အီစတာ – အထူးစာမူ
ရှင်ပြန်ထမြောက်ခြင်း ရက်သတ္တပတ်အတွင်း
ဆင်ခြင်စရာ ကားတိုင်ပေါ်မှ သခင်ယေရှု၏နောက်ဆုံးစကားများ
မေရှိယ၏နောက်ဆုံးစကားများ
နိဒါန်း
🌱ဥယျာဉ်အတွင်းမှ ရတနာများ🌱
အပန်းရောင်နှင့်အဖြူရောင် ပျိုနီပန်းပင်များကို ငေးစိုက်ကြည့်ရင်း “ပန်းတွေကို ပိုပြီးကြာကြာပွင့်နေစေချင်လိုက်တာ” ဟု ကျွန်တော့်ဇနီးက မဖြစ်နိုင်သည့်အရာကို တောင့်တလျက် ဆိုသည်။ ထို့နောက် ကိုယ်ကိုညွှတ်ကိုင်းလျက် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က သူစိုက်ပျိုးခဲ့သည့်ပန်းလေးများကို မွှေးလိုက်သည်။ ဤလောကကို မခင်တွယ်တော့သည့် ကျွန်တော့်မိခင်ထံမှ ထိုပန်းများကို ကျွန်တော်တို့လက်ဆောင်ရရှိခဲ့သည်။ သို့သော် အမေက သူမရှိတော့သည့်နောက်ပိုင်း သူ့ပန်းခြံလေးကို ဆက်လက် ရှင်သန်စေလိုသည်။
ခဏအကြာတွင် ကျွန်တော်တို့၏သုံးနှစ်အရွယ် မြေးမလေးက ပန်းခြံလျှောက်လမ်းအတိုင်း အမြန် ပြေးလာပြီး၊ သား၏သူငယ်ချင်း ခေးလက်ထံ ကျောက်ခဲတစ်လုံး ကမ်းပေးလိုက်သည်။ ခေးလက်က ကျောက်ခဲကို သူ့အိတ်ထောင်ထဲထည့်ရင်း “ပန်းက အထားမခံဘူး။ ကျောက်ခဲကတော့ ပိုကြာကြာခံမယ်”ဟု ပြောလိုက်သည်။ မြေးလေးမှာပန်းခြံထဲမှ ရတနာများကို ရှာဖွေရန် လှည့်ထွက်သွားသည်။ ဘဝ၏တိုတောင်းမှု၊ လှပမှု၊ သေချာမှုတို့ကို ထိုအခိုက်အတန့်လေးတွင် တွေ့မြင်ခဲ့ရသည်။
ရှေးလွန်လေသောအချိန်များစွာက ဘဝ၏နာကျင်မှု၊ မေတ္တာနှင့် မျှော်လင့်ခြင်း အနှစ်သာရများကို ဖော်ကျူးသည့် အထက်ခန်းမှမြင်ကွင်းကို အချိန်အနည်းငယ် အာရုံစိုက်ဆင်ခြင်ရုံဖြင့် မြင်နိုင်ပါသည်။ တပည့်တော် ရှင်ယောဟန်က နောက်ဆုံးညစာမြင်ကွင်းကို “ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိတော်မူသည်” (ယော ၁၃:၁) ဟု ဖော်ပြခဲ့သည်။ မြန်ဆန်လှသည့် ထိုအခိုက်အတန့်လေးအတွင်းတွင် ခရစ်တော်က တပည့်တော်တို့အား စစ်မှန်သောခေါင်းဆောင်မှုဟူသည် မည်သို့ဖြစ်သည်ကို ပြသခဲ့သည်(:၃-၁၇)။ ယုဒသူ့ကို အပ်နှံမည့်အချိန် နီးကပ်လာပြီဖြစ်ကြောင်း နှင့်(:၁၈-၃၀)၊ မကြာမီတွင် ပေတရုသည် သူ့အား ငြင်းပယ်မည်ကို သတိပေးခဲ့သည်(:၃၈)။ သူသည် ခမည်းတော်ထံသို့ ကြွသွားမည်ကို တပည့်တော်တို့အား ပြောကြားခဲ့သော်လည်း “ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်”ဟု မိန့်တော်မူလျက်(၁၄:၁၈)၊ “ငါသည် ခမည်းတော်ကို တောင်း၍ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဥ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္စျာယ်ဆရာကို သင်တို့နှင့်အတူ အစဥ်မပြတ်တည်နေစေခြင်းငှာ သင်တို့အား ပေးတော်မူမည်” (၁၆-၁၇)ဟု အာမခံပြောကြားခဲ့သည်။
ဖိနှိပ်ညှဥ်းဆဲမှုခံရလျက် အသေခံရမည့်အမှုကို စောင့်မျှော်လျက် “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်”(ယော ၁၄:၂၇) ဟု အခြားသူတို့အား သခင်ယေရှုနှစ်သိမ့်ခဲ့သည်။
သို့နှင့် မကြာမီအချိန်တွင် သခင်ယေရှုနှင့် တပည့်တော်တို့သည် (ယုဒ မပါရှိတော့ဘဲ) အထက်ခန်းမှ ထွက်ခွာကာ သံလွင်တောင်သို့ သွားလေ၏။ အခြားညများနည်းတူ သာယာသောည ဖြစ်လိမ့်မည်ဟု ထင်ရသော်လည်း ဤညသည် သာယာသောည မဟုတ်ခဲ့ပါ။ ဂေသရှေမန်ဥယျာဥ်၌ သခင်က တပည့်တော်တို့အား “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏”ဟုမိန့်ကြားခဲ့ပြီး (မ ၂၆: ၃၈)၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော”(:၃၉)ဟု ဆုတောင်းခဲ့သည်။
