အီစတာ – အထူးစာမူ
ရှင်ပြန်ထမြောက်ခြင်း ရက်သတ္တပတ်အတွင်း
ဆင်ခြင်စရာ ကားတိုင်ပေါ်မှ သခင်ယေရှု၏နောက်ဆုံးစကားများ
မေရှိယ၏နောက်ဆုံးစကားများ
နိဂုံး
ကျွန်ုပ်အတွက် သခင်ယေရှု၏
နောက်ဆုံးစကားကြီးများ၏အဓိပ္ပာယ်
အီလီနွိုင်(Illinois)ပြည်နယ် ချီကာဂို(Chicago)မြို့၌ ကျွန်မလက်ရှိ ပါဝင် နေသည့် အသင်းတော်သို့ မတက်ရောက်မီအထိ ခရစ်တော်၏စကားကြီး ၇ ခွန်းကို ကျွန်မမသိ၊ မကြားဖူးခဲ့ပါ။ ထိုစကားကြီး ၇ ခွန်းကို ဆင်ခြင်ဝတ်ပြုကိုးကွယ်ခြင်း အပြီးတွင် ကြားနာခဲ့ရသည့် ဒေသနာတော်အရ ကျွန်မ ကျမ်းစာအုပ်ကို လှန်လှောကာ သခင်ယေရှုမသေမီပြောခဲ့သောစကားများကို ရေတွက်ရှာကြည့်ခဲ့သည်ကို မှတ်မိသေးသည်။ သို့သော် ထိုစကားကြီး ၇ ခွန်းကို ကျွန်မ ရှာမတွေ့ခဲ့ပါ။ သို့နှင့် အသင်းတော်၏ မဟာသောကြာနေ့ကြီး၌ စကားကြီး ၇ ခွန်း ဝတ်ပြုစည်းဝေးကို ကျွန်မပထမဆုံးတက်ရောက်ဖြစ်ခဲ့သည်။ ဤအစီအစဥ်၌ အသင်းသားအများစုနှင့် ဧည့်သည်များသည် ဗိမာန်တော်၌ စုဝေးကာ ဆရာ ၇ ပါးထံမှ ဟောပြောဝေငှချက်များကို နာယူခဲ့ရသည်။ ဆရာများက ခရစ်ဝင်ကျမ်းများမှ ကားတိုင်ထက်၌ ရှိစဥ် သခင်ယေရှုပြောခဲ့သည့် စကား ၇ ခွန်းကို ဝေငှသည်။ ထိုအခါကျမှ ၎င်းသည် သခင်ယေရှုမသေဆုံးမီ ပြောခဲ့သောစကားများဟု ကျွန်မ နားလည်ခဲ့သည်။
သို့နှင့် မဟာသောကြာနေ့ကြီးကျရောက်တိုင်း ဤဝတ်ပြုစည်းဝေးကို ကျွန်မတက်ရောက်ကာ ဆရာခုနစ်ပါးထံမှ စကားတော် ၇ ခွန်းနှင့် ဆိုင်သည့် မတူညီသောဝေငှချက်များကို နာယူခဲ့သည်။ ၎င်းတို့သည် တစ်ထိုင်တည်းနှင့် လေ့လာခံယူရန် လေးနက်များပြားလွန်းလှပြီး၊ ကျွန်မအတွက် ကွဲပြားသော၊ အသစ်ဖြစ်သော၊ နှိုးဆော်မှုဖြစ်သော ဒေသနာများဖြစ်သည်။ ကျွန်မက သခင်ယေရှု၏အံ့ဖွယ်သဘောတော်၊ သူအသေခံလျက် တပည့်တော်တို့အား ပြသခဲ့သည့် စံနမူနာ စသည်တို့အပေါ် ပို၍ အလေးထားသည်။
“အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ”(လု ၂၃:၃၄) ဟု ဖတ်ရှုရစဥ် ကျွန်မတို့အား ခရစ်တော်သည် ခွင့်လွှတ်ခြင်းကို စံနမူနာပြခဲ့ကြောင်း သိနားလည်ခဲ့သည်။ ဘဝ၌ ကျွန်မ (သို့) ကျွန်မချစ်ရသူများ နာကျင်စွာ ခံစားရသည့် မလိုတမာ အပြုအမူများကြောင့် အမှန်တကယ် ခွင့်လွှတ်ရန် ခက်ခဲပါသည်။ “ကျွန်မမည်သို့ခွင့်လွှတ်ခဲ့သနည်း”။ သခင်ယေရှု၏အမြင်နှင့် နာကျင်ခံစားရမှုနှင့်အတူ သူ၏စကားတော်ကို ပြန်လည်ကြားယောင်ကာ ဘုရားရှင်ထံမှ မစမှုကို တောင်းခံခဲ့သည်။
“ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်”(လု ၂၃ : ၄၃) ဟူသည့်စကားကို ကြားသည့်အခါ ခရစ်တော်၏ခွင့်လွှတ်ခြင်းကို ကြားရသည်သာမက အပြစ်သားတစ်ဦးကို ပြန်လည်ငြိမ်ဝပ်တည်ဆောက်ပေးခြင်းကိုလည်း မြင်ရသည်။ ကျွန်မတို့၏အတိတ်က မည်သို့ပင်ဖြစ်စေကာမူ သူ့ထံသို့ လာသူတိုင်း၏အပြစ်ရှိသမျှကို ဖယ်ရှားပြီး ထာဝရအသက်ပေးမည် ဆိုသည့် (မ ၉:၂၊ ယော ၃:၁၆) နှုတ်ကပတ်ကျမ်းချက်ကို ကိုယ်တော်ဖော်ကျူးခဲ့သည်ကိုလည်း ကျွန်မမြင်မိသည်။ ကျွန်မတို့နှင့်အတူ ထာဝရရှိလိုသော သခင့်အလိုဆန္ဒကိုလည်း မြင်ရသည်။
“အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါ။…တပည့်တော်အားလည်း သင်၏အမိကို ကြည့်ပါ”(ယော ၁၉:၂၆-၂၇) ဟု ကြားရစဥ် ဤမျှလောက်နာကျင်ခြင်းဝေဒနာခံစားရစဥ်တွင်ပင် ခရစ်တော်သည်တစ်ပါးသူအပေါ် စောင်မဂရုပြုကြောင်း တွေ့ရသည်။ ကိုယ်တော်သည် မိသားစုမရှိသူများအတွက် မိသားစုကို ပြင်ဆင်ပေးပြီး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင်မကူညီကြရန် မိန့်မှာသည်။
“အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း”(မ ၂:၄၆) ဟူ၍ ကြားရသောအခါ ရုပ်ခြည်းပင် လွှမ်းမိုးသော စိတ်ဓာတ်ကျလျက် အထီးကျန်မှုက ပေါ်လာသည်။ သူ၏တပည့်တော်များအား ပြောကြားခဲ့သည့် သူထမ်းဆောင်ရမည့်တာဝန် (မာ ၈:၃၁-၃၃)၊ သူ့အားစေစားသည့်အမှုတော်ကို ပြီးမြောက်ပြီးစီးစေသည်တွင် ခံစားရသည့်နာကျင်မှုဝေဒနာများကို မြင်နေရသည်။
ကျွန်မတို့၏အပြစ်များအတွက် တင်လှူပူဇော်မည့်ယဇ်အဖြစ် သူစေလွှတ်ခံရသည်၊ အသက်ရှင်ရမည့်လမ်းကို ပြရမည်ကို သခင်သိသော်လည်း လက်တွေ့လူသားတို့၏အထီးကျန်မှု၊ တစ်ကိုယ်တည်းဖြစ်မှုနှင့် စိတ်ပျက်အားလျော့မှုတို့နှင့် လုံးပမ်းခဲ့ရသည်။ နှလုံးကွဲပြတ်ရသည့် သခင်၏မေးခွန်းအားဖြင့် လောကဓံဘဝနှင့်ဆိုင်သည့်မေးခွန်းများရှိလာပါက