မေမေ တစ်ယောက်တည်းမဟုတ်ပါ …

 အာရုံမများဘဲ အစေခံခြင်း

ဖတ်ရန်-  ရှင်လုကာခရစ်ဝင်ကျမ်း ၁၀:၃၈-၄၂


မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍ သခင်၊ ကျွန်မ၏ညီမသည်၊ ကျွန်မ တစ်‌ယောက်တည်းလုပ်ကျွေးစေခြင်းငှာ ကျွန်မကို ပစ်ထားသည်အရာကို လျစ်လျူသောစိတ်ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်တော်ရှိတော်မူပါဟု လျှောက်သော်…။ လု ၁၀:၄၀


       မာသသည် သခင်ယေရှုအား မနားတမ်း အစေခံဧည့်ဝတ်ပြုနေစဉ် သူ့ညီမ မာရိက ကိုယ်တော်ခြေတော်ရင်း၌ ထိုင်လျက် စကားတော်ကို နားထောင်ပြီး သင်ယူနေသည်။ ဤအခြေအနေကို သုံးသပ်လျက် ချားလ် အိပ်ချ် စပွန်ဂျီ (၁၈၃၄-၉၂) က “အစေခံခြင်းအမှုကို များများလုပ်ဆောင်သင့်တယ်။ တစ်ချိန်တည်းမှာပဲ ရင်းနှီးကျွမ်းဝင်စွာဆက်ဆံခြင်းအမှုကိုလည်း များများလုပ်ဆောင်ရမယ်။ ဒီအမှုအရာအတွက် ကြီးမားတဲ့ကျေးဇူးတော်ကို ကျွန်မတို့ လိုအပ်တယ်။ ရင်းရင်းနှီးနှီး ဆက်ဆံခြင်းထက် အစေခံခြင်းအမှုပြုဖို့ ပိုပြီးလွယ်ကူတယ်”ဟု ရေးသားခဲ့သည်။

          တစ်ခါက ဤအမှုနှစ်မျိုးလုံးကို လုပ်ဆောင်နိုင်မည့် ကျေးဇူးတော်ကိုတွေ့ရှိခဲ့သည့် မိခင်ငယ်လေးတစ်ဦးကို ကျွန်မ တွေ့ခဲ့ဖူးသည်။ သူမသည် ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်ကို ဆာငတ်ပြီး သူမ၏နေ့စဉ်မိသားစုဘဝ ၌လည်း နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ တစ်နေ့တွင် သူမ အကြံတစ်ခုရခဲ့သည်။ သူမ၏အိမ်အခန်းတိုင်း၌ စာရွက်နှင့်ခဲတံ တစ်ချောင်းစီထားရှိသည်။ သူမ၏အိမ်၌ တစ်နေ့တာလုံး သခင်အား အစေခံနေစဉ်၊ သူမကိုယ်ကိုလည်း ဘုရားသခင်ထံ အချိန်ပေးသည်။ သူမစိတ်ထဲ ကျမ်းတစ်ပိုဒ်ပေါ်လာသည်ဖြစ်စေ၊ ဝန်ချတောင်းပန်ရန်အကြောင်း၊ ဆုတောင်းရန် အကြောင်းပေါ်လာသည်ဖြစ်စေ အနီးရှိစာရွက်ပေါ် အကျဉ်းချုပ်ရေးချထားလိုက်သည်။ ညဖက် ကလေးများအိပ်ပျော် သွားပြီးနောက် ထိုစာရွက်လေးများကို သူမပြန်စုပြီး ဆုတောင်းလျက် ပြန်လည်ဆင်ခြင်စဉ်းစားခဲ့သည်။

        ဤအမျိုးသမီးကမူ တစ်ချိန်တည်း၌ မာသနှင့်မာရိတို့ နှစ်ဦးလုံးဖြစ်နိုင်မည့်နည်းလမ်းကို တွေ့ရှိခဲ့သည်။ ကျွန်မ တို့လည်း ဘုရားသခင်အား အစေခံပြီး ကိုယ်တော်နှင့် ရင်းနှီးစွာဆက်ဆံနိုင်မည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိ နိုင်ပါစေသား။

-Joanie

နောက်တစ်နေ့စာမူ ဖတ်ရန်>>