မည်သည့်အကြောင်းကြောင့်
ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်
ဒုက္ခဝေဒနာကို ခံစားစေသနည်း
သိရှိရန်ခက်ခဲသောအဖြေများ
(၃) မည်သည့်အကြောင်းကြောင့် ဒုက္ခဝေဒနာခံစားရသနည်း။
ကျွန်ုပ်တို့အား ပုံသွင်းရန်ဖြစ်သည်။
‘အနာခံမှ အသာစံရသည်’ဟူသည့် မြန်မာဆိုရိုးစကားရှိသည်။ ပင်ပန်း ဆင်းရဲခံခြင်းသည် တစ်ချိန်တွင် အကျိုးကျေးဇူးဖြစ်စေကြောင်း ဆိုလိုပေသည်။ အထူးသဖြင့် အားကစားလောကတွင် အပင်ပန်းခံ၊ ဒုက္ခ ခံခြင်းဖြင့် နောက်ဆုံးတွင် အောင်မြင်မှုကို ရရှိသည်ဟူသော ကျင့်စဉ်သည် အမှန်တရားဖြစ်သည်။ ကျောင်းသားဘဝ အားကစား လိုက်စားစဉ်က အထက်ပါအမှန်တရားအားဖြင့် သင်ခန်းစာများစွာ ရခဲ့သည်။ ယခုလည်း နေ့စဉ် လေ့ကျင့်ခန်းလုပ်ရန် မိမိကိုယ်ကို စည်းကမ်း ကြပ်မတ်ရင်း ထိုအမှန်တရားကို ကျွန်တော် သင်ယူနေဆဲဖြစ်သည်။ များသောအားဖြင့် ကျွန်တော် လေ့ကျင့်ခန်းလုပ်ရန်မေ့သည်။ ဖိအားပေး လုပ်ရခြင်းကို မနှစ်မြို့။ ခန္ဓာကိုယ်ကို ညှာသည်။ သို့ငြားလည်း အဘယ်ကြောင့် လေ့ကျင့်ခန်းယူရသနည်း။ အနာခံရကျိုးနပ်ခြင်းကြောင့် ဖြစ်ပါသည်။ သွေးဖိအားကျသည်။ သွေးခုန်နှုန်းပုံမှန်ဖြစ်သည်။ ဗိုက် မရွဲလာ။ နေထိုင်ရသည်မှာ နိုးကြားရွှင်လန်းကျန်းမာခြင်းကြောင့်တည်း။
ရော ၅:၃-၄ တွင် ဒုက္ခဝေဒနာခံစားရသည့် ပုဂ္ဂိုလ်တစ်ဦး၏ အဆိုပြုချက်တစ်ရပ်ကို ဆင်ခြင်သုံးသပ်ကြည့်ကြပါစို့။ တမန်တော် ရှင်ပေါလုက “ထိုမျှမက ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစု တတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကို ပြုစုတတ်၏” ဟူ၍ ရေးသားခဲ့သည်။
ဒုက္ခ ဝေဒနာခံစားရခြင်း၏ အကျိုးကျေးဇူးကို တမန်တော် ရှင်ပေါလုက “ဒုက္ခ ဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရကြ၏” ဟူ၍ အစချီထားသည်။ ဝမ်းနည်းပူဆွေးခြင်းဝေဒနာ ခံစားရခြင်းကြောင့် ဝမ်းမြောက် ရွှင်လန်းရ မည်ဟူ၍ အဘယ်ကြောင့် ပေါလု ပြောရသနည်း။ ဒုက္ခစုံစမ်းခြင်းများအားဖြင့် ကျွန်ုပ်တို့အတွက်နှင့် သူ၏ဘုန်းတော် ထင်ရှားစေေးအတွက် ဘုရားသခင် ပြုနိုင်သည့်အရာ၊ ပြုပေးမည့်အမှုများ၌ ဝမ်းမြောက်ရန် ဆိုလိုပါသည်။ တမန်တော်ရှင်ပေါလု၏ အဆိုပြုချက်က လတ်တလော ဒုက္ခ ဝေဒနာ
