မည်သည့်အကြောင်းကြောင့်

ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်

ဒုက္ခဝေဒနာကို ခံစားစေသနည်း


သိရှိရန်ခက်ခဲသောအဖြေများ

 

(၁) မည်သည့်အကြောင်းကြောင့် ဒုက္ခဝေဒနာခံစားရသနည်း။

သမ္မာသတိ နိုးကြားမှုရှိစေရန်ဖြစ်သည်။

ဤကမ္ဘာကြီးတွင် ဒုက္ခဝေဒနာခံစားမှု မရှိပါကမည်သို့ဖြစ်မည်နည်း စဉ်းစားကြည့်ပါ။ ၄င်းသည် ကောင်းသည့်ပုံ ပေါ်ပါသည်။ ခေါင်းမကိုက်၊ ကျောမနာ၊ ဗိုက်မအောင့်၊ မည်သည့် နာကျင်မှုဝေဒနာ မရှိပါက ကောင်းလေစွ။ သို့ငြားလည်း မိမိ၏ခန္ဓာ၊ ထိခိုက်လျက် အန္တရာယ်ဖြစ်လာခြင်းကို သတိမထား မသိနိုင်တော့ပြီ၊ တူထုမိ၍ လက်မအရိုးကြေသွားလည်း မသိရ။ မခံစားရ။ အစာအိမ်အချဉ်ပေါက်နေကြောင်း ပြသည့် လက္ခဏာ မရှိ၊ ကင်ဆာဆဲလ်များတွယ်နေပြီး ဒုက္ခပေးတော့မည်ဟု သတိပေးချက် မရှိ၊ နှလုံးသွေး ကြောပိတ်လလက္ခဏာဖြစ်သည့် ရင်ဘတ်အောင့်ခြင်း၊ အူတက်ပေါက်လည်း နာကျင်မှုမရှိ။

ဒုက္ခဝေဒနာခံရမည်ကို ရွံ့ကြောက်မုန်းတီးသလောက် နာကျင်မှု ဝေဒနာသည် ကောင်းကျိုးဖြစ်ပေါ်စေကြောင်းကိုဖြင့် ကျွန်ုပ်တို့ ဝန်ခံရပေမည်။ အကြောင်းမှာ ၄င်းသည် အမှားအယွင်း တစ်ခုခုဖြစ်တော့မည်ဟု သတိပေးခြင်းဖြစ်သည်။ ဝေဒနာခံစားရခြင်းထက် ဝေဒနာခံစားရသည့် အကြောင်းရင်းက အဓိကပြဿနာ အရင်းအမြစ်ဖြစ်သည်၊ နာကျင်ခြင်း ဝေဒနာသည် ကိုယ်ခန္ဓာ အန္တရာယ်တစ်ခုခု ကျရောက်မည့် လက္ခဏာ၊ ကြိုတင်သတိပေးနှိုးဆော်ချက်ဖြစ်ပေသည်။

နာကျင်မှုဝေဒနာကို ဘုရားရှင် အသုံးပြုပြီး
(က) ဤလောကကြီးတွင် တစ်ခုခု မှားယွင်းနေကြောင်း
(ခ) ဘုရားသခင် ဖန်ဆင်းတော်မူသော သတ္တဝါများတွင် တစ်ခုခု မှားယွင်းနေကြောင်း
(ဂ) မိမိ၌လည်း တစ်ခုခု မှားယွင်းနေကြောင်း ကျွန်ုပ်တို့ကို သတိပေး နှိုးဆော်ပုံကို ရှေ့ဆက် လေ့လာကြပါမည်။

အထက်ဖော်ပြပါ ပြဿနာတစ်ရပ်သည် ကျွန်ုပ်တို့၏ အသက် တာများတွင် ဒုက္ခဝေဒနာကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ အထက်ပါအကြောင်းများကို တစ်ခုချင်း ဆန်းစစ် သုံးသပ်ရပေမည်။

(က) ဤလောကကြီးတွင် တစ်စုံတစ်ရာမှားယွင်းနေသည်

ဝမ်းနည်းစရာ အခြေအနေများ ဤလောကတွင် ဖြစ်ပေါ်လျက်ရှိခြင်းက တစ်စုံတစ်ရာသည် ဆိုးရွားစွာဖြစ်ပျက်လျက် ရှိကြောင်း ဖော်ညွှန်းသည်။ မိမိ ကိုယ်တိုင် ခံစားရသည်သာမက တစ်ပါးသူများလည်း ကြုံတွေ့ရသော ဒုက္ခဝေဒနာ နှင့် ပူပင်သောကများက လူမျိုး၊ အဆင့်အတန်း၊ ဘာသာ မရွေး၊ အကျင့်စရိုက်မရွေး ဖြစ်ပေါ်ကြောင်း။ ယင်းသည် ရက်စက်သည်၊ ကြုံလျှင် ကြုံသလိုဖြစ်ပေါ်သည်။ ရည်ရွယ်ချက်ကင်းမဲ့သည်။ မထင်မှတ်ဘဲ ထူးဆန်းစွာ ဖြစ်ပျက်ကြောင်း၊ ထိုသို့ ဖြစ်လာသောအခါ အထိန်းအကွပ်မဲ့ ယုတ်ကြမ်းစွာ ဖြစ်တတ်ကြောင်း ပြနေသည်။ မကောင်းသော အနိဌာရုံများသည် ကောင်းမွန်စွာ နေထိုင်ရန် ကြိုးစားသူများအပေါ်သို့ သက်ရောက်သကဲ့သို့ မကောင်းမှုများနှင့် ပျော်မွေ့နေသောသူများကလည်း ကောင်းကျိုးကျေးဇူးများကို ခံစားနေရသည်။

