ယေရှုကြွလာခြင်းကို

စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း

 

မျှော်လင့်ခြင်း

ကျွန်ုပ်တို့၏လိုအပ်ချက် • ကမ္ဘာဦးကျမ်း ၃

 

နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှာ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကို ခေါ်တော်မူ၏။ လူကလည်း ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အား အဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။ (က ၃:၈-၁၁)

  • သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။ (က ၃:၁၅)
  • ထာဝရအရှင် ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။ ထာဝရအရှင် ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ လူသည် မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင် ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။ (က ၃:၂၁-၂၄)

တစ်လှမ်း – အိမ်မှဝေးရာသို့ – အပြင်ဘက်သို့ထွက်လာသောခြေတစ်လှမ်း။ မိုးကုပ် စက်ဝိုင်း၌ စိတ်လှုပ်ရှားဖွယ် စူးစမ်းရှာဖွေစရာ ဘာမျှမရှိ။ တစ်ခုတည်းသော ရှိနေသည့် အလင်းကလည်း လမ်းပြရန်အတွက် မဟုတ်ဘဲ မည်သည့်နည်းနှင့်မဆို ပြန်လာခဲ့ပါက သတိပေးရန်နှင့် ဟန့်တားရန်အတွက်သာဖြစ်သည်။ ဖက်ရှင်မကျသည့် သားရေဝတ်ရုံသစ်များကို ခြုံလျက် အာဒံနှင့်ဧဝတို့သည် သူတို့အတွက် ဘုရားသခင် ဖန်ဆင်းပေးခဲ့သော၊ သူတို့နှင့်အတူ လမ်းလျှောက်ခဲ့သော အိမ်ထဲမှ ပြင်ပသို့ ပထမဆုံးခြေလှမ်းများကို စတင်ခဲ့သည်။ ယခုတွင် သူတို့သည် ဧဒင်ဥယျာဉ်နှင့်ဝေးရာပြင်ပကမ္ဘာလောကထဲသို့ လျှောက်လှမ်းခဲ့ကြပြီဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော ကမ္ဘာလောကပင် ဖြစ်သော်လည်း အာဒံနှင့်ဧဝတို့၏ပုန်ကန်မှု၊ လွတ်လပ်လိုမှုတို့ကြောင့် ယခုအခါ ထိုကမ္ဘာလောကသည် အက်ကွဲ ပြိုပျက် ကျိုးပဲ့ပျက်စီးနေသောကမ္ဘာလောက ဖြစ်ရလေပြီ။

ဤအလင်းသည်ခေရုဗိမ်၏ဓားမှ တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်။ ခေရုဗိမ်ကို ချစ်စရာကောင်းသော၊ ကလေးငယ်နှင့်တူသော လက္ခဏာရှိသည်ဟု ကျွန်ုပ်တို့ ထင်မှတ်တတ်ကြသည်။ သို့သော် အမှန်တွင် သူတို့သည် ဘုရားသခင်၏ ကြောက်စရာကောင်းသောစစ်သူရဲများ ဖြစ်ကြပါသည်။

အာဒံနှင့်ဧဝတို့ မည်ကဲ့သို့ခံစားခဲ့ရမည်ကို စဉ်းစားကြည့်နိုင်ရန် ခက်လှသည်။ ၎င်းတို့၌ အတွေးအမျိုးမျိုး၊ စိတ်ခံစားရမှု အမျိုးမျိုးတို့ ရှိနိုင်ပါသည်။ ကာဣနနှင့်ပတ်သက်၍ နောက်ဆက်တွဲ (သူ၏တုံ့ပြန်မှု)ကို သမ္မာကျမ်းစာ၌ ဖော်ပြခဲ့သလိုမျိုး (က ၄:၁၃-၁၄)၊ အာဒံနှင့်ဧဝနှင့် ပတ်သက်၍ သူတို့အပြစ်ကို စီရင်ခြင်းနှင့်အပြစ်ဒဏ်ပေးခြင်းများအပေါ် ၎င်းတို့မည်သို့တုံ့ပြန်သည်ကို ဖော်ပြထားခြင်း မရှိပါ။ သူတို့သည် ကလေးမွေးဖွားခြင်းဝေဒနာ၊ တင်းမာသော ဆက်ဆံရေး၊ အခက်အခဲများနှင့်အတိပြီးသော ရှင်သန်မှုများကို ရင်ဆိုင်ရရန် ကျိန်ခြင်းခံရရုံသာမက သူတို့လိုအပ်သမျှကိုဖြည့်ဆည်းပေးသော သူတို့နားခိုရာအိမ်မှ ဘုရားသခင်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။