ကြုံရခြင်းထက် နောက်ဆုံးတွင် ရရှိမည့် အကျိုး၌ ခံစားပျော်မွေ့ရန် တွန်းအားပေးခြင်းဖြစ်သည်။ သေခြင်း၊ အနာရောဂါဝေဒနာ၊ ချိုတဲ့မှု၊ ငွေကြေးပြဿနာ စသည့် အနိဌာရုံတို့ကို စွဲလန်းရမည်သဘော မဟုတ်ပါ။ ထိုအနိဌာရုံများသည် အပြစ်၏ကျိန်ခြင်း အကျိုးဆက်ကြောင့် ဖောက်ပြန်ပျက်စီးသွားသည် လောက ကြီး၏ ဆိုးဝါးသော အမှတ်သညာများပေတည်း။
တမန်တော်ယာကုပ်ကလည်း ဒုက္ခအခက်အခဲများ၏ရလဒ်၊ နောက်ရရှိမည့် အကျိုးတရားအတွက် မည်သို့ ဝမ်းမြောက်နိုင်ကြောင်း နည်းလမ်းပေးခဲ့သည်။ “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ” (ယာ ၁:၂-၄)။
အထက်ပါကျမ်းပိုဒ် နှစ်ပိုဒ်၏ အမှန်တရားများကို ပေါင်းစပ်သော် ဇွဲဖြင့် သည်းခံနိုင်ခြင်း၊ အကျင့်စရိုက် ရင့်ကျက်လာခြင်း၊ မျှော်လင့်ချက် မပျောက်ခြင်းစသည့် ချီးကျူးဖွယ်ဖြစ်သော ဒုက္ခ ဝေဒနာ၏ ရလဒ်ကောင်းများကို တွေ့ရသည်။ ဤသို့အားဖြင့် ယုံကြည်ခြင်း ကြီးရင့်အောင်၊ ဘုရားသခင့် တိုး၍လျော်မွေ့အောင်နှင့် ခရစ်တော်နှင့် ပို၍တူလာအောင် စသည့် ထူးမြတ်သည့် အရည်အချင်းများကို ဘုရားသခင်သည် ဘဝ၏ အခက်အခဲများအားဖြင့် ပုံသွင်းဖြစ်ပေါ်စေတော့သည်။
——————————————————————————————
သင်တို့သည် အလျှင်းမချို့တဲ့ဘဲ၊ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။ ရှင်ယာကုပ်သြဝါဒစာ ၁:၄
——————————————————————————————
ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ကိုးစား လာသည်တွင် ကျွန်ုပ်တို့သည် ရုတ်ချည်းဆိုသလို စုံလင်သူများဖြစ်လာသည်မဟုတ်။ သခင်က ကျွန်ုပ်တို့ကို အပြစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်စေပြီး ကောင်းကင်နိုင်ငံတော်သို့ သွားသည့်လမ်း၌ ကျွန်ုပ်တို့ကို နေရာချ တည်ရှိစေသည်။ ဤဘုရားသခင်အကြောင်းနှင့် ဘုရားရှင် စိတ်တော်နှင့် တွေ့အောင် မည်ကဲ့သို့ ကျင့်ဆောင်ရမည်ကို တိုးဆည်းပူး သင်ယူကာ မိမိ၏စရိုက်သဘောများ တိုးတက်လာအောင် ရှာကြံရမည့် ဘဝအချိန် စတင်လေပြီ။ လေးနက်သော ဘဝအသက်တာ၏ အကြောင်းခြင်းရာများကို ရင်ဆိုင်ဖြေရှင်းရန်၊ ဒုက္ခဝေဒနာများက တွန်းအားပေး လျက်ရှိသည်။ ဤသို့အား ကျွန်ုပ်တို့သည် ခိုင်ခံ့လျက် ရင့်ကျက်ကြီးထွားလာပေမည်။
ကျွန်ုပ်တို့၏ အသက်တာများကို ပုံသွင်းသည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ Dr. M. R. De Han က Broken Things ဟူသည့် စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
