မည်သည့်အကြောင်းကြောင့်

ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်

ဒုက္ခဝေဒနာကို ခံစားစေသနည်း


သိရှိရန်ခက်ခဲသောအဖြေများ

 

(၄) မည်သည့်အကြောင်းကြောင့် ဒုက္ခဝေဒနာခံစားရသနည်း။

 ကျွန်ုပ်တို့ ညီညွှတ်စေရန်ဖြစ်သည်။

နာကျင်ခြင်းနှင့်ဝေဒနာခံစားခြင်းတို့ ထူးခြားသည့်အရည်အသွေး တစ်ရပ်ရှိ နေပုံရသည်။ ယင်းမှာ ဒုက္ခဝေဒနာခံစား ရချိန်၌ ကျွန်ုပ်တို့သည် တစ်ဦးနှင့် တစ်ဦး အချင်းချင်းကို လိုအပ်ကြောင်း ပြသသည့် ထူးခြားချက်ဖြစ်သည်။ ဘဝ၏ ရုန်းကန်ရမှုများက ကျွန်ုပ်တို့ မည်မျှ အားနည်းကြောင်း သတိပေးနေ၏။ မိမိ၏ ခွန်အားယုတ်လျော့လျက်ရှိစဉ် အခြားသူများ၏ အားနည်းမှု ပင်လျှင် ကျွန်ုပ်တို့အတွက် ထောက်ပင့်မစမှု ဖြစ်နေတတ်သည်။

အသင်းတော်မှ ဆုံနေကျ မိတ်ဆွေများနှင့် အတူဆုတောင်းပြီး မိတ်သဟာယ ဖွဲ့သည့် အဖွဲ့ငယ်၌ တွေ့ဆုံကြတိုင်း အထက်ပါ အမှန်တရားသည် လက်တွေ့တွင်မှန်ကန်ကြောင်းကို ကျွန်ုပ်သိရှိရသည်။ ထိုကဲ့သို့ ပုံမှန်မိတ်သဟာယဖွဲ့ကြတိုင်း တစ်ဦးချင်းကြုံတွေ့ခံစားနေရသော ဝန်ထုပ်ဝန်ပိုးဒုက္ခအခက်အခဲများကို ဝေငှကူညီဖြေရှင်းကြရသည်။ သားသမီးများဖျားနာခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ လုပ်ငန်းခွင့် တင်းမာမှု ရှိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မိသားစုအတွင်း မုန်းတီးမှုများ ပေါ်ပေါက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နေ့စဉ်နှင့်အမျှခံစားရသော ဖိအားပေးမှုများ၊ မိသားစုတစ်ဦးဦး၏ ကယ်တင်ခြင်း၊ ဆုံးဖြတ်ချက်ချရန် ခက်နေသည့် ကိစ္စပေါ်ခြင်း၊ ရပ်ကွက်တွင်း ရာဇဝတ်မှုဖြစ်ပွားခြင်း၊ အပြစ်ဒုစရိုက်နှင့် ယှဉ်ပြိုင်တိုက်လှန်နေရခြင်းစသည်ဖြင့် ပြဿနာပေါင်းသောင်း ခြောက်ထောင်ပင်၊ ထိုမိတ်သဟာရ အစီအစဉ်အပြီးတွင် အချင်းချင်းကို အားပေး မစရ၍ အကြိမ်ကြိမ်ပင် ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းမိသည်။ ဤသို့ဖြင့် တစ်ဦးနှင့်တစ်ဦးပိုမိုနီးစပ်ရင်းနှီးလာပြီး ဘဝ၏ရုန်းကန်ရမှုများကို အတူတကွ ဖြေရှင်းရင်ဆိုင်ကြရင်း ခွန်အားတိုးခိုင်ခံ့လာသည်။

ဤကိုယ်တွေ့ အတွေ့အကြုံများကို သမ္မာကျမ်းရှုထောင့်မှ ဆင်ခြင်သော် အဓိကကျသော အမှန်တရားနှစ်ရပ်ကို သတိရစေတော့သည်။

(က)ဒုက္ခဝေဒနာခံစားရခြင်းဖြင့်၊ အခြားယုံကြည်သူများကို မိမိလိုအပ် ကြောင်းသိရသည်။
(ခ) ခရစ်တော်ကို စိတ်နှလုံးတွင်း အုပ်စိုးရှင်သန်ခွင့်ပေးပြီး တစ်ပါးသူ များ၏ လိုအပ်ချက်များဖြည့်ဆည်းပံ့ပိုးပေးရန်လိုကြောင်း ဒုက္ခဝေဒနာများအားဖြင့် နားလည်ရသည်။