ကာဣနအား ဖော်ပြခဲ့သကဲ့သို့ သူတို့နှင့်အကျွမ်းဝင်မှုမရှိသည့်ဘဝသစ်တွင် လျှောက်လှမ်းရမည့် ခြေရာခံလေ့လာ နိုင်မည့် အချက်များ၊ ကာကွယ်ပေးမည့်အာမခံချက်များကိုလည်း အာဒံနှင့်ဧဝတို့အတွက် ဖော်ပြထားခြင်း မရှိပါ။ အကာအကွယ်ရှိရန်အတွက် လိုအပ်ကြောင်း သူတို့ ဘယ်တုန်းကမှ မသိခဲ့ပါ။ ထို့အတူ သူတို့ ဆာလောင်သည့်အခါ၊ ခံတွင်းက အရသာရှိသည့်အစာကိုတောင့်တသည့်အခါ အချိန်မရွေး အခမဲ့ရယူစားသုံးနိုင်သည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များလည်း မရှိတော့ပါ။ ရည်ရွယ်ချက်၊ လုံခြုံမှု၊ သက်တောင့်သက်သာရှိမှုများနှင့်ပြည့်သည့် နေရာက သူတို့နောက်တွင် ကျန်ခဲ့ပြီဖြစ်သည်။ သူတို့ရှေ့တွင်ရှိနေသည်က သူတို့မသိသော ကမ္ဘာလောကကြီးသာ ဖြစ်သည်။

အာဒံနှင့်ဧဝတို့သည် အကြောင်းအရာများစွာအတွက် သာဓကပြစရာလူများဖြစ်ခဲ့သည်။ ၎င်းတို့သည် အချင်းချင်းနှင့်၊ ဘုရားသခင်နှင့် အပြန်အလှန် ပြောဆိုဆက်ဆံခွင့်ရရှိသည့် ပထမဆုံးသောလူသားများ ဖြစ်ခဲ့ကြ သည်။ သူတို့ဘဝကို အကောင်းဘက်သို့မဟုတ်သည့် ပြောင်းလဲမှုကိုဖြစ်စေမည့် အသီးကို မကိုက်စားမိခင် အချိန်အထိ သူတို့၏ဘဝမည်သို့ရှိခဲ့သည်ကို ကျွန်ုပ်တို့ဘာမျှမသိ၊ ထိုနည်းတူ ကျွန်ုပ်တို့၏နေ့စဉ်ဘဝများတွင် မည်သို့ရင်ဆိုင်တွေ့ကြုံရသည်ကို သူတို့လည်း ဘာမျှမသိခဲ့ကြပါ။ သူတို့သည် မျှော်လင့်ခြင်းလိုအပ်ကြောင်း ပထမဦးဆုံး ခံစားသိရှိခဲ့ရသည့်လူများ ဖြစ်ကြသည်။