ကျွန်ုပ်ကြားသိနာယူလိုက်ရသော အကောင်းဆုံး ဒေသနာများသည် တရားပလ္လင်များမှကြားနာရခြင်းမဟုတ်ဘဲ အိပ်ရာထက်တွင် ဝေဒနာခံစား နေရသော လူမမာများထံမှ နာယူရခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြီးကျယ်ဆုံး၊ အလေးနက်ဆုံးသော သမ္မာတရားကို ဓမ္မကျောင်းမှ ပို့ချလိုက်သော ပညာအရည်အချင်း ရှိသူများက ပြင်ဆင်လေ့လာ၍ ဖော်ထုတ်ခြင်းမဟုတ်ဘဲ နှိမ့်ချသော စိတ်နှလုံးပိုင်ရှင်၊ ဒုက္ခဝေဒနာများကို ခံစားဖြတ်ကျော်ခဲ့ရသူများက ဆင်းရဲခြင်းအတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နက်နဲသောအရာ၊ ဘုရား၏သဘောတော်ကို သိရှိသဘောပေါက်ပြီး ဖွင့်ပြဖော်ထုတ်ကြခြင်း ဖြစ်ပါသည်။
ကျွန်ုပ်ဆုံတွေ့ခဲ့သည့်အား ရရွှင်လန်းဝမ်းမြောက်ကြသူတို့အနက် အချို့မှလွှဲ၍ အများစုမှာ ဘဝခရီး မသာယာ၊ နာကျင်မှု ဝေဒနာနှင့် ဒုက္ခ ခံစားရသူများဖြစ်သည်။ ဘဝခရီးချောမွေ့သူများက ကျေးဇူးသိတတ်ဆုံး၊ ချီးမွမ်းတတ်ဆုံးသူ မဟုတ်ဘဲ၊ အခြေအနေအမျိုးမျိုးကြောင့် အိမ်တွင်း၌ ဘဝဆုံးရသူများ၊ အိပ်ယာထက်၌ ဝေဒနာခံရသူများက ဘုရားကို အမှီပြုကိုးစားတတ်လာပြီး ကျေးဇူးသိတတ်ချီးမွမ်းတတ်ဆုံးသူများဖြစ်နေ၏။ ကျွန်တော် လေ့လာတွေ့သမျှကျန်းမာရေးဒေါင်ဒေါင်မြည်သူများက ညည်းတွားမြည်တမ်းကြသည်။ ညည်းတွားစိတ်ပျက်စရာအကြောင်း မရှိသလောက်အခြေအနေနှင့် လူများကလည်း ပြစ်တင်ညည်းတွားကြသည်။ ဘုရား၏ သန့်ရှင်းသူ၊ ကျွန်ုပ်စိတ်နှလုံးကို အကြိမ်ကြိမ်အားရရွှင်လန်းစေသူတို့မှာကား ဖျားနာခြင်းကုတင်ထက်မှ တရားရေအေး ဝေမျှကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကောင်း ချီးကျေးဇူးများကို သိမှတ်ချီးမွမ်းလျက် အားရဝမ်းမြောက် ကျေနပ်ဆုံးသူများ ဖြစ်နေတော့သည်။
အခက်အခဲအကျပ်အတည်းနှင့် ပြည့်သော ဘဝအသက်တာကို သင်မည်သို့ တုံ့ပြန်ရင်ဆိုင်မည်နည်း။ ထိုအခြေအနေများကြောင့် သင်နာကျည်းခံစားနေရပါသလား။ သို့တည်းမဟုတ် ပိုကောင်းမွန်တိုးတက်လာပါသလား။ သင့် ယုံကြည်ခြင်း ပို၍တိုးလာပါသလား။ သို့တည်း မဟုတ် ဘုရားသခင်ကို ကျောခိုင်းသွားပါသလား။ သင်ကျင့်ကြံပြုမူမှုသည် ခရစ်တော် နှင့် ပိုတူလာပါသလား၊ ထိုအခြေအနေများအားဖြင့် ဘုရားသားတော်၏ ပုံသဏ္ဌာန်နှင့်အညီ ပြောင်းလဲရန် ပုံသွင်းပြုပြင်ခွင့် ပေးပါသလား။