ဒုက္ခအခက်အခဲများအားဖြင့် ခရစ်တော်၌ ယုံကြည်သူချင်းတို့ ကို စုစည်း ညီညွှတ်စေသော ဘုရားသခင်၏နည်းလမ်းများကို လေ့လာ ကြည့်ကြစို့။

(က) ဒုက္ခဝေဒနာခံစားခြင်းဖြင့် အခြားယုံကြည်သူများကို မိမိ လိုအပ်ကြောင်းသိရသည်။ ယုံကြည်သူတို့သည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်းညီညွှတ်မှုကိုဖော်ဆောင်ရန် တမန်တော်ရှင်ပေါလုက လူခန္ဓာကိုယ်နှင့် တင်စား၍ သြဝါဒပေးခဲ့ ပေသည်(၁ကော ၁၂)။ ကောင်းမွန်လျောက်ပတ်စွာ လှုပ်ရှားလုပ်ဆောင်နိုင်ရန်၊ အချင်းချင်းကို ကူညီရန် လိုအပ်ကြောင်း “သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုတည်း ချီးမြှောက်ခြင်းကို ခံရလျှင် ၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။ သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။အသီးသီးအင်္ဂါတော်ဖြစ်ကြ၏” (:၂၆၊၂၇) ဟူ၍ ရှင်းပြခဲ့သည်။

ဧဖက်အသင်းတော်သို့ ရေးပေးလိုက်သော သြဝါဒစာတွင် တမန်တော်ရှင်ပေါလုက ခရစ်တော်နှင့် ပတ်သက်၍ –

“(ခရစ်တော်တည်းဟူသော) ထိုဦးခေါင်း၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့် တစ်ကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ တည်ဆောက်ခြင်းငှာ ကြီးပွားစေတတ်၏” (ဧဖက် ၄:၁၆) ဟူ၍ရေးသားတိုက်တွန်းခဲ့သည်။

အခြားသောယုံကြည်သူများ၏ပံ့ပိုးမစမှုကို ခံစားရကြောင်း စတင်သိမှတ်လာစဉ် ဒုက္ခအခက်အခဲများကို ရင်ဆိုင်တိုက်လှန်ရသော်၊ ၄င်းတို့ထံ လက်ကမ်းလိုက်ပါက မည်မျှ အကျိုးရှိလိမ့်မည်ကို သဘောပေါက် လာလိမ့်မည်။ ဒုက္ခအခက်အခဲများက ခွန်အားလဲပြိုသွားအောင် တိုက်ခိုက်လာစဉ် အခြားသောယုံကြည်သူများ၏ မစကူညီအပေါ် မှီခိုလိုက်ခြင်းဖြင့် ခရစ်တော်၏တန်ခိုးတော်၌ ခွန်အားအသစ်ကို ရရှိလာတော့သည်။

(ခ) ခရစ်တော်ကို စိတ်နှလုံးတွင်း အုပ်စိုးရှင်သန်ခွင့်ပေးပြီး တစ်ပါးသူများ၏ လိုအပ်ချက်များဖြည့်ဆည်းပံ့ ပိုးပေးရန်လိုကြောင်း ဒုက္ခ ဝေဒနာများအားဖြင့် နားလည်ရသည်။ ၂ ကော ၁ တွင် တမန်တော် ရှင်ပေါလုက ဤသို့ ရေးသားခဲ့သည် – “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့သည် ဘုရားသခင်၊ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသော သူတို့အား သက်သာစေနိုင်မည်အကြောင်း ဆင်းရဲခြင်းအမျိုးမျိုးတို့ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏” (၂ကော ၁:၃-၄)။

အထက်ဖော်ပြပါအကြောင်းအချက်များကို ဆန်းစစ်လိုက်ပါက ကျွန်ုပ်တို့ အဖိုးတန်သောအရာတစ်ခုရှိနေပြီး ၎င်းကို အချင်းချင်းတို့နှင့် မျှဝေရန်၊ တစ်ဦးနှင့်တစ်ဦးအကူအညီပေးရန် လိုအပ်ကြောင်းတွေ့ရမည်။ စုံစမ်းစစ်ကြောခြင်းများနှင့် အခက်အခဲအမျိုးမျိုးတို့ကို တွေ့ကြုံ ဖြတ်သန်းလာရသဖြင့်၊ ဝိညာဥ်ရေးရာ လေးနက်သော အမြင်များနှင့် ဉာဏ်ပညာတို့ကို ကျွန်ုပ်တို့ ရရှိခဲ့ပြီ။ ဒုက္ခရောက်စဉ် မိမိချစ်ခင်ရသူတစ်ဦး မိမိအနီးရှိနေခြင်း၏ တန်ဖိုးကိုသိခဲ့ပြီ။ ခက်ခဲသောဘေးရောက်စဉ် ဘုရား၏ကရုဏာတော်ကို ခံစားခဲ့ရပြီး ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရသူများကို စာနာနားလည်နိုင်ပြီ။