သစ်သီးတစ်လုံးမှ အပိုင်းလေးတစ်ပိုင်းစာ ပဲ့သွားအောင် ကိုက်လိုက်မိသည့် ထိုတစ်ကိုက်က ကမ္ဘာလောကသို့ အပြစ်တရားကို မိတ်ဆက်ပေးလိုက်ပါသည်။ မြွေက ဧဝအား ဖြားယောင်းကာ ကိုက်စားစေခဲ့သည့် ထိုတစ်ကိုက်က လူသားများကို ဘုရားသခင်ထံမှ၊ အချင်းချင်းထံမှ၊ ဘုရားသခင်၏ကိုယ်စားလှယ်တော်များအဖြစ် သူတို့ကို အုပ်စိုးခွင့်ပေးရန် ရည်ရွယ်ထားသည့်နေရာမှ ကွဲကွာသွားစေသည်။ ဆက်ဆံရေးများအားလုံး ကြေမွပျက်စီးသွားခဲ့ရသည်။ လောကကြီးတွင် ကျွန်ုပ်တို့ တွေ့ကြုံခံစားနေရသောအရာများသည် ထိုပျက်စီးခြင်း၏ အကျိုးဆက်များပင် ဖြစ်သည်။ မိမိနှင့်သက်ဆိုင်သည့်နေရာမှ၊ မိမိတို့နှင့်သက်ဆိုင်သူများထံမှ၊ မိမိနှင့်သက်ဆိုင်ခဲ့သူတစ်ဦးထံမှ ကွဲကွာသွားခြင်းက သူတို့ဘဝနှင့် ကျွန်ုပ်တို့ဘဝကို ပြဌာန်းသတ်မှတ်လိုက်ပါတော့သည်။

သို့သော်လည်း ဘုရားသခင်က သူတို့ကို မျှော်လင့်ချက်ကင်းမဲ့သူများအဖြစ် မထားခဲ့ပါ။ ကျိန်ခြင်းကို ပြုသည့်နေ့တွင် ပြောခဲ့သော အသုံးအနှုန်းတစ်ရပ်က အခြားစကားအသုံးအနှုန်းအားလုံးထက် ပေါ်လွင်ထင်ရှားပြီး ဘုရားသခင် ပြောဆိုခဲ့သည့်အတိုင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ရှေ့ဆက်ရမည့်လူ့ဘဝ ယန္တယားကို အလှည့်အပြောင်းဖြစ်စေမည့် ထိုအသုံးအနှုန်းမှာ “သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်” ဖြစ်သည်။

ထိုစကားလုံးများသည် ဘုရားသခင်က မြွေကို ပြောခြင်းဖြစ်ပြီး၊ (မြွေကို လူကဲ့သို့ တင်စားပြီး) လူသားများအား ဘုရားသခင် ဖန်ဆင်းခဲ့သောရည်ရွယ်ချက်များမှ ကွဲကွာသွားစေသူအဖြစ် ခိုင်းနှိုင်းဖော်ပြထားသည်။ သူလှည့်စားဖြားယောင်းခဲ့သည့်လူမိန်းမသည် သူ့ခေါင်းကို ကြိတ်မည့်ကလေးကို ကိုယ်ဝန်ဆောင်လိမ့်မည်ဟု ဘုရားသခင်က မြွေကို ပြောခဲ့သည်။ ထိုကလေးသည် မြွေကိုသာမက မြွေကြောင့် ဖြစ်ခဲ့သည့် နောက်ဆက်တွဲအရာအားလုံးကိုပါ လုံးဝပျက်သုဉ်းစေမည်ဖြစ်သည်။ ကံကြမ္မာက သတ်မှတ်ပေးထားပြီးဖြစ်သော အစီအမံဖြင့် ဧဝ၏ကလေးသည် ကျိန်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကွာဟချက်များကို ပေါင်းကူးဆက်ပေးကာ ဘုရားသခင်နှင့် လူသားများ ပြန်လည်ပေါင်းစည်းခြင်း၊ လူသားအချင်းချင်းပေါင်းစည်းခြင်း၊ လူသားများ နေထိုင်ရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့်နေရာသို့ လူသားများအား ပို့ဆောင်ပေးခြင်းများကို လုပ်ဆောင်မည် ဖြစ်သည်။

“သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။” ဖျက်ဆီးသူကို သူဖျက်ဆီးမည်။ နှောင့်ယှက်သည့်၊ ချို့ယွင်းပုံပျက်စေသည့်၊ သဘောကွဲစေသည့်အပြစ်ကို သူဖယ်ရှားမည်။ ဤစကားလုံးများက အာဒံနှင့်ဧဝတို့ ဧဒင်ဥယျာဉ်မှ ဝေးရာသို့လှမ်းသွားခဲ့စဉ် ခိုင်မာစွာကိုင်စွဲထားခဲ့သည့် စကားလုံးများဖြစ်သည်။ ရှေ့လာမည့်ရက်များတွင် ကျိန်ခြင်းများနှင့်ပတ်သက်သည့် သတိပေးမှုများကို သူတို့လိုအပ်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ နေ့စဉ် တွေ့ကြုံခံစားနေရသည်များက ကျိန်ခြင်းများသာဖြစ်နေသောကြောင့်ပါ။ သို့သော် သူတို့နေ့စဉ် ဘဝရုန်းကန်ရစဉ်၊ အချင်းချင်း အပြန်အလှန် အပြိုင်အဆိုင် လှုပ်ရှားနေရချိန်များတွင် အထက်ပါ ကတိစကားက လက်ဆုပ်လက်ကိုင် ပြ၍ မရနိုင်သော၊ သူတို့ကိုယ်သူတို့ အထပ်ထပ်သတိပေးရန် လိုအပ်သည့်အရာတစ်ခု ဖြစ်သည်။ နဖူးတွေ့ဒူးတွေ့ ကြုံနေရသည့် ကျိန်ခြင်းအမင်္ဂလာများက လူသား၏ဘဝအတွေ့အကြုံထဲသို့ တိုးဝင်လာသည်နှင့်အမျှ သူတို့ကို မျှော်လင့်ခြင်းပေးနေသည်မှာ ယင်းကတိတော်ပင်ဖြစ်သည်။

ကောင်းသောအရာများလာနေပြီဆိုသည့် မျှော်လင့်ခြင်းကို ကျွန်ုပ်တို့အားလုံး လိုချင်ကြသည်။

 

ဘုရားသခင်၏ကြိုတင်ပြင်ဆင်မှု • ရှင်မဿဲခရစ်ဝင် ၁

  • ယေရှုခရစ်သည် ဖွားမြင်ခြင်းကို ခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ သူ၏ခင်ပွန်း ယောသပ်သည် သူတော်ကောင်းဖြစ်၍ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်ဟု အကြံရှိ၏။ ထိုသို့ကြံစည်၍နေစဉ်တွင် အိပ်မက်ကို မြင်ရသည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်း မာရိကို ထိန်းသိမ်းရမည့်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ (မ ၁:၁၈-၂၁)
  • ယောသပ်သည် အိမ်ပျော်ရာမှနိုးလျှင်၊ ထာဝရဘုရား၏ကောင်းကင်တမန်မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ သို့သော်လည်း၊ သားဦးကို မဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှု ဟူသောအမည်ဖြင့် မှည့်လေ၏။ (မ ၁:၂၄-၂၅)

ထိုအချက်က စိတ်ဝင်စားစရာကောင်းသည်။ ကြောက်စရာလည်းကောင်းသည်။ ကမ္ဘာကြီး၏မျှော်လင့်ခြင်းက အိပ်မက်တစ်ခုအပေါ်တွင် တည်နေသည်။ အိပ်မက်များက အစွမ်းရှိနိုင်သလို လက်တွေ့ဖြစ်လာနိုင်သည်။ သို့သော်လည်း ဘဝကိုလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမည့်၊ လူ့သမိုင်းကြောင်းကို အပြောင်းအလဲဖြစ်စေ မည့် အိပ်မက်မျိုးသည် အမှန်တကယ် ရှားပါးအိမ်မက်များပင်ဖြစ်သည်။

ယောသပ်သည် မာရိ၏ခင်ပွန်းဖြစ်လာရမည့်သူ ဖြစ်ပါသည်။ မာရိထံ ကောင်းကင်တမန်က အလည်လာခဲ့ပြီး (အိပ်မက်ထဲမှာ မဟုတ်ပါ)၊ အလွန်ထူးခြားသော သားယောက်ျားကို ဖွားမြင်ရမည်ဟု သူမကိုပြောခဲ့သည်။ ပြဿနာက ထိုသားသည် ယောသပ်၏သား မဟုတ်။ ဤကလေးသည် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု၏ ရလဒ်ဖြစ်ကာ လွှမ်းမိုးမှုလည်းရှိသည်။ မာရိသည် ယောသပ်နှင့် ထိမ်းမြားခြင်းမပြုမီ ကိုယ်ဝန်ရှိမည်ဖြစ်သည်။