ကျွန်တော့်အဖွား ကင်ဆာရောဂါ ခံစားခဲ့ရပုံကို ကျွန်တော် မမေ့နိုင်။ အဖွား ရောဂါရ၍ အဖိုးနှင့်အဖွား ကျွန်တော်တို့ အိမ်သို့ပြောင်းလာကြသည်၊ အမေက သူနာပြုဖြစ်၍ အဖွားကို ကွယ်လွန်သွားသည် အထိ ကြည့်ရှုခဲ့ရသည်။ နာကျင်မှု သက်သာစေမည့် ဆေးဝါးများ တိုက်ကျွေးသည်။ အဖိုးကအဖွားရောဂါပျောက်၍ ပြန်ကျန်းမာလာရေးကို အလွန်အမင်း တောင့်တမျှော်လင့်သည်။ နောက်ဆုံး အဖွားကွယ်လွန်သွားသည်၊ ကောင်းကင်ဘုံဝင်စားခဲ့ပြီကို သိသော်လည်း ယနေ့တိုင် နာကျင်ခံစားရဆဲပါ။ ကင်ဆာရောဂါကို ကျွန်တော် ယခုတိုင် မုန်းသည်။

ယာဉ်တိုက်မှု၊ မွေးရာပါချို့ယွင်းမှု၊ မျိုးရိုးဗီဇကမောက်ကမဖြစ်ခြင်း။ ကိုယ်ဝန်ပျက်ကျခြင်း၊ ကြမ်းတမ်းသောမိဘ၊ မျိုးရိုးလိုက်သောရောဂါ ခံစားရခြင်း၊ သားသမီးများ မလိမ္မာခြင်း၊ အပြင်းအထန် နာမကျန်းဖြစ်ခြင်း၊ ကုသမရတော့သည့် ရောဂါရခြင်း၊ ကြင်ဖော် (သို့) သားသမီး ဆုံးပါးခြင်း၊ ဆက်ဆံမှု ပျက်ပြားရခြင်း၊ သဘာဝဘေးဒဏ်များ ခံစားရခြင်း စသည်ဖြင့် အသီးသီးခံစားရသည်။ ကျွန်တော်သည် ထိုင်လျက် ကျွန်တော့် မိတ်ဆွေ။ မိသားစု။ လုပ်ဖော်ဆောင်ဖက်များ၊ အိမ်နီးချင်း၊ အသင်းတော်များ ခံစားရသည့် နာကျင်မှု အစုစုကို စဉ်းစားစာရင်းပြုသည့်အခါ မယုံကြည်နိုင်လောက်အောင် များပြားလွန်းလှ၍ စာရင်းပြု၍ မကုန် နိုင်အောင် ဖြစ်ရသည်။ သူတို့ခံစားရတာ မတရားလိုက်က်တာဟု တွေးမိလိုက်တိုင်း ကျွန်တော် စိတ်ရှုပ်ထွေးရသည်။

ဤဖြစ်ရပ်မျိုး ချုပ်ငြိမ်းအောင် မည်သို့ပြုရအံ့နည်း။ ဖြစ်ရပ် အမှန်များကို မငြင်းပယ်၊ ဘဝကို စိတ်ပျက်အားလျော့ခြင်းမရှိဘဲ မည်သို့ အသက်ရှင်နိုင်မည်နည်း။ ဤကမ္ဘာကြီး မည်သည့်အမှားအယွင်းမှ မဖြစ်အောင် ဘုရား မဖန်ဆင်းနိုင်သလော။ ဘုရားသခင်သည် ဤလောကတွင် နေထိုင်လျက်ရှိသော လူသားများ မကောင်းမှု မပြုနိုင်အောင်၊ တစ်ပါးသူတို့ ထိခိုက်နစ်နာစေမည့် အပြုအမူများ မလုပ်အောင်၊ ခြင်များ၊ ပေါင်းမြက်များ၊ အနာရောဂါများကင်းသည့် လောကကြီးကို ဘုရားရှင် မဖန်ဆင်းနိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူသည်။ သို့သော် ကိုယ်တော် ထိုသို့ မပြုပြီ။

လူတို့အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုကျေးဇူးကို ဘုရားသခင်ပေးတော်မူ၏။ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိခြင်းကြောင့် အမှားကို ရွေးချယ်မိမည့် အန္တရာယ်ရှိနေသည်။

လောကကြီး လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ခွင့်ရှိသူ ဖြစ်သော်လည်း ရွေးချယ်မှုမှားလျှင် ဝေဒနာခံရမည်။ (သို့) မည်သည့်အခါမျှ မမှား။ မည်သည့် ဒုက္ခမှ မရှိသော်လည်း လောက၌ စက်ရုပ်သဖွယ်သာဖြစ်မည်။ ထိုနှစ်ဦးအနက် သင်မည်သူဖြစ်လိုသနည်း။ မည်သူက ဘုရား၏ဘုန်းကို ထင်ရှားစေမည်နည်း။ မည်သူက ဘုရားကို ချစ်မည်နည်း။

