ယနေ့ဖတ်ရန်ကျမ်းစာ |  ရှင်ယောဟန်ခရစ်ဝင် ၄:၅-၁၄

“ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။” – ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၈

မက္ကဆီကိုနိုင်ငံ ကျေးလက်ဒေသမှ ရွာတစ်ရွာရှိ လူမျိုးတစ်စုသည် ရိုးရှင်းပြီး အရေးကြီးသော ရေသန့်စင်စနစ်ကို လာရောက်တပ်ဆင်ပေးမည့် လူမှုကူညီရေး အဖွဲ့ကို ဝမ်းပန်းတသာကြိုဆိုခဲ့သည်။ ရေသန့်စင်စနစ်သည် မိသားစုဝင်များ၏ ရေဆာငတ်မှုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အဖွဲ့သားများက ပြသပြီး၊ အရေးကြီးဆုံးလိုအပ်သည့်“အသက်ရေ”တည်းဟူသော ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းကိုလည်း မိတ်ဆက်ပေးခဲ့သည်။

ရုပ်ခန္ဓာအတွက် ရေဆာခြင်း နှင့် ဝိညာဉ်ရေးရာ ဆာငတ်ခြင်းကို ချိတ်ဆက်ဥပမာပြပြီး၊ ဝိညာဉ်ရေးရာအမှန်တရားကို အဖွဲ့ဝင်များက ရှင်းပြခဲ့သည်။ ခရီး သွားရင်း ပင်ပန်းနွမ်းနယ်နေသည့် ယေရှုသည် ရေတွင်းအနီး၌ ထိုင်၍ ရေခပ်ဆင်းလာသည့် ရှမာရိအမျိုးသမီးထံမှ ရေတောင်းခဲ့သည်။ “ဤရေကိုသောက်သောသူသည် နောက်တစ်ဖန် ရေငတ်ဦးမည်။- ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည် …ဟု (ယေရှု)မိန့်တော်မူ၏။-”(ယော ၄:၁၃-၁၄)။ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေခြင်းဖြင့် ဝိညာဉ်ရေးရာရွှင်လန်းစေမည့်အကြောင်း သခင်ယေရှုကမ်းလှမ်းခဲ့သည်။

လူတိုင်းအား အသက်ရေကို မိတ်ဆက်ပေးနိုင်ရန် သခင်သည် တစ်ဖန် ရေဆာလောင်မှုဒဏ်ကို ခံယူရန် လိုအပ်လာပြန်သည်။ တိုင်တော်ပေါ်တွင် ဝေဒနာခံနေရချိန်၌ “ရေငတ်သည်” (ယော ၁၉:၂၈) ဟု မိန့်ခဲ့ပြီး၊ ၎င်းသည် ယေရှု အသက်စွန့်မည့်အချိန်နီးပြီဖြစ်ကြောင်း အချက်ပြသည်။ ဘုရားသခင်သည် သူ့ကို ပြန်လည်ထမြောက်စေမည်ကို သိမှတ်လျက် ဝေဒနာကို လိုလားစွာ ခံယူလျက် ရေဆာလောင်မှုကို သည်းခံခဲ့သည်။ ရေတွင်းမှ အမျိုးသမီးကဲ့သို့ သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် ဝိညာဉ်ရေးရာဆာလောင်မှုအတွက် လိုအပ်သောအသက်စမ်းရေကို ကျွန်ုပ်တို့ရယူနိုင်ပါသည်။

ထိုလူမျိုးစုက သန့်ရှင်းသောရေကို သောက်သုံးနိုင်သည့်အခိုက်၊ ထိုမျှမက သူတို့သည် ခရစ်တော်ပေးသော အသက်ရေလက်ဆောင်ကို လက်ခံခဲ့သောအခိုက်အတန့်ကား၊ လူမှုကူညီရေးအဖွဲ့ဝင်များ၏ ဝမ်းမြောက်ခြင်းပေတည်း။

“အသက်ရေ”သည် ဆာလောင်သည့် စိတ်ဝိညာဉ်တိုင်းရယူနိုင်သောလက်ဆောင်ဖြစ်ပေသည်။ – Lisa M. Samra

 

ရေဆာခြင်းသည် ဝိညာဉ်ရေးရာ ဆာလောင်ခြင်းနှင့် မည်သို့ ဆက်စပ်နေသနည်း။
အသက်ရေ ပေးကမ်းလာမှုကို သင်မည်သို့ တုံ့ပြန်ခဲ့သနည်း။

—————————————————————————-

“ယေရှု၊ ကျွန်ုပ်၏ဝိညာဉ်သည် သခင့်အားဖြင့်သာ ပြည့်ဝကျေနပ်နိုင်ပါ၏။”

………………………………………………………………………………………

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>