၏စစ်ဆေးမှုကို အမှတ်ပြည့်ဖြင့် အောင်မြင်ခဲ့သည်။

 

သခင်ယေရှုက “သူတို့၏အကျင့်ကို ထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်” (မ ၇:၂၀) ဟု မိန့်မှာတော်မူခဲ့သည်။ ယောသပ်၏အသက်တာ၏ ဘုရားသခင်ပြင်ဆင်စီမံပေးသည်နည်းတူ၊ ယုဒတို့ညီအစ်ကိုများကိုလည်း ကိုယ်တော် ပြုပြင်ပြောင်းလဲပေးပါသည်။

 

ကြင်နာဖွယ် ပြန်လည်ပေါင်းဆုံခြင်း (က ၄၅း၁-၁၅)။  ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ယောသပ်အဖို့ နှစ်နှင့် ချီ၍ နာကြည်းခဲ့ ရမှုများ ပျောက်ကွယ်သွားရပြီး၊ အစ်ကိုများရှေ့တွင် စိတ်မထိန်းနိုင်တော့ဘဲ ငိုချလိုက်သည်၊ သူ့မျက်ရည်က အစ်ကိုများ အမှန်ပြောင်းလဲ သွားသည်ကို မြင်ရ၍  ဝမ်းသာ၍ ကျသောမျက်ရည်။ ညီအစ်ကိုချင်း ထားရှိအပ်သောသဘောထားများ ပေါ်ထွက်လာ၍ ကျသော ချစ်ခြင်း မျက်ရည် ပေတည်း။

 

အစ်ကိုများကို တွေ့တွေ့ချင်း ထုတ်ပြောလိုသည့်စကားကို ယခု ပြောချလိုက်တော့သည်။ “ကျွန်တော်ဟာ ယောသပ်ပါ”တဲ့ (:၃)။ သူတို့နားကို မယုံနိုင်ကြပါ၊ အံ့သြခြင်း၊ ဝမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတို့က တစ်ခန်းလုံးကို ပြည့်လျှံသွားတော့သည်။ သူတို့ညီ ယောသပ်၏လက်ထဲတွင် သူတို့အသက် ရှိနေပြီ။ ဤအခြေအနေတွင် ယောသပ် မည်သို့တုံ့ပြန်သည်ကို ကြည့်ပါ။ အစ်ကိုများအပေါ် သနားကြင်နာစိတ် ရှိသည်ဖြစ်၍ –

  • စိတ်ထိခိုက်သည်ကို မျိုသိပ်မထားဘဲ ချုံးပွဲချငိုကြွေးသည် (:၂)။
  • နီးနီးကပ်ကပ်နေလိုသောကြောင့် “ကျွန်ုပ်အနီးအပါးသို့လာကြပါ” (က ၄၅း၄) ဟု ခွဲခွာနေခဲ့ကြရသော အစ်ကိုများကို ဖိတ်ခေါ်သည်။
  • “စိတ်မညှိးငယ်ကြနှင့်။ ကိုယ်ကို အမျက်မထွက်ကြနှင့်။ ဤနေ့သည် ဝမ်းမြောက်စရာနေ့ဖြစ်သည်” (:၅) ဟု ပြောသည်၊
  • “လူအသက်ကို စောင်မစေခြင်းငှာ။ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ” (:၅) ဟု နှစ်သိမ့်ပေးသည်၊ ဘုရားသခင်သည် အမှုအရာခပ်သိမ်းကို ပိုင်သစိုးမိုးလျက်ရှိကြောင်း ယုံကြည်ဖို့လိုသည်။
  • ဤပျော်ရွှင်ခြင်းကို အားလုံးဝေယူခံစားထိုက်သည်ဖြစ်သောကြောင့် “အလျင်အမြန်ထ၍ အဘထံသွားကြလော့ အဘကို ဤပြည်သို့ ဆောင်ခဲ့လော့” (က ၄၅း၉-၁၃) ဟု မှာကြားလိုက်သည်။

 

