ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၈-၃၇

ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို
ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ – ရှင်ယောဟန်ခရစ်ဝင် ၁၉:၃၀

၂၀၁၄ ခုနှစ်တွင် ပေါင်၂.၆ ဘီလီယံ ခန့်ရှိသည့် ရှေးနှစ်များစွာက အကြွေးများကို ဆပ်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ ကြေညာခဲ့သည်။ ၁၇၂၀ ခုနှစ်တွင် ရှေးက South Sea Bubble ဟုခေါ်သော ဘဏ္ဍာရေးပြိုလဲမှုကြောင့် အစိုးရက ငွေကြေးဆိုင်ရာ ကယ်တင်မှု (bailout) တစ်ခု ပြုလုပ်ခဲ့ရာ၊ ပေါင်အကြွေးများ မီလျံံပေါင်းများစွာ တင်ရှိခဲ့သည်။ ယခုတွင် လက်ရှိအတိုးနှုန်းနိမ့်နေသည့်အပြင် ယခင်က တင်ရှိခဲ့သည့်အကြွေးအမျိုးမျိုးကို မျိုးဆက်သစ်များအတွက် မချန်ခဲ့စေချင်သဖြင့် အစိုးရအနေဖြင့် အကြွေးဆပ်ရန် အသင့်ပြင်ဆင်ခဲ့သည်။

ယေရှုက “အမှုပြီးပြီ!” (ယော ၁၉:၃၀) ဟု ကြွေးကြော်သောအခါ လူသား၏ အကြီးမားဆုံး အကြွေးဖြစ်သည့် အပြစ်ကြွေးကို လုံးဝဆပ်ပြီးပြီဟု ကြေညာခြင်းဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ်မှ ယေရှု၏နောက်ဆုံးစကားကြီးခုနစ်ခွန်းအနက် ဆဌမမြောက်စကားဖြစ်သော ထိုစကားသည် ဂရိဘာသာဖြင့် “τετέλεσται” (Tetelestai) ဖြစ်သည်။ ထိုစကားလုံးကို အခွန်အခနှင့် အကြွေးများ လုံးဝ ဆပ်ပြီးခြင်း၊ ကျွန်များ လုပ်စရာတာဝန်ကို ပြီးမြောက်ခြင်းစသည်တို့ကို ဖော်ပြရာတွင် အသုံးပြုလေ့ရှိသည်။ ယခုတွင် ယေရှုသည် စုံလင်သည့်ဘုရားသခင်၏ သိုးသငယ်အဖြစ်၊ “ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီး”မြောက်ခြင်းကို ဆိုလိုပေသည်(ယော ၁၉:၂၈) ။

ယေရှုသည် ကားတိုင်ပေါ်အသေခံခြင်းဖြင့် ပညတ်တရားမှတောင်းဆိုသည့် ဖြောင့်မတ်ခြင်းစံကို အကြွင်းမဲ့ ဖြည့်ဆည်းခဲ့သည်။ ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ လောက၏အပြစ်အားလုံးကို ယူဆောင်လျက် သစ်တိုင်မှာခံတော်မူပြီ (၁ ပေ၂:၂၄)။ သခင်ယေရှုသည် အပြစ်ကို ဖုံးလိုက်ရုံမက “ဤလောက၏ အပြစ်ကို ဆောင်(ယူ)သွားပေသည်” (ယော ၁:၂၉)။

ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အကြွေးကို ဆပ်ပေးခဲ့ခြင်းကြောင့် ကျွန်ုပ်တို့သည် သူ၏အသေခံခြင်းနှင့် ထမြောက်ခြင်းကို ယုံကြည်ခြင်းဖြင့် ထာဝရအသက်ကို ရရှိနိုင်မည်ဖြစ်ပြီး၊ ယခုဘဝတွင်ပင် “အသက်နှင့်ပြည့်စုံသောဘဝ” (ယော ၁၀:၁၀) ကို ရရှိနိုင်သည်။ အကြွေးကို ဆပ်ပြီးပြီ! – Marvin Williams

 

သင့်အပြစ် အကြွေးကို သခင်ယေရှု အပြီးအစီးဆပ်ပေးခဲ့ခြင်းကို သိရှိရခြင်းက
သင့်အတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ သင့်အတွက် သခင်ယေရှုအသက်တော်
စွန့်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ယနေ့ သင်မည်သို့ဖော်ပြမည်နည်း။

—————————————————————————-

“ယေရှုခရစ်တော်ဘုရား၊ ကျွန်ုပ်အတွက် အပြစ်အကြွေး အကုန်ဆပ်ပေးခြင်းအတွက် ကျေးဇူးတင်ပါ၏။”

………………………………………………………………………………………

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>