ဘုရားသခင်ထံတိုးဝင်လျက် အော်ဟစ်ရမည်ကို ကျွန်မသင်ယူမိသည်။ မြည်တမ်းငိုကြွေးခြင်းသည် အဆင်ပြေကြောင်း ကျွန်မသိခဲ့ရသည်။ ကျွန်မ၏မေးခွန်းနှင့် သောကပူပန်စရာများကို ဘုရားရှင်ထံ အရှိအတိုင်း ရိုးသားစွာ ယူဆောင်လာနိုင်ပါသည်။ မေးခွန်းအချို့အတွက် အဖြေမရနိုင်ကြောင်းလည်း ကျွန်မသိနားလည်လာသည်။ မြည်တမ်းခြင်းသည် ဘုရားသခင်ကို သိမှတ်ဝန်ခံခြင်းဖြစ်ပြီး ထိုမေးခွန်းများကို ကိုယ့်တော့်ထံလွှဲပေးခြင်းပင်ဖြစ်တော့သည်။
“ရေငတ်သည်”(ယော ၁၉:၂၈)ဟု သခင့်စကားကို ကြားသောအခါ သခင်ယေရှုသည် ဘုရားစင်စစ်ဖြစ်သော်လည်း လူသားစစ်စစ်လည်း ဖြစ်ကြောင်း ထိုအချက်က ကျွန်မကို သတိပေးလာသည်။ လူသားတစ်ဦးအနေဖြင့် ကျွန်မခံစားရသည်များကို ကိုယ်တော်လည်း ခံစားရပါသည်။
“အမှုပြီးပြီ”(ယော ၁၉:၃၀) ဟု ကြားရသောအခါ ယေရှုသည် အသေခံရန် ကြွလာကြောင်း သူပြောသည့်အတိုင်း သူသေဆုံးခဲ့သည်ဖြစ်၍ သူ့အမှုတော်တာဝန်ကို ပြီးစီးထမ်းဆောင်ခဲ့သည့်ကယ်တင်ရှင်ကို ကျွန်မမြင်မိသည်။ သူသည် သေခြင်းတိုင်အောင် ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့သည်။ သူ့အား စေစားသည့်အမှုတော်ကို သူဆောင်ရွက်ပြီးစီးသည့်အခါ အမှုပြီးကြောင်းကြေညာကာ ထွက်သွားခဲ့ရသည်။
“အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဥ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏”(လု ၂၃:၄၆) ဟု ကြားရသောအခါ ခရစ်တော်သည် သူ၏စိတ်ဝိညာဥ်ကို သူ၏အဘခမည်းတော် ထံသို့ လိုလိုလားလားအပ်နှံခဲ့ကြောင်း ကျွန်မမြင်မိသည်။ အရာခပ်သိမ်းကို အမှန်တကယ် ထိန်းချုပ်ထားသူအား သိမှတ်ဝန်ခံလျက် ဘုရားရှုင်ထံ အပ်နှံခြင်း၊ ငြိမ်သက်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းကို ကျွန်မမြင်ခဲ့သည်။ ၎င်းသည် အမှုအရေးများကို ကိုယ်တော်ထံအပ်နှံရင်း ဘုရားရှင်၌ အမှီပြုရန် ကျွန်မအတွက် သတိပေးချက်ပင်ဖြစ်တော့သည်။