ခွင့်လွှတ်ခြင်းသဘောက မကောင်းမှုကို ပြေပျောက်စေသည်။ “ယောသပ်သည်  သခင်ဘုရား၏အကြံအစည်တော်ကို ပျက်ပြားစေရန် ထိုးနှက်နေသည့် စာတန်မာရ်နတ်နှင့် လူဆိုးတို့၏ ရန်စွယ်မှ ကာကွယ်လျက် အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်ကိုးစားသည်၊  ယုံကြည်ခြင်းက ယုတ်ညံ့သောပြစ်မှုတစ်ခုလုံးကို  နက်စွာသောစိတ်ပျက်ဖွယ်တွင်းထဲမှ နုတ်လျက် ထာဝရဘုရားစိုးစံရာတောင်ထိပ်၌ နေရာချတော်မူ၏။ ဘုရားသခင်၏ ပြစ်လွတ်ခြင်းကျေးဇူးတော်က အတိတ်ကာလမှ နာကျင်မှုများကို ပပျောက်စေသည်”ဟု ဓမ္မပညာရှင် Merrill Ungar က ရေးသား ခဲ့သည်။ (Unger’s Commentary on Old Testament, Moody Press, 1981, p.81)

 

ယောသပ်သည် လူ့ဘဝအနိဋ္ဌာရုံများ အထူးသဖြင့် ဇာတိ ပကတိသဘောဖြစ်သော မုန်းတီးစိတ်ကို အနိုင်ယူခဲ့သည်၊ သူ့သဘောထားအားဖြင့် ကျေးဇူးတော်၊ အကြွင်းမဲ့ ခွင့်လွှတ်ခြင်း၊ ရန်တုံ့မမူခြင်း စသည့် ကောင်းမြတ်ခြင်းအမှုတို့ကို ပေါ်လွင်စေခဲ့သည်၊ ပစ္စုပ္ပန်ကာလ၌ ရှိသော ကောင်းမြတ်ခြင်း ကရုဏာအားဖြင့် အတိတ်ကာလမှ အမှားများကို မေတ္တာစိတ်ပြလျက် ဖယ်ရှားနိုင်ခဲ့သည်။ သူ့ လူကိုဖျက်ဆီးတတ်သော မုန်းတီးစိတ်မရှိအောင် ဘုရားရှင် သူ့ကို ကွယ်ကာကြောင်း ယုံကြည်စိတ်ချမှုကို ထင်ဟပ်စေသည်။

 

မီရှီဂင်ပြည်နယ်။ ဒီးယားဘွန်းမြို့မှ Robert Bristol တို့ ဇနီးမောင်နှံ၏အကြောင်းကို ဖတ်ရသောအခါ လွန်စွာ စိတ်မကောင်းဖြစ်ရသည်။ သူတို့သည် အကျဉ်းကျနေသူ ရာဇဝတ်သားတစ်ယောက်အား ခရစ်တော်အကြောင်း ဝေငှရန်ခရီးထွက်ခဲ့သည်၊ ထူးခြားချက်မှာ ထိုထောင်သားသည် တစ်ချိန်ကသူတို့. သမီးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူဖြစ်သည်။ ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျေးဇူးတော်၊ ကရုဏာတော်အားဖြင့်ရသော စိတ်ဓာတ်ဖြစ်ပေသည်။ ကရုဏာစိတ်ဆိုသည်မှာ သက်သောက်သက်သာ အခြေအနေမျိုး၌ မပေါ်ပေါက်နိုင်၊ ဒုက္ခ၊ အခက်ကြုံတွေ့ရပါမှ ကရုဏာ မေတ္တာစိတ်ပေါက်ဖွားတတ်သည်။

 

ထိုနည်းဖြင့်သာ ခါးသီးနာကျင်သောစိတ်ကို အောင်နိုင်မည်။ ဘုရားရှင်အား မှီခိုအားထားပါမှ အချင်းချင်းချစ်နိုင်မည်။ တစ်ပါးသူတို့ကို ချစ်နိုင်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အကျိုးအတွက် အရာခပ်သိမ်းကို စီမံလုပ်ဆောင်ပေးသော အနန္တတန်ခိုးရှင် ဘုရား ကျွန်ုပ်တို့ ယုံကြည်ခိုလှုံသောကြောင့်တည်း။ ကျွန်ုပ်တို့အတွက် ကောင်းသောအရာများကို ပေးနိုင်စွမ်းရှိသော အရှင်သခင်ကို ယုံကြည်လျှင် မကောင်းမှု ခပ်သိမ်းကို အနိုင်ယူနိုင်လိမ့်မည်။

 

 

စာရေးသူ Bill Crowder

ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>