အရာခပ်သိမ်းတို့သည် မည်သို့သောအားဖြင့် အကျိုးတရားကို တညီတညွတ်တည်း ပြုစုကြသနည်း။ “ဘုရားသခင်ကို ချစ်သောသူတည်း ဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့.အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏” (ရော ၈:၂၈) ဟူသောကျမ်းပိုဒ်ကို နာကျင်မှုနှင့် ဒုက္ခဆင်းရဲခံစားနေရသော အချိန်ကာလအတွင်း ခွန်အားယူကြသည်။
မကြာခဏဆိုသလို ဤကျမ်းပိုဒ်ကို တစ်လွဲအဓိပ္ပာယ်ကောက် တတ်ကြသည်။ သို့သော် ယင်းကျမ်းပိုဒ်မှ အမှန်တရားသည် ကြီးမားသော နှစ်သိမ့်မှုကို ပေးလေသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် မည်သည်အရားများ လုပ်ဆောင်နေသည်ကို ရောမအခန်းကြီး ၈ အလေးထားဖော်ပြထားသည်။ ကျွန်ုပ်တို့ အတွင်း၌ ကျိန်းဝပ်တော်မူလျက် ရှိသော သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ဝိညာဉ်အသက်ကို ပေးတော်မူသည် (:၉)၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း အာမခံသည် (:၁၆)၊ အားနည်းချိန်များတွင် ကျွန်ုပ်တို့ ဆုတောင်းနိုင်အောင် အားပေးမစသည် (:၂၆-၂၇)။ ဆက်လက်၍ ဘုရားသခင်သည် သူ၏ရွေးနုတ်ကယ်တင်ခြင်း အကြံအစည်ကို အကောင်ထည်ဖော်လုပ်ဆောင် နေသော မြင်ကွင်းကျယ်ကြီးထဲ၌ ကျွန်ုပ်တို့ ခံစားရသော ဒုက္ခ ဆင်းရဲခြင်းများသည် အပါအဝင်ဖြစ်သည် (:၁၈-၂၆)။ ဘုရားသခင်သည် သူ ပြီးမြောက်စေလိုသော အမှုဟူသမျှကို ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့် အရာမျှ တားဆီးမရ။ အဘယ်နိမ္မိတအရာကမျှ ဘုရားသခင်၏ မေတ္တာတော်နှင့်ကျွန်ုပ်တို့ကို မကွာစေနိုင်ကြောင်း ကျွန်ုပ်တို့အပေါ် ထားရှိသည့် ကိုယ်တော် မေတ္တာတော်ကို စိတ်ချစရာ အာမခံထားသည် (:၂၈-၃၉)။
ဤရောမအခန်းကြီး ၈ ပါ အကြောင်းအရာများကို သေသေချာချာ ဆန်းစစ်လိုက်ပါက အငယ် ၂၈ ၌ ဘုရားသခင်သည် သားတော်အား ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ကိုးစားသောသူများကိုယ်စား အလုပ်လုပ်တော်မူလျက်ရှိကြောင်း အပြည့်အဝအာမခံထားသည်။ အသက်တာတွင် ဖြစ်ပျက်သမျှသော ဖြစ်ရပ်အကြောင်းကို နားလည်မည်။ စုံစမ်းစစ်ကြောခြင်းကာလ လွန် မြောက်လျှင် ဤဘဝတွင်ပင် ကောင်း သောအရာများဖြင့် ကျေးဇူးတော်ခံစားရမည်ဟု ဤကျမ်းချက်က ကတိကဝတ်ပြုခြင်း မဟုတ်ပါ။ အမှန်မှာမူ ကျွန်ုပ်တို့၏ဘဝများတွင် ဘုရားသခင်သည် သူ၏ကောင်းမြတ်တော်မူသော အကြံအစည်တော်ကို အကောင်ထည်ဖော်နေကြောင်း စိတ်ချရန် အားပေးလျက်ရှိပြီး၊ ဘုန်းတော်ထင်ရှားစေရေး ကျွန်ုပ်တို့နှင့် ပတ်ဝန်းကျင် အခြေအနေများကို အလိုတော်နှင့်အညီ ပုံသွင်းဖြစ်ပျက်စေခြင်းသာဖြစ်သည်။
