မည်သည့်အကြောင်းကြောင့်
ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်
ဒုက္ခဝေဒနာကို ခံစားစေသနည်း
သိရှိရန်ခက်ခဲသောအဖြေများ
(၂) မည်သည့်အကြောင်းကြောင့် ဒုက္ခဝေဒနာခံစားရသနည်း။
ကျွန်ုပ်တို့ကို လမ်းညွှန်လမ်းပြရန်ဖြစ်သည်၊
တစ်စုံတစ်ယောက်သောသူသည် ဘုရားသခင်ကို ကျောခိုင်းပြီး ဒုက္ခဝေဒနာနှင့် ကြုံတွေ့လျှင် ထိုဒုကြွဝေဒနာကိုသာ အပြစ်ဖို့ကြသည်။ သို့သော် ခံစားရသော ဒုက္ခဝေဒနာကြောင့် မိမိတို့၏ဘဝ တစ်မျိုး တစ်ဖုံ ပြောင်းလဲကာ ဘဝကို ပိုမိုပီပြင်စေသည်သာမက ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ မိတ်သဟာယဖွဲ့ခွင့်ကို ဖြစ်စေသည်ဟု လူတို့ဆိုပြန်သည်။ ဒုက္ခကို ကျေးဇူးတင်ကြသည်။ အံ့ဖွယ်ပင်။
ဒုက္ခရောက်ရသည့် အခြေအနေချင်းတူညီပါလျက် လူတို့ အပေါ် ထိုဒုက္ခ၏ သက်ရောက်မှုက အဘယ်ကြောင့် ထိုမျှလောက် ကွာနေရပါသနည်း။ အကြောင်းရင်းမှာ ဒုက္ခရောက်သည့် အဖြစ်နှင့်မဆိုင်၊ ဒုက္ခကိုတုံ့ပြန်သည့် လူနှင့်သာ ဆိုင်ပေ၏။ ပွင့်လင်းစွာ ပြောဆိုတတ်သည့် နာမည်ကျော် ဆက်သွယ်လုပ်ငန်းရှင်တစ်ဦးက “ခရစ်ယာန်ဘာသာသည် ရှုံးနိမ့်သူတို့၏ဘာသာ” ဟု လူသိရှင်ကြားရှုတ်ချခဲ့သည်၊ သို့ငြားလည်း သေသူပြောသည့်အတိုင်း အမြဲမဟုတ်ကြောင်း သူခံစားရသည်။ သူငယ်စဉ်က ခရစ်ယာန်မူကြိုကျောင်း၌ တက်ရောက်ခဲ့ဖူးသည်။ ကျမ်းစာသင်တန်းများလည်း တက်ဖူးသည်။ အတင်းအကြပ် ဖိအားပေး အယူဝါဒ သွတ်သွင်းခံရ၍ သူက “ကျွန်တော်ထင်တယ်၊ ၇ကြိမ် ၈ ကြိမ် လောက် ကယ်တင်ခြင်းခံခဲ့ရတယ်” ဟူ၍ ပြောင်လှောင်ခဲ့ဖူးသည်။ သို့သော် သူ့ညီမလေး အပြင်းဖျားနာချိန်တွင်ရောဂါပျောက်ကင်းရန် ဆုတောင်းခဲ့သော်လည်း ၅ နှစ်အကြာတွင် ကွယ်လွန်သွားသည်။ ထိုနာကျင်ဆုံးရှုံးမှုကြောင့် ဘဝအသက်တာနှင့် ဘုရားရှင် အပေါ် သူ့အမြင်များပြောင်းလဲသွားသည်။ ထိုသို့ဖြစ်ခွင့်ပြုသည့် ဘုရားအပေါ် ယုံမှား သံသယစိတ်ဝင်ကာ “ယုံကြည်ခြင်းကို စွန့်လိုက်တော့မယ်။ ယုံကြည်ခြင်း မရှိမှ ကျွန်တော် ခံစားရတာ သက်သာမှာ” ဟု ပြောခဲ့သည်။
—————————————————————————————–
—————————————————————————————–