ဖက်လိုက်လျှင် ‘မင်းကိုချစ်တယ်’ ဟု အသံမြည်လာသည့် ဘက်ထရီအရုပ်လေးများအဖြစ် ကျွန်ုပ်တို့ကို ဘုရားရှင် ဖန်ဆင်းသင့်သည်။ သို့သော် ဘုရားရှင်၌ အခြားအကြံအစည်ရှိနေ၏။ မိမိ ဖန်ဆင်းရှင်ကို ပုန်ကန်ခြင်းဟူသည့် မကြံစည်အပ်ရာအမှု ပြုမည့်သူကို ဘုရားရှင်သည် အန္တရာယ်ရှိမှန်းသိလျက် စွန့်စားဖန်ဆင်းခဲ့သည်။

——————————————————————————————

“ ကြောက်စရာကောင်းသော လူသား၏အရည်အချင်းတစ်ရပ် ဖြစ်သည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ဟူသောဝင်ပေါက်မှ မကောင်းမှုဒုစရိုက်များနှင့် ဒုက္ခဝေဒနာများ ဤလောကတွင်းသို့
ဝင်ရောက်လာသည်ဟု သမ္မာကျမ်းစာမှ ဖော်ထုတ်သည်။” — Philip Yancey

—————————————————————————————–

ဧဒင်ပရဒိသုဘုံ၌ ဘာဖြစ်ခဲ့သနည်း။ သွေးဆောင်ဖျားယောင်းခြင်း ခံခဲ့ရပြီး မှားယွင်းစွာ ရွေးချယ်ခဲ့၍ ဖြစ်ပေါ်လာသည့် ရလဒ်ဆိုး အကျိုးဆက်က အာဒံနှင့် ဧဝတို့၏ ငြိမ်းချမ်းသာယာမှု ပျက်စီးခဲ့သည်။

ကမ္ဘာဦးကျမ်းအခန်း ၂ နှင့် ၃ ၌ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းဖြင့် အာဒံ နှင့် ဧဝတို့ ဘုရားသခင်အား အဘယ်မျှလောက်ချစ်သည် မချစ်သည်ကို စစ်ဆေးခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။ ထိုစစ်ကြောမှုကို သူတို့ ကျရှုံးခဲ့သည်၊ ထိုအရှုံးကို သမ္မာကျမ်းစာမှ အပြစ် တရားဟူ၍ ခေါ်သည်။ ဤအပြစ်တရားသည် ကြောက်မက်ဖွယ်ရာ လူသားမျိုးဆက် တစ်စုပြီး တစ်စုနောက်သို့ ပျံ့နှံ့ဝင်ရောက်ကာ ကူးစက်သွားသည်၊ မျိုးဆက်တိုင်းသည် အပြစ်တရား၏ အကျိုးဆက်ကို အမွေခံရ၍ အပြစ်ကျူးလွန်ရန် ဆန္ဒရှိနေတော့သည် (ရောမ ၁:၁၈-၃၂၊ ၅:၁၂၊ ၁၅၊၁၈)။

ဤလောကသို့ အပြစ်တရား ဝင်ရောက်လာသည်နှင့် လူသားများအပေါ်သို့ ဆိုးရွားသောအကျိုးဆက်များ ကျရောက်လာသည်။ ထိုမျှသာမက ထိုအပြစ်တရားကြောင့် လူသားတို့သည် ဘုရားသခင်၏ ချက်ချင်းစီရင်ခြင်းကို ခံရပြီး ထိုအပြစ်ဒဏ်က အစဉ်မပြတ် သက်ရောက်တော့သည်။ ကမ္ဘာဦး ကျမ်းအခန်း ၃ တွင် လူတို့၏ ခန္ဓာသေခြင်းနှင့် ဝိညာဉ် သေခြင်းဟူ၍ ဖြစ်လာခြင်း (:၃၊၁၉)၊ မွေးဖွားခြင်းဝေဒနာ ခံစားရခြင်း (:၁၆)၊ မြေကြီးသည် ကျိန်ခြင်းကို ခံရပြီး မြေပြင်တွင် ဆူးပင်ပေါင်းပင်များ ပေါက်ရောက်သဖြင့် လူသည် ပင်ပန်းကြီးစွာအလုပ်လုပ်ရခြင်း (:၁၇၊၁၉)။ ဘုရားသခင်နှင့် နီးကပ်စွာ မိတ်သဟာယဖွဲ့ နိုင်ရန် အခွင့်ကောင်းရှိသည့် ဘုရားသခင် အထူးစီရင်ထားတော်မူသော ဥယျာဉ်တော်မှ အာဒံနှင့် ဧဝတို့ နှင်ထုတ်ခြင်းခံရခြင်း (:၂၃၊၂၄) စသည့် အကြောင်းအရားများကို ဖော်ပြထားသည်။

ဓမ္မသစ်ကျမ်းတွင် တမန်တော်ရှင်ပေါလုက ဤလောက တစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရလျက်ရှိရာ ထူးမြတ်သော လွှတ်ခြင်းချမ်းသာ တည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားရမည့် အချိန်အခါကို စောင့်စားမျှော်လင့်နေကြောင်း ရှင်းလင်းဖော်ပြထားသည် (ရောမ ၈:၁၉-၂၂)။

——————————————————————————————

“ကျွန်ုပ်တို့၏ဘဝ သာယာပျော်ရွှင်ချိန်များ၌ ဘုရားသခင်သည် ဖြည်းညှင်းသောအသံဖြင့် မိန့်ကြားသည်။ မိမိ၏သြတပအတွင်းစိတ်အားဖြင့် စကားပြောမူသည်။ နာကျင်ကြေကွဲချိန်၌ ဘုရားရှင်သည် ကျယ်လောင်စွာ သတိပေးနှိုးဆော်ရသည်။ ပြောစကားများ နားမဝင်သော ဤလောကကြီးအတွက် ဒုက္ခဝေဒနာသည် ကိုယ်တော်၏ အသံချဲ့စက်ပေတည်း” — C.S. Lewis

