ယေရှုကြွလာခြင်းကို စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း
ကြွရောက်လာခြင်းနှင့်ဆိုင်သော
မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်း
ခရစ္စမတ်အချိန်၌ ကျွန်ုပ်တို့သည် ယေရှုဖွားမြင်တော်မူခြင်းကို ဆင်နွှဲကြသည်။ ဘုရားသခင်သည် ကိုယ်ကိုကိုယ် နှိမ့်ချလျက် ကျွန်ုပ်တို့နှင့်တစ်သားတည်းဖြစ်အောင် လူ့ဇာတိခံခဲ့သည့်အချိန်ကို ကျွန်ုပ်တို့ အောက်မေ့ သတိရ ကြသည်။ ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်ရန်နှင့် ကျွန်ုပ်တို့နှင့်မိတ်သဟာယဖွဲ့မှုကို နဂိုအတိုင်း ပြန်လည်ဖြစ်စေရန် ဘုရားသခင်သည် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ခဲ့သည်ကို ခရစ္စမတ်က သတိပေးပါသည်။
သခင်ယေရှုကြွလာခြင်းသည် သူ ကျွန်ုပ်တို့အား ကမ်းလှမ်းပေးနေသည့်အရာကိုလည်း သတိရစေသင့်ပါသည်။ သူကြွလာခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်များကို ကယ်တင်ရုံအတွက်သာမဟုတ်ဘဲ ကျွန်ုပ်တို့၏လိုအပ်ချက်များကို နည်းလမ်းများစွာဖြင့် ပြည့်စုံစေပါသည်။ အာဒံနှင့်ဧဝတို့၏မနာခံခြင်းနှင့်အတူ ပထမဦးဆုံးအကြိမ် လှည့်ဖြားခံခဲ့ရချိန်မှ စတင်၍ ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်း၊ လူသားမျိုးနွယ်တစ်စုလုံးသည် မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းတို့ကို လိုအပ်လာပါသည်။ ဤအရာများကို ပင်ပန်းနွမ်းနယ်နေသူများနှင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းအားငယ်နေသူများထံသို့ သခင်ယေရှုယူဆောင်လာပေးကာ ဆက်လက်၍လည်းပေးရန် ကမ်းလှမ်းလျက် ရှိပါသည်။ လောကတွင် ကျင်လည်ခဲ့စဉ် ယေရှုသည် သူ၏တို့ထိမှုကိုခံစားရရန် လိုအပ်နေသူများထံ လက်ကမ်းပေးခဲ့ပါသည်။
သူနှင့်အတူ သခင်ယူဆောင်လာသည့် မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းတို့ကို စူးစမ်း ရှာဖွေရင်း သခင်ယေရှု၏ပထမဆုံး ကြွလာခြင်းကို ဆင်နွှဲရန် ကျွန်ုပ်တို့ပြင်ဆင်နေလျက်ရှိနေကြစဉ်၊ သူဒုတိယအကြိမ် ကြွလာသည့်အခါ ဤအရာများအားလုံးသည် ကျွန်ုပ်တို့သိရှိလာရမည့်အရာများဖြစ်ကြောင်းကို ကျွန်ုပ်တို့အား သတိပေးလျက်ရှိပါသည်။ စိတ်ဓာတ်ကျပြီး ဝမ်းနည်းအားငယ်နေသူများထံသို့ မျှော်လင့်ခြင်းကိုလည်းကောင်း၊ ပဋိပက္ခများကို ပေါ့ပါးသွားစေသည့် ငြိမ်သက်ခြင်းကိုလည်းကောင်း၊ မျှော်လင့်ချက်ကင်းမဲ့နေသူများထံ ဝမ်းမြောက်ခြင်းကို လည်းကောင်း၊ စွန့်ပယ်ခံရသူများထံ ချစ်ခြင်းကိုလည်းကောင်း ယေရှုက မည်ကဲ့သို့ ယူဆောင်လာပေးသည်ကို ကျွန်ုပ်တို့ စူးစမ်းရှာဖွေကြည့်ကြပါစို့။
- J.R. Hudberg