ယနေ့ဖတ်ရန်ကျမ်းစာ |  ရှင်မာကုခရစ်ဝင် ၁၅:၃၃-၄၁

ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၂၃:၄၆

မာတင်လူသာ ၏နောက်ဆုံးအချိန်တွင်၊ သင်းအုပ်ဆရာက “သိက္ခာတော်ရ ဘုန်းတော်ကြီးခင်ဗျား၊ သင်ဟောပြောခဲ့သည့် သမ္မာတရားအတိုင်း ယေရှုခရစ်ကို ယုံကြည်ခြင်း၌ တည်ကြည်လျက် သေဆုံးပါမည်လား”ဟု မေးရာ၊ လူသာက “ဟုတ်ကဲ့ပါ”ဟု ဖြေပြီး ထာဝရအိပ်စက်သွားသည်။ အံ့ဖွယ်ပါတကား။ ကျွန်ုပ်၏နောက်ဆုံးစကားလည်း ထိုကဲ့သို့ပင် ထူးမြတ်ရန် မျှော်လင့်မိသည်။ တစ်ဝက်တစ်ပျက်နှင့် စကားဆုံးဘဲ မသေသွားချင်၊ သာမန်ကာလျံကာ ပြောလိုက်သော်လည်း ထူးခြားလေးနက်သည့် စကားဖြင့်သာ ဘဝအဆုံးသတ်လိုသည်။ မာတင်လူသာကဲ့သို့ အရေးကြီးဆံုးအချက်ကို စိတ်ချမှုဖြင့် ပြောဆိုကာ သေဆုံးသွားချင်ပါသည်။

ယေရှု၏နောက်ဆုံးစကားများသည် မည်ကဲ့သို့သောစကားများဖြစ်သနည်း။ (မာ ၁၅:၃၇) တွင် “ယေရှုသည် ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ် တော်မူ၏”ဟုဆိုပြီး၊ (မ၂၇:၅၀)တွင် “ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏”ဟု အတည်ပြု ထားသည်။ ယေရှု၏ကြီးသောအသံနှင့်ကြွေးကြော်ခြင်းကား အဘယ်နည်း။ ၎င်းသည် အောင်ခြင်းအသံလား၊ စိတ်ပျက်သံလား။ ၎င်းသည် အမြင့်ဆုံးသော ဝေဒနာအမှတ်လား၊ သို့မဟုတ် အောင်ပွဲ၏ အစအမှတ်လား။

ရှင်လုကာခရစ်ဝင်တွင် ဖြေရှင်းချက်ကို တွေ့ရပါသည်။ “ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏” ဟု (လု ၂၃:၄၆) တွင် ဖော်ပြခဲ့ပြီး၊ ရှင်ယောဟန်ခရစ်ဝင်တွင်လည်း “အမှုပြီးပြီ” ဟု ယေရှု မိန့်ခဲ့ကြောင်း (ယော ၁၉:၃၀) မှတ်တမ်းတင်ထားသည်။

သခင်ယေရှု၏နောက်ဆုံးစကားသည် ဘုရားသခင်အား ကိုးစားကြောင်း နာကျင်မှုဖြင့် အော်ဟစ်ခဲ့သောအသံဖြစ်သည်။ သို့သော် ထိုစကားသည် ယုံကြည်ခြင်းနှင့် ရောနှောသဖြင့် နောက်ဆုံး မဟုတ်ခဲ့ပါ။ တစ်နေ့တွင် ခရစ်တော်ကို ယုံကြည်သူတိုင်းအား ထမြောက်စေမည်သကဲ့သို့ ဘုရားသခင်သည် သားတော် ယေရှုကို အောင်ခြင်းဖြင့် ထမြောက်စေခဲ့သည်။Mike Wittmer

 

မည်သည့်စကားများကို သင်၏ နောက်ဆုံးစကား ဖြစ်စေချင်သနည်း။ ယခု ချရေးလိုက်ပါ။
သို့မှသာ သင်သေဆုံးသွားပြီးနောက် သင်၏ မိသားစုနှင့် ချစ်ရသူများ ထိုစာကိုဖတ်နိုင်မည်ဖြစ်သည်။
ယနေ့အသက်တာတွင် ထို စကားများကို မည်သို့ ဆင်ခြင်နိုင်မည်နည်း။

—————————————————————————-

“အဘဘုရား၊ ကိုယ်တော့်လက်တော်ထဲသို့
ကျွန်ုပ်၏ဝိညာဉ်ကို ယခုမှစ၍ ထာဝရအပ်နှံပါ၏။”

………………………………………………………………………………………

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>