——————————————————————————————

လူသားတို့သည် ဖန်ဆင်းရှင်အား မနာခံအာခံခြင်း၊ ဆန့်ကျင်ခြင်းကြောင့် ရောဂါဘယ ထူပြောရသည်။ ဘေးဒုက္ခကြုံရသည်။ ယိုယွင်းပျက်စီးခြင်းသို့ ရောက်ရသည်။ ၎င်းရလဒ်သည် မနာခံခြင်း လက္ခဏာများပင်ဖြစ်သည်။ ဝမ်းနည်းပူဆွေးလျက် ညည်းတွားကာ ဝေဒနာခံရခြင်းသည် လူသား၏ပြဿနာဖြစ်ကြောင်း သတိပေးလာ၏။ အမှန်စင်စစ် ဒုက္ခ ဝေဒနာဆိုသည်မှာ ဤလောကကြီးသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ဖန်ဆင်းသည်အတိုင်း ဖြစ်မလာကြောင်း ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသည် သတင်းစကားပင်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဤလောကကြီးထဲသို့ အပြစ်တရားဝင်ရောက်လာခြင်းကြောင့် တိုက်ရိုက်ရလဒ်အကျိုးဆက်အနေဖြင့် ဒုက္ခဝေဒနာ တည်ရှိ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ယင်းသည် ပထမဆုံးနှင့် အခြေခံအကျဆုံး အဖြေပင်တည်း။ ဤကမ္ဘာလောကကြီးသည် ဝိညာဉ် ရေးရာရောဂါ ပျက်စီးနေကြောင်း နာကျင်မှု ဝေဒနာများက နှိုးဆော် တပ်လှန့်လျက် ရှိသည်။ ဤပျက်စီးနေသော လောကကြီးတွင် ရှိနေခြင်းကြောင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေဖြင့် ဒုက္ခဝေဒနာများကြုံတွေ့ရခြင်းဖြစ်ပြီး မိမိ တိုက်ရိုက်ကျူးလွန်သော အမှားကြောင့် မဟုတ် ဟူ၍ ဆိုနိုင်ပေသည်၊

(ခ) ဘုရားသခင် ဖန်ဆင်းတော်မူသော သတ္တဝါများ၌ တစ်စုံတစ်ခု မှားယွင်းနေသည်၊

တစ်ပါးသူတို့ပြုသော ရက်စက်သောလုပ်ရပ်များ ပစ်မှတ် (သို့မဟုတ်) စာတန်၏ ပုန်ကန်သော အင်အားစုများ၏ ပစ်မှတ်များက ကျွန်ုပ်တို့ ဖြစ်သွားတတ်သည်။ ဒုစရိုက်၌ ကျဆင်းပျက်စီးခဲ့ပြီ ဖြစ်သည် လူသားနှင့် ဝိညာဉ်သား (ဘုရားသခင်အားပုန်ကန်သော ကောင်းကင်တမန်) များသည် မိမိကိုယ်တိုင် နှင့် အခြားသူများ ထိခိုက်ပျက်စီးအောင် ဆုံးဖြတ်လုပ်ဆောင်တတ်ကြသည်။

ဒုက္ခဝေဒနာကို လူတို့ ဖန်တီးသည်။ လွတ်လပ်စွာ ပြုမူလုပ်ပိုင်ခွင့်ရှိ လူသားများအနေဖြင့် (အပြစ်တရား ကူးစက်ခံရသည် လူသားများအနေဖြင့်) ဘဝအသက်တာတွင် မကောင်းသောလမ်းကိုရွေးချယ်ကြသည်။ ရှေ့ဆက်၍လည်း အမှားများ ပြုမိကြဦးမည်ပင်။ ဤသို့ မှားယွင်းသော ရွေးချယ်မှုများသည် တစ်ပါးသူများကိုလည်း ထိခိုက်စေတော့သည်။

သာဓကအားဖြင့်ဆိုရပါမူ ကာဣနသည် သူ့ညီအာဗေလအား သတ်ရန် ဆုံးဖြတ်သည် (က ၄:၇-၈)၊ လာမက်သည် သူ၏ရက်စက်မှုများအပေါ် ဝါကြွားခဲ့သည် (က ၄:၂၃-၂၄)၊ စာရဲသည် ဟာဂရအား နှိပ်စက်ကလူပြုခဲ့သည် (က ၁၆:၁-၆)၊ လာဗန်သည် သူ၏ တူဖြစ်သူ ယာကုပ်အား လိမ်လည်ခဲ့သည် (က ၂၉:၁၅-၃၀)၊ ယောသပ်အား အစ်ကိုများက ကျွန်အဖြစ်ရောင်းခဲ့သည် (က ၃၇:၁၂-၃၆)၊ ပေါတိဖ၏ ဇနီးသည် ယောသပ်အား မတရားစွပ်စွဲကာ အကျဉ်းကျစေသည် (က ၃၉)။ ကျွန်ခံနေရသော ယုဒအမျိုးသားများအား ဖာရောဘုရင်သည် ရက်စက်စွာ ညှင်းပန်းခဲ့သည် (ထွ ၁)။ ဟေရုဒ်မင်းသည် ယေရှုကို သတ်ဖြတ်ရန် ကြိုးပမ်းရာ ဗက်လင်မြို့နှင့် အနီးဝန်းကျင်ရှိ ကလေးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည် (မ ၂:၁၆-၁၈)။