ဤသက်သေခံချက်နှင့် ဆက်နွယ်လျက် “ဘဝ၌ နာကျင်ခံစားရချိန်တွင် ဘုရားသခင် အဘယ်မှာရှိသနည်း” အမည်ရှိသော စာအုပ်တွင် Joni Earecksan Tada အမည်ရှိ အမျိုးသမီးတစ်ဦး၏အကြောင်းကို စာရေးသူ Philip Yancey က ရေးသားခဲ့သည်။ သူမသည် ဒိုင်ဗင် အားကစားသမားတစ်ဦးဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရကာ ကိုယ်တစ်ပိုင်းသေသွားသည်။ ဂျိုနီ၏ စိတ်သဘောထားများ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲပုံအကြောင်းကို Philip Yancey ကရေးသားထား သည်။ အစ၌ ဂျိုနီသည် ဤအခြေအနေမျိုးနှင့် ချစ်မေတ္တာတော်အရှင် ဘုရားသခင်အား ပြန်လည်မိတ်သဟာယဖွဲ့ယုံကြည်ရန် မဖြစ်နိုင်ဟူ၍ မှတ်ယူခဲ့သည်။ ဂျိုနီအတွက် အချိန် ၃ နှစ်တာမျှ ကြာမြင့်ခဲ့သည်။ ၃ နှစ်တာမျှ မျက်ရည်များ၊ သံသယများနှင့် ဂျိုနီ နပန်းလုံးခဲ့ရသည်။ စိတ်နှလုံးမာကြောခိုင်မာမှုတို့ အရည်ပျော်ကာ ခါးသည်းစိတ်မှ ကိုးစားခြင်းသို့ ပြောင်းလဲသွားရန် သူမ၏ သူငယ်ချင်းရင်းချာဖြစ်သူ စင်ဒီက
သူမကို အားပေးခဲ့သည်။ “ဂျိုနီ မင်းတစ်ယောက်ထဲ ခံစားနေရတာ မဟုတ်ပါဘူး၊ မင်း ခံစားနေရတာကို သခင်ယေရှု သိပါတယ်။ သခင်ယေရှုကိုယ်တိုင်လည်း သံချက်ရာကြောင့် ခြေလက်သေခဲ့ရပါတယ်” ဟူ၍ပြောကြားခဲ့သည်။ ထိုအားပေးစကားသည် ဂျိုနီ၏ စိတ်ကို ဆွဲဆောင်လေသည်။ ထိုအချိန်တွင် သူမ၏နာကျင်မှုကို ခဏမေ့သွားကာ ဘုရားသခင်သည် သူမခံစားနေရသော ကိုယ်ခန္ဓာနာကျင်မှုကို သိရှိခံစားရမည်ကို သူတစ်ခါမမျှမတွေးခဲ့ဖူးပါ။ ယခုတွင် ထိုသို့ သိရှိ နားလည်လိုက်ရခြင်းကြောင့် ဝေဒနာများ ပေါ့ပါးသက်သာသွားရသည်။ ဤကား သူမ၏ ဘဝတစ်ဆစ်ချိုး အကွေ့ပင်တည်း။ ဂျိုနီသည် ဘာကြောင့် ဒီလိုဖြစ်ရလဲ ဟူ၍ အငြင်းမပွားတော့ဘဲ ဘုရားရှင်အပေါ် တိုး၍ နက်ရှိုင်းစွာ အမှီပြုရန်၊ ဘဝကို ရေရှည်အမြင်ဖြင့် ရှုမြင်စိတ်ပိုင်းဖြတ်ခဲ့တော့သည်။
ဂျိုနီသည် ဘုရားသခင်နှင့် ရုန်းကန်နပန်းလုံးခဲ့သော်လည်း သူမသည် ဘုရားသခင်ကို ကျောမခိုင်းခဲ့ပါ။ သူ ကြုံတွေ့ရသော မတော်တဆထိခိုက်မှုကို “အသရေရှိသော အနှောင့်အယှက် (Glorious intruder) ”ဟူ၍ပင် ခေါ်ဆိုခဲ့တော့သည်။ ဤအဖြစ်အပျက်မှာ သူ့ဘဝ၏ အကောင်းဆုံးဖြစ်ရပ်ဟူ၍ပင်ကြွေးကြော်ပြန်သည်။ ဘုရားသခင်သည် အဖြစ်အပျက်အားဖြင့် ဂျိုနီကို သူ့ထံတော်သို့ တိုးဝင်စေပြီး သူ့ထံ အာရုံပြောင်းစေခဲ့သည်။
ဘုရားသခင်အား မှီခိုအားထားခြင်းဟူသည့် အပြုသဘော ဆောင်သည့်ရလဒ် ထွက်ပေါ်ကြောင်း နိယာမကို ကောရိန္သုအသင်းတော်သို့ ရေးပေးသော သြဝါဒစာတွင် တမန်တော်ရှင်ပေါလုက သွန်သင်ခဲ့ပါသည်။
ညီအစ်ကိုတို့ အာရှိပြည်၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍။ မခံနိုင်အောင် အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှာ ငါတို့အလိုမရှိ၊ ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည့်အကြောင်း သေစေဟု စီရင်ခြင်းကို ကိုယ်တိုင်ခံစားရသကဲ့သို့ ဖြစ်၏။ (၂ ကော ၁:၈-၉)
