ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်လုကာခရစ်ဝင် ၂၃:၃၂-၄၃

‌ယေရှုကလည်း ငါအမှန်ဆိုသည်ကား ယနေ့တွင် သင်သည် ငါနှင့်အတူ
ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။  – ရှင်လုကာခရစ်ဝင် ၂၃:၄၃

ခရစ္စတိုဖာ ဟစ်ချန်စ်သည် ခရစ်တော်ကို ယုံကြည်သူများနှင့်စိတ်ပါဝင်စားစွာ စကားစစ်ထိုးသည့် နာမည်ကြီး ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်သည်။ သူသည် ကင်ဆာရောဂါကြောင့် သေလုနီးပါးဖြစ်နေချိန်တွင် သေခါနီးအချိန်၌ သူသည် ယေရှုထံ ပြောင်းလဲခဲ့ကြောင်း တစ်ဦးတစ်ယောက် ကြားပါက ၎င်းကို သူရူးသွားသည့် သက်သေအဖြစ်မှတ်ယူသင့်သည်ဟု ကြေညာခဲ့သည်။ ခရစ္စတိုဖာ ကွယ်လွန်ပြီးနောက် သူနှင့်စကားစစ်ထိုးဖက်မိတ်ဆွေတစ်ဦးက ဟစ်ချန်စ်သည် သေခြင်းတရားကို ရင်ဆိုင်ရသည့်အခါ သူသည် စိတ်ပျက်အားလျော့လာ၍ ခရစ်တော်ထံ လှည့်ပြန်နိုင်ကြောင်းကို သူသိခြင်းကြောင့် သူ့နောက်လိုက်များအား သတိပေးခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။ မည်သူသိနိုင်ပါအံ့။ သူ လှည့်ပြန်ကောင်းလှည့်ပြန်နိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သူ့တစ်ဘဝလုံး တိုက်ခိုက်နိုင်ပြီး၊ စက္ကန့်ပိုင်းအလိုတွင် သနားခြင်း ကရုဏာဖြင့် ကယ်တင်ခြင်း ခံရကာ လွတ်မြောက်နိုင်ခြေရှိဆဲဖြစ်သည်။ ထိုသို့ဖြစ်ခဲ့သည့် အဖြစ်အပျက်ရှိပါသည်။

ကားတိုင်ပေါ်မှ သူခိုးသည် ဆိုးညစ်သောဘဝကို ရှင်သန်ခဲ့သည်။ သူနှင့်ဘဝတူ ရာဇဝတ်သားအား “ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူ(ယေရှု)မူကား အဘယ် အပြစ်ကိုမျှ မပြု” (လု ၂၃:၄၁) ဟု ပြောခဲ့သည်။ ယခု သူ့ဘဝနောက်ဆုံးအချိန်သို့ရောက်နေပါပြီ။ ရုပ်ခန္ဓာ၌ မချိမဆံ့ခံစားရသည့် ဝေဒနာက ပိုကြီးမားသည့် ဝိညာဥ်ရေးရာလိုအပ်မှုမှ အာရုံလွှဲအောင် ခြိမ်းခြောက်နေသည်။

တန်ဖိုးရှိလှသည့်အချိန်များကို သူဖြုန်းခဲ့သည်။ အစောပိုင်းက ယေရှုကို ပြောင်လှောင်ကဲ့ရဲ့ အော်ဟစ်သူများတွင် သူပါခဲ့သည်(မာ၁၅:၃၂)။ သို့သော် ကားတိုင်၌
ချိတ်ဆွဲခံရသည့်အခါတွင်မူ သေချင်ဇောကပ်လျက် သူ၏ နောက်ဆုံးအခွင့်အရေးသို့ လှည့်ကာကြည့်ခဲ့သည်။ “ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏” (လု ၂၃:၄၂)။

ဘုရားသခင်သည် နောက်ဆုံးအချိန်ရောက်နေသူတို့အပါအဝင် လူတို့အား ကယ်တင်ရခြင်းကို နှစ်သက်ဝမ်းမြောက်သည်။ မိမိ၏မှားယွင်းခဲ့မှုများ၌ အာရုံစိုက်မည့်အစား သခင်ယေရှုထံ မျှော်ကြည့်ပါလေ။ Mike Wittmer

 

သင်၏အကြီးမားဆုံးနောင်တများကား အဘယ်နည်း။
ခွင့်လွှတ်ခြင်းနှင့် မထိုက်တန်ဟု သင်အဘယ်ကြောင့် ထင်မြင်သနည်း။

—————————————————————————-

ချစ်သောသခင်ယေရှု၊ ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ်ကို အမှန်တကယ်
ကယ်တင်နိုင်ခြင်းကြောင့် သခင်နှင့် သခင်တစ်ပါးတည်းထံသို့ ကျွန်ုပ်မျှော်ကြည့်ပါ၏။

………………………………………………………………………………………

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>