အခြားသူများ၏ တစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်ကြောင့် ကျွန်ုပ်တို့ နာကျင်ဝေဒနာခံရသည်။ ထိုသို့မဟုတ်ပါကလည်း ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ကိုးကွယ်ခြင်းကြောင့် နှိပ်ကွပ်ပစ်ရန် ပစ်မှတ်ထားခံရခြင်းလည်း ဖြစ်နိုင်ပါသည်၊ လူ့သမိုင်းတစ်လျှောက်တွင် ဘုရားသခင်၏နာမတော်ကို ခံယူထားသော သူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတို့. လက်ထဲတွင် နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ကြရသည်။

တမန်တော်ရှင်ပေါလု၏ အသက်တာ မပြောင်းလဲမီက ခရစ်ယာန်ကို ဆန့်ကျင်သော ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်သည်။ ယုံကြည်သူများကို ဒုက္ခသောကရောက်အောင် နည်းအမျိုးမျိုးဖြင့်ပြုလုပ်ခဲ့သည်၊ သူတို့အား သေတွင်းသို့ ပို့ရန်ပင် လုပ်ဆောင်ခဲ့သည် (တ ၇:၅၄၊ ၈:၃)၊ သို့သော်လည်း ရှင်ပေါလုသည် သခင်ယေရှုနှင့် အံ့သြဖွယ် ရာ တွေ့ ဆုံပြီးသည်နောက် နှိပ်စက်ညှင်းပန်းမှုအမျိုးမျိုးကို ရဲဝံ့စွာခံယူ လျက် ဧဝံဂေလိသတင်းစကားကို ဟောကြားခဲ့ပေသည် (၂ ကော ၄:၇-၁၂၊ ၆:၁-၁၀)။ ရှင် ပေါလုက သူခံစားရသော ဒုက္ခဆင်းရဲခြင်းသည် (သူ) ခရစ်တော်နှင့် ပိုတူရန် အထောက်အကူပြုကြောင်း ပြောဆိုနိုင်ခဲ့သည် (ကော ၃:၁၀)။

ဒုက္ခဝေဒနာကို စာတန်နှင့် သူ၏နောက်လိုက် မကောင်းဆိုးဝါးများက ဖန်တီးသည်။ လူကောင်းတစ်ယောက်သည် စာတန်၏ တိုက်ခိုက်မှုကြောင့် မယုံနိုင်လောက်သော ဝမ်းနည်းကြေကွဲမှုကို ခံစားရကြောင်း ယောဘ၏အသက်တာက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်သည်။ ဘုရားသခင်က ယောဘ၏ စည်းစိမ်၊ မိသားစုနှင့် ကျန်းမာရေးတို့ ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခွင့်ပေးခဲ့သည် (ယောဘ ၁၊၂)။ ဤအကြောင်းအရာကို ရေးသားရင်း ကျွန်တော် တွန့်ဆုတ်မိပါသည်၊ ကိုယ်တော်က သူ့အကြောင်းနှင့် သူ ယောဘ၏ ဘဝကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် စာတန်အား ပြုလုပ်ခွင့် ပေးခဲ့သည်။ ဖခင်တစ်ဦးသည် သူ့အိမ်နီးချင်းတို့အား သူ့သားသမီးများကို အနိုင်ကျင့် ရိုက်နှက်ခွင့်ပြုခဲ့ပြီး သားသမီးများ သူ့အပေါ် ဆက်၍ ချစ်မြဲ ချစ်၊ မချစ်ကို စောင့်ကြည့်သည့် ဖခင်နှယ် ဘုရားသခင်ကို နှိုင်းမိမည်။သို့သော် ဘုရား၏ဉာဏ်တော်နှင့် မေတ္တာတော်အကြောင်းနှင့် စပ်လျဉ်း၍ အကဲဖြတ်ခြင်းကို မပြုတန်ရာဟု ယောဘကြီး သဘောပေါက်သကဲ့သို့ ကျွန်ုပ်တို့ အကဲမဖြတ်အပ်ပါ။

စစ်ကြောခံရသည့် ယောဘ၏အသက်တာက ဘုရားသခင်ကို ယုံကြည်ကိုးစား ပုံအပ်ထိုက်ကြောင်း ရှင်သန်သောသက်သေဖြစ်သည်။ ယောဘကို စစ်ကြောခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိသော်လည်း ယောဘကြီး မသိခဲ့ရှာပါ။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ ပျက်စီးယိုယွင်းသွားသည့်တိုင် မိမိ၏ဖြောင့်မတ်တည်ကြည်မှုကို ထိန်းသိမ်းလျက် ဘုရားသခင်ကို ယုံကြည်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကိုးစားထိုက်သောဘုရားဖြစ်ကြောင်း ယောဘ ထောက်ပံ့ခဲ့သည်။

“ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလော” (ယောဘဝတ္တု ၂:၁၀)

ဘုရားသခင်၏ အကြံအစည်တော် မည်သို့ရှိသည်ကို နားမလည်သော်လည်း ကိုယ်တော်သည် သည်မတရားသော၊ ရက်စက်သော၊ နှိပ်စက်ခြင်းကို နှစ်သက်သော။ မိမိဘဝကို ပျက်စီးဆုံးရှုံစေသောဘုရားမဟုတ်ကြောင်း၊ ဘုရားရှင်ကို ယုံကြည်နိုင်သောအကြောင်း တရားများစွာကို အဆုံးတွင် ယောဘ နားလည်သဘောပေါက်ခဲ့သည် (ယောဘ ၄၂)။