ထိမ်းမြားခြင်းမရှိဘဲ ရရှိလာမည့် မာရိ၏ကိုယ်ဝန်သည် စဉ်းစားသုံးသပ်ထိုက်သောအချက် ဖြစ်ပါသည်။ ဘုရားသခင်က သူမဘဝကို ထူးခြားသည့်ဂယက်ရိုက်မှုများဖြစ်စေမည့်ကိစ္စများ (ကိစ္စအများစုကလည်း နှစ်သက်ဖွယ် မကောင်းသော ကိစ္စများဖြစ်သည်)ကို သူမအား ခံစားစေခဲ့သည်။ သို့သော် မာရိ၏နာခံမှုက ယောသပ်၏အိပ်မက်နှင့် သူ၏နာခံမှုကိုစစ်ကြောရန် ဖြစ်လာစေခဲ့သည်။

မာရိသည် ကောင်းကင်တမန်လာရောက်မှုနှင့် သူမ မိခင်ဖြစ်လာရမည့်ကိစ္စကို ယောသပ်အား ပြောပြပုံမရပါ။ သူမကို “ပဋိသန္ဓေရှိနှင့်ပြီးသူအဖြစ် တွေ့ရသည်” (မ ၁:၁၈)။ ယောသပ်သည် မာရိ၏ ထင်ရှားသောဖောက်ပြန်မှုနှင့် သူလုပ်ရမည့်အလုပ်ကို ချင့်ချိန်စဉ်းစားနေစဉ် ကံအားလျော်စွာ အိပ်ပျော်သွားသည်။ ညအချိန်တွင်
ကောင်းကင်တမန်က သူ့အား ကိုယ်ထင်ရှားပြ၍ မာရိနှင့်အတူနေထိုင်ရန် သူ့ကို တိုက်တွန်းခဲ့သည်။ သူမတွင် ရှိနေသော ကိုယ်ဝန်သည် ဘုရားသခင်၏လုပ်ဆောင်မှု၏
ရလဒ်ဖြစ်သည်။ ယောသပ်က ထိုကလေးကို အမည်ပေးခြင်းဖြင့် သူ့ကလေးဖြစ်ကြောင်း အသိအမှတ်ပြုပေးရမည်ဖြစ်သည်။

ယောသပ်သည် သူ့အကြောင်းဖော်ပြထားသည့်အတိုင်း သူတော်ကောင်းဖြစ်ကြောင်းသက်သေပြရန် မာရိကို သူ့ဇနီးအဖြစ် ထိန်းသိမ်းလေ၏။

သို့သော်လည်း ကောင်းကင်တမန် သူ့ကိုပြောသည့်အတိုင်း – မာရိကိုပြောပြထားခြင်းမရှိသည့် – အမည်ကို ကလေးအား မှည့်ခေါ်ပေးခြင်းဖြင့် ဤဇာတ်လမ်းတစ်ပုဒ်လုံးကို ပြည့်စုံအောင် ဖွဲ့စည်းပေးလိုက်သည်။

“မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့် ယေရှု ဟုခေါ်ခြင်းဖြစ်သည်” (:၂၁)။

အမည်၏ထူးခြားမှုက ကြီးမားနက်နဲလှသည်။ ယေရှု ကို ဂရိဘာသာသို့ ပြန်ဆိုရာ၌ ဟေဗြဲအမည် “Yeshua” ဟု ဖော်ပြထားပြီး၊ ဓမ္မဟောင်းကျမ်းမှ
ယောရှု ဟူသည့်အမည်နှင့် အတူတူဖြစ်သည်။ တိုက်ရိုက်ပြန်ဆိုရပါက “Yahweh” (ဘုရားသခင်)ကယ်တင်သည်”ဟု အဓိပ္ပာယ်ရပါသည်။