အလားတူပင် တမန်တော်ရှင်ပေါလုက မိမိ ခံစားရသော ခန္ဓာပိုင်းဆိုင်ရာ ဒုက္ခအခက်အခဲများနှင့် ပတ်သက်၍ အထက်ပါသဘောအတိုင်း သုံးသပ်ခဲ့သည်။ ကိုယ်တော်ရှင်က “ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” (၂ ကော ၁၂:၉) ဟု မိန့်တော်မူရာ ရှင်ပေါလုက “သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှင်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသောဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏” (:၁၀) ဟု သက်သေခံခဲ့ပေသည်။
ဒုက္ခဝေဒနာများအားဖြင့် ကျွန်ုပ်တို့၏ ပင်ကိုယ်အရည်အသွေးများသည် မည်မျှအားနည်းကြောင်းကို ဖော်ပြပြီး မိမိ၏ဦးစားပေးမှု၊ တန်ဖိုးထားမှု၊ ရည်မှန်းချက်များ၊ အိပ်မက်များ၊ မိမိသာယာပျော်မွေ့သောအမှု၊ စစ်မှန်သောခွန်အား၏အရင်းအမြစ်၊ လူလူချင်းဆက်ဆံရေး၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ဆက်ဆံမှုများတို့ကို ပြန်၍ ဆန်းစစ် သုံးသပ်မိအောင် စေ့ဆော်ပေးသည်။ ထိုသို့ မဆန်းစစ်၊ ဘုရားရှင်ထံ လှည်မပြန်ပါက ကြုံရသောဒုက္ခဝေဒနာများသည် လက်တွေ့ကျသော ဝိညာဉ်ရေးရာအဖြစ်မှန်များကို ပြန်လည်အာရုံပြုမိအောင် လမ်းညွှန်ပေးလိမ့်မည်။
ဒုက္ခဝေဒနာ ခံစားရခြင်းသည် ဘဝအသက်တာ၏ ဦးတည်ရာကို ပြန်သုံးသပ်ရန် တွန်းအားပေးသည်။ ကျွန်ုပ်တို့သည် မျက်မှောက် ကြုံတွေ့နေရသော ပြဿနာများကိုသာ အာရုံပြုလျက် စိတ်ပျက် ဝမ်းနည်းမှုကို ခံစားနေမည်လား။ သို့မဟုတ် ဘုရားသခင်၏ရေရှည်အစီအမံကိုသိမှတ်၍ မျှော်လင့်ချက်ထားရှိမည်လား ဟူ၍ရွေးချယ်ရန် လမ်းနှစ်သွယ်ရှိသည် (ရော ၅:၅၊ ၈:၁၈၊၂၈၊ ဟေဗြဲ ၁၁)။
ဘဝသည် ကြွယ်ဝချမ်းသာလျက်ရှိနေသည်ဖြစ်စေ၊ ပရမ်းပတာရှိ နေသည်ဖြစ်စေ ဘုရားသခင်၏ဉာဏ်တော်၊ တန်ခိုးတော်နှင့် ထိန်းချုပ်မှုအပေါ် အပြည့်အဝယုံကြည်လျက် စိတ်ချမှုရှိရန် အာမခံ အားပေးသောကျမ်းချက်မှာ ဟေဗြဲ ၁၁ ဖြစ်သည်။ ရှေးဘိုးဘေးတို့သည် ဘုရားသခင်အပေါ် မျှော်လင့်ခြင်းထားရှိသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မည်သို့ပင်ဖြစ်စေ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရန် ခိုင်လုံသော အကြောင်းတရားများ ရှိပေသည်။