တမန်တော်ရှင်ပေါလုသည် ခန္ဓာပိုင်း၌ ပြဿနာကြုံတွေ့ခံစားရသောအခါ စာတန်၏လုပ်ဆောင်ချက်ဟု မှတ်ယူကာ စာတန်၏ တမန်တည်းဟူသော ကိုယ့်စူးသောဆူးကို ပေးကြောင်းပြောဆိုခဲ့သည် (၂ ကော ၁၂:၇)။ တမန်တော်ရှင်ပေါလုသည် ထိုပြဿနာမှ လွတ်မြောက်လို၍ ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်သည် သူ့တောင်းဆိုမှုကို မပေးဘဲ အခက်အခဲသည် ကောင်းကျိုးဖြစ်ပေါ်ရန် အထောက်အကူ ဖြစ်ခဲ့ကြောင်း ရှင်ပေါလုကို သိမြင်နားလည်စေသည်။ ထိုဆူးက တမန်တော်ရှင်ပေါလုကို နှိမ့်ချလျက် ကိုယ်တော်ရှင်အား မှီခိုစေပြီး ကျေးဇူးတော်ကို ထိတွေ့ခံစားနိုင်သော အနေအထားသို့ ပို့ဆောင်ခဲ့သည် (:၈-၁၀)။

ဖျားနာသောဝေဒနာတို့သည် များသောအားဖြင့် စာတန်၏ တိုက်ရိုက်လုပ်ဆောင်မှုမဟုတ်သော်ငြားလည်း ခရစ်ဝင်ကျမ်းများတွင် စာတန်၏လုပ်ရပ်များဟု မှတ်ယူနိုင်သောဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်။ ထိုဖြစ်ရပ်များထဲတွင် နတ်ဆိုးစွဲသော လူကန်းလူအ အကြောင်း (မ ၁၂:၂၂) နှင့် ဝက်ရူးနာစွဲသော လူငယ်တစ်ယောက်အကြောင်း (မ ၁၇:၁၄-၁၈) တို့ ပါဝင်ပေသည်။

(ဂ) မိမိ၌လည်း တစ်စုံတစ်ရာ မှားယွင်းနေသည်။

မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့၏ အသက်တာများတွင် တစ်ခုခု ချွတ်ချော်၍ ကမောက်ကမ ဖြစ်သွားပါက ချက်ခြင်းဆိုသလိုပင် မိမိတို့ ကျူးလွန်ခဲ့သော အပြစ်ကြောင့် ဘုရားသခင်သည် အပြစ်ဒဏ် ပေးတော်မူသည်ဟု ကောက်ချက်ချတတ်သည်။ ဤအချက်သည် မှန်ကန်သည်ဟူ၍ တစ်ထစ်ချ မဆိုနိုင်ပါ၊ ပျက်စီးသောလူသားများနှင့် ပုန်ကန်သောသဘောရှိသည့် စိတ်ဝိညာဉ်များရှိသည့် ယိုယွင်းသောကမ္ဘာလောကတွင် ကျွန်ုပ်တို့က အသက်ရှင်နေထိုင်နေရသည်။ ထို့ကြောင့် ဘဝတွင် ဆင်းရဲဒုက္ခ ဝေဒနာများ ခံကြရခြင်းဖြစ်ပါသည်။

ယောဘသည် ဤသို့ ဒုက္ခဝေဒနာ ခံစားနေရခြင်းသည် သူ့ အသက်တာတွင် အပြစ်ကျူးလွန်ခြင်းကြောင့် ဖြစ်သည်ဟု ယောဘ၏ မိတ်ဆွေများက မှားယွင်းစွာယူဆမိခဲ့ကြသည်။ သခင်ယေရှု၏ တမန်တော်များပင်လျင် မျက်စိကန်းသော လူတစ်ယောက်ကိုတွေ့သောအခါ ဤသို့ဖြစ်ရခြင်းမှာ သူ၏ ပင်ကိုယ်အပြစ်ကြောင့်လော။ သို့မဟုတ် မိဘများ ကျူးလွန်ခဲ့သောအပြစ်ကြောင့်လောဟူ၍ အံ့သြကာ မှားယွင်းစွာ ကောက်ချက်ချခဲ့လေသည် (ယော ၉:၁-၂)၊ သို့သော် ထိုပြဿနာသည် သူ၏ပင်ကိုယ်အပြစ်နှင့် သော်လည်းကောင်း၊ သူ၏ မိဘများ၏ အပြစ်များနှင့်သော်လည်းကောင်း မဆိုင်ဟု သခင်ယေရှုက ရှင်းပြခဲ့သည် (:၃)။

အထက်ပါ အချက်များကို သတိပြုဆင်ခြင်လျက် အချို့သော ဒုက္ခ ဝေဒနာများသည် အပြစ်တရား၏တိုက်ရိုက်အကျိုးဆက်များ ဖြစ်ကြောင်း နားလည်ရန် ခက်ခဲသည့် သမ္မာတရားကို ခံယူရပါမည်။ အချို့သော ဒုက္ခ ဝေဒနာများသည် ဘုရားသခင် ချစ်တော်မူသောသူများကို သွန်သင်ပဲ့ပြင်ခြင်း (သို့) ဖန်ဆင်းတော်မူသော လောကကြီး ဘုရားသခင်အား ပုန်ကန်သူများကို ဒဏ်ခတ်အရေးယူခြင်းဖြစ်ပေတော့သည်။

