ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၅-၂၇
(ယေရှုက)…မယ်တော်အား“အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍ လည်းကောင်း၊
တပည့်တော်အားလည်း သင်၏အမိကို ကြည့်ပါဟူ၍ လည်းကောင်း မိန့်တော်မူ၏။ – ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၆-၂၇
ကျွန်မမိဘများ၏ နှစ် ၄၀ မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပပြီးစီး၍မကြာမီမှာပင် ကျွန်မဖခင်ကွယ်လွန်သွားရာ၊ အမေ့ခမျာ အလွန်နက်ရှိုင်းစွာ ကြေကွဲခဲ့ရသည်။ ထို့ပြင် ပေးချေရမည့် အခွန်အခများကို မည်သူပေးချေမည်နည်း။ သူမ၌ ငွေအလုံအလောက် ရှိပါမည်လား။ အိမ်ပြင်ရန်လိုအပ်လာပါက ဘယ်လိုလုပ်ရမလဲ စသည်ဖြင့် စိတ်သောက ရောက်ခဲ့သည်။ သို့သော် မကြာမီတွင် ပူပန်စရာမလိုကြောင်း သူသိလိုက်ရသည်။ အဖေက သူကွယ်လွန်ပြီးနောက်တွင် အမေ့အတွက် ငွေကြေးလိုအပ်မှုမှန်သမျှအတွက် နှစ်ပေါင်းများစွာ ငွေကြေးကို ဂရုတစိုက်စီမံခဲ့သည်။ သို့နှင့် ကျွန်မတို့ညီအစ်မက အမေ၏အခြားလိုအပ်မှုများအတွက် ကြည့်ရှုစောင်မရန် ဆုံးဖြတ်ခဲ့ကြသည်။
မိသားစုကို ဤသို့ဂရုပြုစောင်မခြင်းက သခင်ယေရှု၏နောက်ဆုံးစကားများတွင် ထူးခြားချက်ဖြစ်သည်။ ကားတိုင်ပေါ်ချိတ်ဆွဲခံနေရလင့်ကစား သခင်ယေရှုသည် သူ၏မိခင်မာရိနှင့် သူချစ်သောတပည့်တော် ယောဟန် တို့အား ကြည့်လျက် ”အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါ”၊ ယောဟန်အားလည်း “သင်၏အမိကို ကြည့်ပါ”ဟု မိန့်ကြားခဲ့သည်(ယော ၁၉:၂၆-၂၇)။
ထိုစကားများသည် အလွန်ဝမ်းနည်းညှိုးငယ်လျက် နှလုံးကြေကွဲနေခိုက်တွင် မျှဝေသည့် ပြောစမှတ်တွင်သည့် မေတ္တာစကားဖြစ်သည်။ ယုဒလူမျိုးတို့၏ဓလေ့ထုံးတမ်းများတွင် သေဆုံးခါနီးဖြစ်သည့်သားက မိခင်ကို စောင့်ရှောက်ရန် ညီအစ်ကိုရင်းထံ အပ်နှံသည်။ သခင်ယေရှု၏အဖြစ်အပျက်တွင် မာရိ၏ခင်ပွန်းယောသပ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်မည်။ ထို့ကြောင့် ယေရှုက မိခင်ကို သူ၏ညီထံအပ်နှံသည် (မ ၁၃:၅၅ ကိုရှု)။ သို့သော် ယေရှု၏ညီများက သူ့ကို မေရှိယ ခရစ်တော်အဖြစ် လက်မခံသေးပါ။
မာရိ၏ဘဝအဆင်ပြေဖူလုံစေရေးအတွက် သခင်ယေရှုသည် သူ၏ တပည့်တော် ယောဟန်ကို မိခင်အား ပြုစုစောင့်ရှောက်မည့်သူအဖြစ်ခန့်အပ်ခဲ့သည်။ “ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏”(ယော ၁၉:၂၇)။ ခရစ်တော်ပြုခဲ့သောအမှုက ယုံကြည်သူအားလုံးတို့သည် ကားတိုင်ခြေရင်းတွင် အချင်းချင်းကို စောင်မဂရုပြုခြင်းကြိုးဖြင့် ချည်နှောင်ထားသည့် ဘုရားသခင်၏မိသားစုအသစ်တွင် မိသားစုဝင်များဖြစ်ကြောင်း ထင်ဟပ် ဖော်ပြနေတော့သည်။ Patricia Raybon
အခြားသူများကို သင်မည်သို့ စောင်မကူညီမည်နည်း။ ယုံကြည်သူချင်းကို
မိသားစုအဖြစ် ရှုမြင်ခြင်းက သင့်အတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။
—————————————————————————-
ချစ်သောသခင်ယေရှု၊ ယုံကြည်သူချင်းတို့အား ကူညီရန် လိုလိုလားလားနှင့်
စေတနာစိတ်ရှိစွာ မစသူဖြစ်ရန် ကျွန်ုပ်အား ပုံသွင်းမစတော်မူပါ။
………………………………………………………………………………………