ဟေဗြဲ ၁၁ တွင် အောက်ပါပုဂ္ဂိုလ်များ၏အကြောင်းကို ပြန် ပြောင်းသတိပေးထားသည်။ ကမ္ဘာကြီးကိုရေနှင့်စီရင်မည်ဟူသည် ဘုရား၏စကား ပြည့်စုံခြင်းသို့ ရောက်အောင် နောဧ နှစ်ပေါင်း ၁၂၀ မျှ စောင့် ဆိုင်းခဲ့ရသည် (က ၆:၃)။ အာဗြံဟံသည် ဘုရားကတိပြုထားသော သား မရမချင်း နှစ်ပေါင်းများစွာ ညည်းတွားခံစားခဲ့ရသည်။ ယောသပ် သည် ကျွန်အဖြစ်ရောင်းစားခံရပြီးနောက် မတရား စွပ်စွဲခံရကာ ထောင်ကျသွားသည်။ လတ်တလော ဆိုးရွားပုံပေါ်နေသည့် အမှုများအားဖြင့် ဘုရားသခင်သည် သူ့ဘဝ၌ အကြံအစည်တော်ကို ဖြစ်ပျက်စေခဲ့ကြောင်း အဆုံး၌ ယောသပ် သိမြင်ခဲ့သည်။ အဲဂုတ္တု ပြည်မှ လူမျိုးတော်ကို မထုတ်ဆောင်မီ မောရှေသည် အသက် ၈၀ အထိ စောင့်စားခဲ့ရသည်။ ထို့ပြင် ယုံကြည်ခြင်းချို့တဲ့သည့် ထိုလူမျိုးကို ဦးဆောင်ရခြင်းက ပင်ပန်းလှသော ရုန်းကန်ရသည်အလုပ်ကြီးပင် (ထွက်မြောက်ရာကျမ်းတွင်ကြည့်ပါ)။
ထို့ပြင် ဘုရားသခင်အတွက် အသက်ရှင်ကြသောကြောင့် အောင်မြင်မှုကြီးများကို ရရှိခဲ့ကြသည့် ဂိဒေါင်၊ ရှံဆုံ၊ ဒါဝိဒ်နှင့် ရှမွေလတို့ အကြောင်းလည်း ပါသည်။ သို့သော် ဟေဗြဲ ၁၁ အလယ်လောက်တွင် မယုံကြည်နိုင်အောင် ဆိုးရွားသော ဒုက္ခဝေဒနာကို ရင်ဆိုင်ရသော ပုဂ္ဂိုလ်များအကြောင်းကိုလည်း တွေ့ရသည်။ ဘုရားသခင်က အဘယ်ကြောင့် ပူဆွေးသောကကိုရောက် စေရသနည်းဟူ၍ ဘာမှမသိလိုက်ရဘဲညှင်းပန်း နှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်၏ရေရှည်အကြံံအစည်တော်အရ ခဲယဉ်းကြပ်တည်းသောကာလတွင် ယုံကြည်ခြင်း မြဲမြံမှုအတွက် ချီးမြှောက်ခြင်း ခံရလိမ့်မည် (:၃၉-၄၀)။
—————————————————————————————–
—————————————————————————————–
နာကြည်းမှုဝေဒနာများက ဖြစ်ပျက်နေသော ပတ်ဝန်းကျင် အခြေအနေများကို ကျော်၍ ရှုမြင်ရန် ကျွန်ုပ်တို့ကို တွန်းအားပေးသည်။ “ဤလောက၌ ကျွန်ုပ်တို့ ဘာကြောင့် ရောက်ရှိနေသနည်း” “ကျွန်ုပ်တို့၏ ဘဝရည်ရွယ်ချက်မှာ အဘယ်နည်း” စသည့် နက်နဲသော မေးခွန်းများကို တွေးမိလာအောင် ဒုက္ခဆင်းရဲများက လှုံဆော်ပေးသည်။ ဤမေးခွန်းများကို ဂရုတစိုက်ဆန်းစစ်ပြီး သမ္မာကျမ်းစာတွင် ဘုရားသခင်ထံမှ အဖြေရှာပါက အသက်တာတွင်
ခက်ခဲကြပ်တည်းမှုကိုခံနိုင်ရန်အတွက် တည်ငြိမ်မှုကို ရရှိပေမည်။ လူမှုသမိုင်းကြောင်း တစ်လျှောက်လုံး၌ အလုံးစုံကို ချုပ်ထိန်းပိုင်သသည် ဘုရားရှင်သည် သူ့ဘုန်းအသရေ ထင်ရှားစေမည် အမှု၊ အဖြစ်အပျက်များအားလုံးကို စီမံခန့်ခွဲကြောင်းသိမှတ်ပါလျှင် အမှုခပ်သိမ်းကို ပိုမိုကောင်းမွန်သောအမြင်ဖြင့် မြင်နိုင်လိမ့်မည်။
“ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကို ထောက်သော် ယခု မျက်မှောက်ကာလ၌ခံရသော ဆင်းရဲသောဒုက္ခကို ပမာဏမပြုထိုက် ဟူ၍ ငါသဘောရှိ၏” (ရော ၈:၁၈) ဟု တမန်တော်ရှင်ပေါလုရေးသားခဲ့သည်။ တမန်တော်ရှင်ပေါလုက ကျွန်ုပ်တို့၏ ဒုက္ခအခက်အခဲများမှ လွတ်မြောက်မှုအလင်းကို မြင်စေခြင်းမဟုတ်ပါ။ ယုံကြည်သူများသည် မျက်မှောက်ကာလဒုက္ခများကို ထာဝရအမြင်၊ ထာဝရအလင်းဖြင့် ရှုမြင်ရန် ပြောနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ပြဿနာများက အမှန်ကြီးလေးပြီး ကျွန်ုပ်တို့ကို ချေမှုန်းလျက်ရှိသည့်တိုင် မယုံနိုင်လောက်အောင် ကြီးမြတ်သည့် ဘုန်းအသရေများက ဘုရားသခင်ကို ချစ်သောသူတို့ကို စောင့်ကြိုလျက်ရှိသည်။ ထိုဘုန်းအသရေများကို လေးလံသည့် ဘဝ ဝန်ထုပ်ဝန်ပိုးအခြေအနေများနှင့် နှိုင်းယှဥ်ပါလျှင် ယှဉ်မရနိုင်လောက်အောင် မှေးမှိန်သွားလိမ့်မည်။
နောက်ထပ်သာဓကတစ်ရပ်ကို ဆန်းစစ်ကြည့်ကြပါစို့။ ၄င်းကို အလွန်အရေးကြီးသောဖြစ်ရပ်ဟုလည်း ယူဆနိုင်သည်။ သခင်ယေရှု လက်ဝါးကပ်တိုင်တော်ပေါ်တွင် ဆွဲထားခြင်းခံရသောနေ့ကို “မဟာသောကြာကြီးနေ့ (Good Friday)” ဟု သတ်မှတ်သည်။ ထိုနေ့တွင် သခင်ယေရှုပြင်းထန်စွာ ဝေဒနာခံစားရသည်။ ဘဝအမှောင်ကျလျက် တစ်ကိုယ်တည်း အထီးကျန်ဘိသို့ ခံစားရသည်။ ဘုရားသခင်သည် ပျောက်ကွယ်ငြိမ်ချက်သားကောင်းနေသည်။ ဒုစရိုက်သည် အောင်မြင်၍ မျှော်လင့်ခြင်းများ ပြိုကွဲပျက်စီးပြီဟု ထင်မြင်စရာဖြစ်နေသည်။ သို့သော် တနင်္ဂနွေနေ့ရောက်သော် သခင်ယေရှုထမြောက်တော်မူခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းကြောင့် လက်ဝါးကပ်တိုင်တော်မှ ဖြစ်ရပ်သည် သစ်ဆန်းသောအဓိပ္ပာယ်တစ်ရပ် ဖော်ဆောင်ခဲ့သည်။ အံ့သြဖွယ်ဖြစ်ရပ်က “သောကြာကြီးနေ့” ကို ထူးခြားသောနေ့ ဖြစ်စေသည်။ ချေမှုန်း ခံရသောနေ့မှ အောင်မြင်သောနေ့ ဖြစ်လာသည်။
ရှေ့သို့မျှော်ကြည့်ပါ။ တနင်္ဂနွေနေ့၌ ထမြောက်ရှင်ပြန်သည့် သခင်ကို အစေခံခြင်းကြောင့် မှောင်မိုက်နေသော “သောကြာနေ့များ”ကို ခံရပ်နိုင်ပြီး “ကောင်းပေသည်” ဟု ကျွန်ုပ်တို့ ခံယူနိုင်လိမ့်မည်။
—————————————————————————————–
—————————————————————————————–
သို့ဖြစ်၍ အခက်အခဲများ ကြုံတွေ့လာပါက (အမှန်တကယ်လည်း ကြုံရမည်မှတ်ပါ) ဘုရားသခင်ထံတော်သို့လာရန်နှင့် အသက်တာကို ရေရှည်အမြင်ဖြင့် ရှုမြင်တတ်ရန် ဒုက္ခဝေဒနာများကို လမ်းညွှန်အဖြစ် ကိုယ်တော် အသုံးပြုတော်မူကြောင်း သတိရပါ။ သူ့အားကိုးစားရန်၊ သူ့ကို မျှော်လင့်ရန်နှင့် စောင့်စားရန် ဘုရား ဖိတ်ခေါ်လျက် ရှိပေသည်။