သခင်ယေရှု၏နောက်ဆုံး စကားကြီး ၇ ခွန်းကို ဆင်ခြင်နှလုံးသွင်းရင်း ကျွန်မမသိသော ကားတိုင်၊ သခင့်အား သေစေရန်ချိတ်ဆွဲခဲ့သည့်ကားတိုင်ခြေရာအတိတ်ဆီသို့ ကျွန်မစီးမျောပါသွားပြီး၊ ခရစ်တော် မည်သူဖြစ်သည်၊ သူသည် မည်သည့်စံနမူနာ ပြပေးခဲ့သည်ကို ကျွန်မမြင်လာသည်။ မေရှိယ နောက်တော်သို့ လိုက်လျှောက်ပြီး ဘုရားသခင်၏အကြံအစည်တော်နှင့်အညီ အသက်ရှင်နိုင်ရန် ကြိုးစားအားထုတ်စဥ် ကျွန်မဘာလုပ်သင့်သည်ကို သတိပေးလာသည်။ သူ၏ဝိညာဥ်တော်နှင့် တန်ခိုးတော်အားဖြင့် ကျွန်မ တို့ မည်သို့အားထုတ်အသက်ရှင်ရမည်ကို သခင်ယေရှုသည် ထင်ရှားသောပုံသက်သေစံနမူနာဖြင့် စစ်မှန်စွာ ရှင်သန်ပြခဲ့သည်။
သူ၏စကားတော်များက သူ၏နှလုံးသား၊ သူ၏စိတ်ခံစားချက်များ၊ သူ၏ဂရုပြုစောင်မမှုနှင့် သူ၏ သန္နိဌာန် တည်ကြည်မှု ကို သတိပေးဖော်ပြလာသည်။ သူ့စကားတော်များက သင့်အတွက် အသက်တာပြောင်းလဲစေရေး စံနမူနာကောင်းဖြစ်ပါစေ၊ ခက်ခဲသည့်နေ့ရက်၊ အဆင်ပြေချောမွေ့သည့် နေ့ရက်များတစ်လျှောက် သခင်နှင့် သာ၍တူလာစေရန် သခင်၏ပြုပြင်ပြောင်းလဲပေးသော ကျေးဇူးတော်၏ တန်ခိုးတော်အားဖြင့် ကြိုးစားအားထုတ်ရန် သင့်ကိုခွန်အားပေးပါစေဟု ဆုတောင်းအပ်ပါသည်။ အခြားသူများ သင့်ကို နာကျင်စေပြီး သူတို့အား ခွင့်လွှတ်ရန်လိုအပ်ချိန်တွင် ကိုယ်တော်၏ စကားတော်များသည် ဂရုပြုစောင်မခြင်းပုံရိပ်ကိုသင့်အား ထင်ရှားပေါ်လွင်စွာ ဖော်ပြနေရန် မျှော်လင့်မိပါသည်။ မည်သည့်အရာကို ကြုံတွေ့ရပါစေ ဘုရားသခင်၏မစမှုဖြင့် ကိုယ်တော်၏လက်တော်နှင့် သူ၏စောင်မမှုသို့ မည်သို့အပ်နှံရမည်ကို ကိုယ်တော်၏စကားတော်နှင့် ပြုမူလုပ်ဆောင်ပုံများက ပြသသွန်သင်ပါစေဟု ဆုတောင်းပါသည်။
ခရစ်တော်၏စံနမူနာကို မိမိအစွမ်းခွန်အားဖြင့် မိမိဘာသာ လိုက်လျှောက်ရန် မဖြစ်နိုင်ပါ။ မေရှိယကို ယုံကြည်လျက် ဘုရားသခင်၏တန်ခိုးတော်နှင့် ကျေးဇူးတော်၌ ကျွန်မတို့အစဥ်ကိုးစားလျက် အမှီပြုရန် လိုအပ်သည်။ နေ့ရက်စဥ်တိုင်းတွင် မိမိအသက်တာကို သခင့်ထံအပ်နှံရပါမည်။ သခင်ယေရှုက လမ်းပြခဲ့ပြီဖြစ်သည်။ လိုက်လျှောက်မည် မလိုက်လျှောက်မည်ကို မိမိက ရွေးချယ်ရပါမည်။
သခင့်နောက်တော်သို့ သင်လိုက်လျှောက်ပါမည်လား။
- Katara Patton, နေ့စဉ်ခွန်အား စာရေးသူ
<<ယခင်နေ့စာမူ ပြန်ဖတ်ရန်