ဤနေရာတွင် ဝေဒနာအပြင်းအထန်ခံစားရလျက် သခင်ယေရှု၏ လူသားဆန်မှုကို တွေ့ရသည်။ “သို့သော်လည်း ကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” (:၃၉)ဟူ၍ သူ့ခမည်းတော် အပေါ် သခင်၏ အဆုံးတိုင်အောင် အားကြီးသောနာခံမှုကို တွေ့ရသည်။
ဂေသရှေမန်ဥယျာဥ်၌ အဖမ်းခံရပြီး၊ ရှက်ဖွယ်သောစစ်ကြောမှု နှစ်ခုနှင့် သမိုင်းတစ်လျှောက် တရားမျှတမှု အကင်းမဲ့ဆုံးသောစီရင်ချက်ကို သခင်ခံယူခဲ့ရသည်။ စကြဝဠာကို ဖန်ဆင်းသည့် ဖန်ဆင်းရှင်သည် ယေရုရှလင်မြို့ပြင် တောင်ကုန်း၌ သူဖန်ဆင်းခဲ့သူများ၏ကားတင်သတ်ခြင်းကို ခံခဲ့ရသည်။ စက်ဆုပ်ရွံရှာဖွယ် ထိုနေရာမှ “ သခင်၏နောက်ဆုံးသော စကားကြီး ၇ ခွန်း” ကို ခရစ်တော်မိန့်တော်မူခဲ့သည်။
ရှေ့ဆက်စာမျက်နှာများတွင် ဤစကားကြီးတစ်ခွန်းစီ၏ ဆင်ခြင်စရာများကို ဖော်ပြသွားပါမည်။ ဤစာမူများကို ဖတ်ရှုရင်း ၎င်း၏ထူးခြားအရေးပါမှုကို ဆင်ခြင်မိလျက်၊ ထာဝရပွင့်လန်းသော မျှော်လင့်ခြင်းကတိစကားများမှ ခွန်အားရယူနိုင်ပါစေဟု ဆုတောင်းလိုက်ရပါသည်။
ဤဘဝအသက်တာသည် နာကျင်မှုနှင့် သေခြင်းကို မလွဲမသွေ ဆောင်ယူလာသည်။ အနှေးနှင့်အမြန် ဆိုသလို မိမိချစ်ရသူများကို ကျွန်ုပ်တို့ နှုတ်ဆက်ခွဲခွာရမည်။ ဒါဝိဒ်မင်းကြီး အနိစ္စရောက်မည့်အချိန် နီးလာသောအခါ သူက “မြေကြီးသားအပေါင်းတို့၏သွားရာလမ်းသို့ ငါသွားရမည်”ဟု ကဗျာဆန်ဆန် ရေးဖွဲ့ခဲ့သည် (၂ ရာ ၂:၂)။
သို့သော် နွေကူးရာသီ၌ ပွင့်လန်းသောပန်းများကဲ့သို့ပင် ဤဘဝအသက်တာ၌ အလှတရားများစွာ ရှိသည်။ ထို့ပြင် ယေရှုကြောင့်သာ အနာဂတ်၌ ရှိနေသည့် ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားကြသည်။
ကျွန်တော့်ဇနီးအား ကျွန်တော့်မိခင်ပေးခဲ့သည့်ပန်းများသည် ကမ္ဘာမတည် ရှိမီကပင် ဖန်ဆင်းရှင် စီမံထားသည့် မျိုးပွားတိုးပွားခြင်းအစီအစဥ်အားဖြင့်သာ ရှင်သန်ခဲ့သည်။ အမေ့၏အမွေသည် သူ၏သားသမီး မြေးမြစ်များအားဖြင့် ဆက်လက် ပွားများခဲ့သည်။ သို့သော် ဘုရားသခင်ကို ချစ်ပြီး သားတော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နောက် လိုက်လျှောက်ခဲ့သူများနှင့် ထာဝရပြန်လည် ပေါင်းစည်းတွေ့ဆုံရရေးကို ကျွန်ုပ်တို့မျှော်လင့် စောင့်စားခြင်းက ပို၍ အံ့ဩစရာ ကောင်းသည်။
ပန်းများက တဖြည်းဖြည်း သေဆုံးသွားမည်။ လက်ဆောင်ကြီးငယ် မဟူသည် ပျောက်သွားနိုင်သည်၊ ၎င်းတို့ကို မေ့သွားနိုင်သည်၊ တစ်လွဲသုံးပစ်နိုင်သည်။ သို့သော် ပျော်ရွှင်စွာ ပေးသည့် ကျွန်တော့် မြေးမလေး၏ကျောက်တုံး လက်ဆောင်အားဖြင့် အခြားဥယျာဥ်တစ်ခုမှ ကျောက်တုံးကြီး တစ်ခုကို သတိရမိသည်။ ”ခုနစ်ရက်တွင် ပထမနေ့ရက် မိုးမလင်းမီစောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့သွား၍ တွင်းဝ၌ ပိတ်သောကျောက်သည် ရွေ့လျက်ရှိသည်ကို မြင်”လေ၏(ယော ၂၀:၁)။ “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်”(၁၄:၁၉)ဟု တပည့်တော်တို့အား မိန့်ကြားသည့် စကားကို ကျွန်ုပ်တို့ သတိရကြသည်။
သေခြင်းကို အောင်ခဲ့သူက သူ၏နောက်ဆုံးသောစကားကြီး ၇ ခွန်းအားဖြင့် ကျွန်ုပ်တို့အား ဘာပြောလိုသည်ကို လေ့လာကြည့်ကြပါစို့။
.
- Tim Gustafson, နေ့စဉ်ခွန်အား စာရေးသူ