စာရေးဆရာRon Lee Davis က သူ၏ “Becoming a Whole Person in a Broken World” အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်းရေးသားထားသည်။ “ဘုရားသခင်သည် ကျွန်ုပ်တို့ သဘောကျသည့် ပုံစံအတိုင်း အခြေအနေများကို ဖြစ်ပျက်စေမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်ပျက်အားလျော့ရမှုများနှင့် ဘေးဒုက္ခရောက်ရမှုများကို ထာဝရအကြံအစည်တော်နှင့်အညီ အသုံးချလိမ့်မည်။ ပုံဖော်လိမ့်မည်။ ကျွန်ုပ်တို့ ဖြစ်ပျက်ကြုံတွေ့ရသော မကောင်းမှုဖြစ်ရပ်များကို ဘုရားသခင်၏ ကောင်းမြတ်ခြင်းအဖြစ်သို့ ပြောင်းလဲနိုင်သည်။ ဤကား သတင်းကောင်းဖြစ်သည်။ သို့ဖြစ်၍ “ဘုရားခင်ကို ချစ်လျှင် မိမိ၏အသက်တာကို ဘုရား၏အလိုတော် အကြံံအစည်တော်ပြီးမြောက်ရေး၊ နိုင်ငံတော်ကျယ်ပြန့်ရေးအတွက် အသုံးခံနိုင်ကြောင်း ရောမ ၈:၂၈ သည် ဘုရား၏ အာမခံချက်ပင်” ဖြစ်သည်။
သို့သော် “အသက်တာ ပရမ်းပတာဖြစ်နေချိန်၌ ဘုရားသခင် မည်သို့ ထိန်းချုပ်သနည်း”။ ဘုရားသခင်သည် ဘုန်းတော်ထင်ရှားရန်နှင့် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် အရာခပ်သိမ်းကို မည်သို့ တညီတညွတ်တည်း ဖြစ်စေမည်နည်းဟု မေးစရာ ရှိသည်။ ဤမေးခွန်းများနှင့် စပ်လျဉ်း၍ စာရေးသူ Warren Wiersbe ရေးသားသော Why Us? အမည်ရှိစာအုပ်တွင် “ဘုရားသခင်သည် အဖြစ်အပျက်တစ်ရပ်၌ ဝင်ရောက်တားဆီးလိုက်၊ ကာကွယ်လိုက်ဖြင့် သူ၏ အုပ်စိုးထိန်းချုပ်မှုကို သက်သေမထူ။ သို့သော်လည်း ထိုအဖြစ်အပျက်အမှုအအရေးကို ချုပ်ကိုင် ထားခြင်း (သို့) ပယ်ဖျက်လိုက်ခြင်းဖြင့် သက်သေထူ၏။ ထို့ကြောင့် ဝမ်းနည်းကြေကွဲစရာများပင်လျှင် အဆုံး၌ ဘုရားသခင်၏ရည်ရွယ်ချက်အကြံအစည်ကို “ဖြစ်မြောက်ပြီးစီးစေသည်” ဟု ဖော်ပြထားသည်။
စကြဝဠာအုပ်စိုးမှုအရှင်ဖြစ်သည်အားလျော်စွာ ဘုရားသခင်သည် အသက်တာရင့်ကျက်စေရေး၊ ခရစ်တော်နှင့် သဏ္ဌာန်တူစေရေး။ ထာဝရ အကြံအစည်တော် တိုး၍ထမြောက်စေေး အသက်တာကို အသုံးပြု ပုံသွင်းလေသည်။ ရည်ရွယ်ချက်များကို ပြီးစီးအောင်မြင် စေရာ၌ ကျွန်ုပ်တို့ တစ်ပါးသူကို မစရန်။ ထိုနည်းတူစွာပင် အခြားသောသူများကလည်း ကျွန်ုပ်တို့ကို အပြန်အလှန် ကူညီရန် ဘုရားသခင် အလိုရှိတော်မူသည်။ ဤကား ရှေ့ဆက်လေ့လာမည့် အကြောင်းအရာ သင်ခန်းစာပေတည်း။