ချစ်တော်မူသောသူကိုပဲ့ပြင်ခြင်း။ ။ သခင်ယေရှုကို မိမိ၏ကယ်တင် ပိုင်ရှင်ဖြစ် ယုံကြည်ကိုးစားပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်လေပြီ။ သားသမီးများကို လေ့ကျင့် သွန်သင်ပဲ့ပြင် ပျိုးထောင်ပေးသည့် ဖခမည်းတော်ဦးစီးသည့် အိမ်ထောင်၌ ကျွန်ုပ်တို့ ပါဝင်နေ၏။ ထိုဖခင်သည် ပြစ်တင်ကြိမ်းမောင်းခြင်း၊ ရက်စက်စွာ ပြင်းထန်စွာ ရိုက်နှက်ခြင်း စသည့်အမှုတို့ ကျေနပ်ပျော်မွေ့သောဖခင် မဟုတ်ပါ။ ဟေဗြဲသြဝါဒစာအခန်း ၁၂ တွင်

ထိုမှတပါး၊ ငါ့သား ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်၊ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏။ … တစ်နည်းကား ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘ တို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ သူတို့ကို ရိုသေကြ၏။ ထိုမျှမက စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍ အသက်ချမ်းသာရကြမည်မဟုတ်လော … ကိုယ်တော်မူကား မိမိ သန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည်ဆက်ဆံစေခြင်းငှာ ငါတို့အကျိုးကို ထောက်၍သာ ဆုံးမပေးတော်မူ၏ (ဟေဗြဲ ၁၂:၅-၆၊၉၊ ၁၀) ဟု ဖော်ပြထားပေသည်။

“ငါချစ်သမျှသူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထို့ကြောင့် ကိုယ်စိတ်ကိုကိုယ်နှိုးဆော်လော့။ နောင်တရလော့” (ဗျာ ၃:၁၉) ဟု လောဒိကိအသင်းတော်သို့ ယေရှု မိန့်ကြားပေ၏။

တင်းကျပ်သော ဘုရား၏ မေတ္တာတော်ကိုလည်း ဒါဝိဒ်မင်းကြီး သိပေ၏။ ဗာသရှေဗနှင့် မှားယွင်းပြီး သူ့ခင်ပွန်းကို တိုက်ပွဲ၌ကျအောင် ကြံစည်ခဲ့သည်။ ပရောဖက် နာသန် ရောက်မလာမချင်း သူ နောင်တမရခဲ့ပါ။ ဆာ ၅၁ တွင် ဒါဝိဒ် အပြစ်နှင့် ရုန်းကန်ရခြင်း၊ ခွင့်လွှတ်မှုကို တောင်းခံခြင်းအကြောင်းများ ဖော်ပြထားသည်။ ဆာလံ ၃၂ တွင်မူ ဒါဝိဒ်က အပြစ်ကို ဖုံးကွယ်ခြင်းနှင့် ပြုမိသော ဒုစရိုက်အမှုကို မသိကျိုးကျွံပြုခြင်းအကြောင်း ရေးသားထားသည်။ “ငါသည် အပြစ်ကို မဖော်ပြဘဲနေစဉ်အခါ တစ်နေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ နေ့ညဥ့်မပြတ်ကိုယ်တော်၏လက်သည် အကျွန်ုပ် အပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၍ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏” (ဆာ ၃၂:၃-၄)။

“ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်၊ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်၊ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။
လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကိုပြောဆိုသော သြဝါဒစကားကို မေ့လျော့ကြသလော” (ဟေဗြဲသြဝါဒစာ ၁၂:၅-၆)။

၁ ကော ၁၁:၂၇-၃၂ တွင် သခင်ဘုရား၏ မုန့်နှင့် စပျစ်ရည်ကို အလေးမထားဘဲ ခံယူခြင်းသည် ဘုရားနှင့်ဆိုင်သောအမှုကို ပေါ့တန်စွာ ပြုမူရာရောက်ပြီးဆုံးမခြင်းကို ခံရမည်ဟု ရှင်ပေါလုသတိပေးခဲ့သည်။ ထာဝဘုရား၏ဆုံးမရခြင်း ရည်ရွယ်ချက်ရှိကြောင်း၊ “ငါတို့အား ဤသို့ ထာဝရဘုရားသခင်စီရင်တော်မူခြင်းမှာ ငါတို့အား လောကီသားတို့ နှင့် အတူ အပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်” (:၃၂) (ခေတ်သုံး) ဟု ရှင်းပြထားပါသည်။

ချစ်တော်မူသောသူကို ဘုရားရှင် ဆုံးမခြင်းအကြောင်း နားလည်နိုင်ပါ၏။ ချစ်သောဖခင်၏ဆုံးမမှု၊ သူ့အပေါ်နာခံခြင်းစိတ် ပြန်လည်သစ်လွင်အောင် လုပ်ပေးခြင်းကို ကျွန်ုပ်တို့လည်း မျှော်လင့်မည်သာတည်း။

