ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်လုကာခရစ်ဝင် ၂၃:၂၆-၃၄
ယေရှုကလည်း အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။
သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ – ရှင်လုကာခရစ်ဝင် ၂၃:၃၄
၂၀၂၃ ခုနှစ်က ဟေတီနိုင်ငံ၌ သူနာပြုဆရာမ အဲလစ်ဒေါစင်ဗယ်နှင့် သမီးတို့ ပြန်ပေးဆွဲခံရသည့်သတင်းက နိုင်ငံတကာသို့ ပျံ့နှံ့သွားသည်။ ဓားစာခံအဖြစ် ၁၃ ရက် ချုပ်နှောင်ခံခဲ့ရသော်လည်း နယူး ဟမ်းရှိုင်းယား ဒေသခံတို့၏ အဆိုအရ ပြန်ပေးဆွဲခဲ့သူတို့ အပေါ် အဲလစ် အငြိုးမထားခဲ့ရုံမျှမက ထိုသူတို့ဖျားနာချိန်နှင့် ဒဏ်ရာရချိန်များအတွက် ဆေးခန်းတံခါးကို အမြဲဖွင့်ထားပေးမည်။ “ကျွန်မက ရှင်တို့ကို ခရစ်တော်မေတ္တာနဲ့ ချစ်ပါတယ်။ တစ်ချိန်မှာ ကောင်းကင်နိုင်ငံ မှာ သင်တို့ကို ပွေ့ဖက်ရဖို့ကိုလည်း မျှော်လင့်ပါတယ်” ဟု အဲလစ် ဆိုခဲ့သည်။
သူမကိုဖမ်းဆီးခဲ့သူများအား ခွင့်လွှတ်နိုင်သော အဲလစ်၏ရဲရင့်မှုနှင့်ခွန်အား က အံ့သြစရာဖြစ်သလို၊ မိမိကို နာကျင်စေသူ၊ ဆန့်ကျင်သူနှင့် နှိပ်စက်သူအားလုံးကို ခွင့်လွှတ်နိုင်သော ကျေးဇူးတော်ကို ရှာတွေ့ရန် အကောင်းဆုံးသာဓကကို သခင်ယေရှု ထားခဲ့ကြောင်း ကျွန်ုပ်တို့အားလုံး သိပေသည်။
ရန်သူကိုချစ်ရန်၊ မိမိအား ညှဥ်းဆဲသူအတွက် ဆုတောင်းပေးရန် (မ ၅:၄၃-၄၈) သခင်သွန်သင်ရုံမျှမက အဆုံးစွန်သောခွင့်လွှတ်ခြင်းကို ကားတိုင်ပေါ်တွင် သက်သေပြခဲ့သည်။ “သူ၏ရန်သူဖြစ်လျက်ပင်” (ရော ၅:၁၀) ကျွန်ုပ်တို့အတွက်ရိုက်နှက်ခြင်း၊ ကဲ့ရဲ့ခြင်းဒဏ်ခံကာ ကားတိုင်၌ သခင်အသက်စွန့်ခဲ့သည်။ သူ့အား ညှဥ်းဆဲကြသူများကို ကျိန်ဆဲမည့်အစား “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ”(လု ၂၃:၃၄)ဟု ဆိုခဲ့သည်။
အကြောင်းမရှိဘဲ ညှဥ်းဆဲခြင်းကိုကြုံရသောအခါ ကျွန်ုပ်တို့ ခံစားရသော ခါးသီးမှုနှင့်အမျက်ဒေါသတို့ကို ဖြေဖျောက်ပေးရန် ဘုရားသခင်ထံမှ ကျေးဇူး ကရုဏာတော်ကို တောင်းခံကြပါစို့။ သခင်ယေရှုက ကျွန်ုပ်တို့အား ကိုယ်တော်နှင့်သာမက၊ အခြားသူများနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိရန် အလိုရှိပါသည်။ ချစ်ခြင်းမေတ္တာနှင့် လျှောက်လှမ်းရင်း သခင်ယေရှု၏ဥပမာအတိုင်းလိုက်လျှောက်ကာ၊ ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကို ရရှိသကဲ့သို့ အခြားသူများကို ခွင့်လွှတ်ကြပါစို့ (မ ၆:၁၂)။ – Nancy Gavilanes
အခြားသူများအား သင် မည်ကဲ့သို့တိုး၍ခွင့်လွှတ်နိုင်မည်နည်း။
သင် မည်သူအား ခွင့်လွှတ်ရန် လိုအပ်နေပါသနည်း။
—————————————————————————-
ချစ်တော်မူသောအဘဘုရား ကျွန်ုပ်အပြစ်များအား ခွင့်လွှတ်ပေးသည့်အတွက်
ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အား သာ၍ခွင့်လွှတ်တတ်ရန် ကူညီမစတော်မူပါ အဘဘုရား။
………………………………………………………………………………………