မျှော်လင့်ခြင်းတွင် အမည်ရှိသည်။

ဤစကားလုံးလေးက မည်သို့သော မျှော်လင့်ခြင်းမျိုးကို ယူဆောင်ပေးလာမည်နည်း။ သူငယ်အား မှည့်ခေါ်သည့် အမည်က အပြစ်၏ကျိန်ခြင်းကိုကုစားပေးမည့် ဖြေဆေးဖြစ်သည်။ ဤအမည်က နောက်ဆုံးတွင် မြွေ၏ ဦးခေါင်းကိုကြိတ်မည့် ခြေထောက်ဖြစ်သည်။ လွန်ခဲ့သောမျိုးဆက်များစွာကပင် လူသားများကို သူတို့၏ ဖန်ဆင်းရှင်နှင့်ဝေးကွာသွားအောင် လိမ်ညာလှည့်ဖြားခဲ့သောမြွေသည် နောက်ဆုံးတွင် ဖျက်ဆီးခြင်းကို ခံရမည် ဖြစ်သည်။ ဤသူငယ်ယူဆောင်လာမည့် အပြစ်များမှကယ်တင်ခြင်းက မြွေ၏လှည့်ဖြားသောစကားများကြောင့် လူသား၊ ဘုရားသခင်နှင့်၊ ဖန်ဆင်းခြင်းတို့အကြား ဖြစ်ပေါ်ခဲ့ရသည့် ကွဲကွာမှုကို ပိတ်ပေးလိုက်မည် ဖြစ်သည်။

အာဒံနှင့်ဧဝတို့ ဧဒင်ဥယျာဉ်ထဲမှ ထုတ်ယူလာသော မျှော်လင့်ခြင်း၊ လူသားများကိုဒုက္ခပေးသည့် အပြစ်၏အရင်း အမြစ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြိုဖျက်ပေးမည့် ကယ်တင်ရှင်အား မျှော်လင့်ခြင်း- ထိုမျှော်လင့်ခြင်းကို ယခုတွင် မိန်းကလေးတစ်ဦး၏ဝမ်းထဲတွင် သယ်ဆောင်ထားလျက်ရှိသည်။ ဤကလေးငယ်မွေးဖွားလာသည့်အခါ ယောသပ်က ထိုမျှော်လင့်ခြင်းနှင့် အသင့်တော်ဆုံးဖြစ်သည့်အမည် – ယေရှု – ဖြင့် မှည့်ခေါ်ပေးပါမည်။

အာဒံနှင့်ဧဝတို့၏အပြစ်များက သူတို့အတွင်း၌ မျှော်လင့်ခြင်းလိုအပ်မှုကို နိုးကြွလာစေသည်။ မိမိ ကိုယ်တိုင်၏ အပြစ်များက ထိုမျှော်လင့်ခြင်းလိုအပ်မှုကို ဆက်လက်မြင့်မားရှင်သန်စေသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ လိုအပ်နေသည့်မျှော်လင့်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အပြစ်များထဲမှ ကယ်တင်ခြင်းကို သခင်ယေရှုက ကမ်းလှမ်း နေပြီး၊ တစ်နေ့တွင် ကျွန်ုပ်တို့တောင့်တနေသည့် နောက်ဆုံးသော၊ ပြည့်ဝစုံလင်သောနဂိုအခြေအနေကို ပြန်လည် ယူဆောင်လာမည်ဖြစ်သည်။ တစ်နေ့တွင် ကွဲကွာမှုများအားလုံး ပြန်လည်တည်စေမည် ဖြစ်သည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ ပြန်လည်ပေါင်းစည်းမိကြမည်၊ ကျွန်ုပ်တို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ သိုက်သိုက်ဝန်းဝန်း နေထိုင်ကြမည်၊ ဘဝသည်လည်း ရှင်သန်ရေးအတွက် တိုက်ခိုက်နေရခြင်းမျိုး ရှိနေတော့မည်မဟုတ်ပါ။

မူလအခြေအနေသို့ ပြန်လည်တည်ဆောက်ပေးမည့်မျှော်လင့်ခြင်းသည် သခင်‌ယေရှုယူဆောင်လာသည့် မျှော်လင့်ခြင်းပင်ဖြစ်သည်။

- J.R. Hudberg

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>