ဒဏ်ခတ်စီရင်ခြင်း ။ ။ မကောင်းမှုဒုစရိုက်ကို တဇွတ်တိုးပြုသည့် ခေါင်းမာသော မယုံကြည်သူများကိုလည်း ဘုရားသခင်စီရင်တော်မူ၏။ တစ်စုံတစ်ယောက်သောသူသည် ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်း ဆုကို လက်မခံလျှင် အနာဂတ်ကာလ တရားစီရင်ရာနေ့ရက်တွင် ဘုရားသခင်၏ အမျက်ဒေါသကိုသာ မျှော်လင့်စရာရှိလိမ့်မည်။ ဘုရားရှင်က ယခုပင် ပြင်းထန်သောစီရင်ချက်ကို ခံစေဟုဆိုလျှင် ယခုပင်ခံရလိမ့်မည်။

ဘုရားသခင်သည် ယိုယွင်းပျက်စီးလျက်ရှိနေသော လူ့လောကကို ကြီးမားသောရေဘေးနှင့်တွေ့ကြုံခဲ့စေသည် (က ၆)။ သောဒုံမြို့နှင့် ဂေါမောရမြို့ကိုလည်း ဖျက်စီးလိုက်သည် (က ၁၈၊၁၉)။ ထိုမျှသာမက အဲဂုတ္တု ပြည်သူ ပြည်သားများအား ဘေးအန္တရာယ်အမျိုးမျိုးဖြင့် ကြုံတွေ့စေခဲ့သည် (ထွ ၇-၁၂)၊ ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား ဝင်စားစေလတံ့သောပြည်တွင် ရှိသည် လူမျိုးအပေါင်းတို့ကို လုပ်ကြံမှု အကုန်အစင် သုတ်သင်ပယ်ရှင်းစေသည် (တရား ၇:၁-၂)၊ ဓမ္မသစ် ကာလတွင် မောက်မာခက်ထန်သော ဟေရုဒ်မင်းကို အသေဆိုးဖြင့် သေစေသည် (တ ၁၂:၁၉-၂၃)။ ထို့ပြင် အနာဂတ်တရားစီရင်ရာ နေ့ရက်တွင် ဘုရားသခင်သည် မိမိ၏မေတ္တာတော်နှင့် အုပ်စိုးခြင်းကို ငြင်းပယ်သောသူများကို တရားစီရင်ဆုံးဖြတ်တော်မူလိမ့်မည် (၂ ပေ ၂:၄-၉)။

မည်သို့ဆိုစေ ယခုမျက်မှောက်တွင် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာပင် တရားမမျှတများဖြင့်ရင်ဆိုင်နေရသည်။ ဘုရားသခင်သည် ဂုဏ်တော်အနန္တဖြင့် ပြည့်ဝလျက် စုံလင်သော တရားစီရင်ချိန်ကို ဆိုင်းငံ့ထားသည်။ ဆာလံဆရာ အာသပ်မင်းကလည်း ဘဝ၏ထင်ရှားသော မတရားမှုနှင့် ရင်ဆိုင်ရုန်းကန်နေရကြောင်း ဖော်ပြခဲ့သည်။ မိုက်မဲသူများသည် မကောင်းမှုကိုကျူးလွန်လျက်နှင့် ကြီးပွားချမ်းသာလျက်ရှိနေပြီး ဖြောက်မတ်သောသူတို့မူကား ဒုက္ခအခက်အခဲများ ကြုံတွေ့နေရသည် (ဆာ ၇၃)။ မိုက်မဲသောသူတို့သည် ချမ်းသာကြယ်ဝလျက်ရှိနေခြင်းနှင့် ပတ်သက်၍ ဆာလံဆရာက “ထိုအမှုကို နားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟုထင်ပါ၏။ နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာဌာနထဲသို့ဝင်၍ သူတို့၏အဆုံးကို နားလည်ရပါ၏” (ဆာ ၇၃:၁၆-၁၇) ဟူ၍ ပြောဆိုခဲ့သည်။ စကြဝဠာကို အုပ်စိုးတော်မူသော အရှင်အကြောင်းကို ဆင်ခြင်လိုက်မှ အာသပ်မင်းသည် မှန်ကန်သော အမြင်ကို ရရှိပေသည်။ မိုက်မဲသောသူများသည် လူ့အသက်သတ်ခြင်းနှင့် မကောင်းမှုဟူသမျှတို့ကို ကျူးလွန်လျက်နှင့် လှုပ်ရှားခြင်းနှင့် ကင်းလွတ်ရသည်။ သူတို့ လောကဓံဒုက္ခ မရှိခြင်းက တကယ့်ဖြစ်ရပ်မှန်ပင်။ သို့သော် “ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကို သည်းခံတော်မူကြောင်း” (၂ ပေ ၃:၉) သတိရရန် လိုအပ်ပါသည်။

ဤသို့ဖြင့် ဒုက္ခဝေဒနာခံစားရခြင်းဟူသည် အခြားသော အရေးကြီးသည့် ပြဿနာရပ်ကို သတိပြုမိအောင် ဘုရားသခင်က တပ်လှန့်နှိုးဆော်လိုက်ခြင်းဖြစ်ကြောင်း နားလည်ရသည်။ ခံစားရသည် နာကျင်မှုဝေဒနာက ဤကမ္ဘာမြေ၊ လူသားထုတစ်ရပ်လုံး၊ သင်နှင့်ကျွန်ုပ်၌ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နှိုးဆော်ဖော်ပြနေ၏။ သို့သော်လည်း ဘုရားသခင်သည် ပြဿနာ၏အဖြေကို သူ့ထံပါးမှ ရှာရန် အားပေးနေကြောင်း ရှေ့ဆက်အခန်းတွင် လေ့လာကြည့်ကြပါစို့။

 

<<<နောက်သို့ | ရှေ့သို့>>>