ဤစာအုပ်ကို ရေးသားရန် ပြင်ဆင်လျက် ဒုက္ခဝေဒနာကြီးစွာ ခံစားခဲ့ရသူတို့အကြောင်းကို ဖတ်ရှုလေ့လာခဲ့သည်။ နာကျင်ကြေကွဲသူတို့နှင့် ဆွေးနွေးသည်။ သောကရောက်ရချိန်၌ မည်သူက ၎င်းတို့ကို အများဆုံး မစထောက်မသနည်းဟု မေးမြန်းသည်။ တစ်ခုတည်းသော တူညီသော အဖြေကား ထိုအခြေအနေမျိုးကို ကြုံဖူးခံစားဖူးသူတို့ ဖြစ်ပါသည်ဟူသတည်း။ ထိုသူက ပို၍စာနာနားလည်ခံစားပေးနိုင်၏။ သူ့စကားများက သူ့အတွေ့အကြုံမှ ရရှိသဘောပေါက်ခဲ့သော အသိပညာများကို ထင်ဟပ်ပြသည်။ အခြေအနေတစ်ရပ်ကို မကြုံဖူးဘဲ “မင်းခံစားနေရတာတွေကို နားလည်ပါတယ်” ဟု နှစ်သိမ့်သူ၏စကားက ဝန်လေးပင်ပန်းနေသူအတွက် လေးနက်မှုမရှိ။ စီးပိုးသောစကားဖြစ်နေတော့သည်။

အကောင်းဆုံးသောနှစ်သိမ့်အားပေးသူများသည် အခြေအနေ တစ်ရပ်ကို ဖြတ်သန်းရပြီး ထိုအတွေ့အကြုံများအားဖြင့် ဝိညာဉ်ခွန်အား ကြီးထွားလာခြင်းကြောင့် ကျန်သောသူများသည် အသက်ရှူပေါက် နည်းနည်းချောင်မည်ဟု မဆိုလို၊ ကျွန်ုပ်တို့အားလုံးမှာ တစ်ဦးပေါ်တစ်ဦး စာနာနားလည်ရန်နှင့် နှစ်သိမ့်အားပေးရန် တာဝန်ရှိပေသည်။ ဂလာတိ ၆:၂ တွင် “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့” ဟူ၍ တိုက်တွန်း ထားပေသည်။ ထို့ပြင် ရောမ ၁၂:၁၅ တွင်လည်း “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့” ဟူ၍ ဆိုထားပါသည်။

အနာကြီးရောဂါဆိုင်ရာ ကျွမ်းကျင်သူ Dr.Paul Brand ဆို သူက “ဒုက္ခဝေဒနာခံစားရကြောင်း သိလိုက်သည်နှင့် အနီးအပါး၌ရှိသော ကျွန်ုပ်တို့တစ်တွေ တုန်လှုပ် ခြောက်ခြားရသည်။ ရင်ထဲ၌ ဆို့နစ်လာမှုကို မြိုချရသည်။ ဆေးရုံသို့သွားရောက်ကြည့်ရှုသည်။ နှစ်သိမ့်အားပေးသည်။ ဝမ်းနည်းပူဆွေးသူကို နှစ်သိမ့်ရန် စကားလုံးများရွေးချယ်ရသည်။ သို့သော် လူမမာများနှင့် ၎င်းတို့၏ မိသားစုများအား ဒုက္ခဝေဒနာ ခံစားနေရစဉ် မည်သူက အထောက်အကူပြု ကူညီပေးသလဲ” ဟူ၍ မေးမြန်းရာ ထူးဆန်း၍ မရေရာမသေချာသောအဖြေကို ကြားရသည်။ ၎င်းတို့အတွက် အထောက်အကူဖြစ်စေသူ၏ သွင်ပြင်လက္ခဏာများမှာ စကားေပြောကောင်းပြီး အောင်နိုင်လွှမ်းမိုးတတ်သူ၊ တက်ကြွလှုပ်ရှားသူ ဟူ၍ပြောလေ့မရှိ။ အေးဆေး၍ စကားပြောနည်းသူ၊ နားလည်မှုရှိသူ၊ စကားများများပြောခြင်းထက်ပြောသမျှကို နားထောင်ပေးသူ၊ ဝေဖန် ဆုံးဖြတ်ခြင်းမပြုရုံသာမက ကအကြံဉာဏ်ပင် မပေးသူတို့ ဖြစ်ဟန်တူသည်။ ၄င်းတို့၏ အဖြေက ထူးဆန်းသည်။ တိတိကျကျမရှိပါ။ “သူ ရှိနေတာကို ခံစားရတယ်။ လိုအပ်တဲ့အချိန်မှာ ရှိနေသူပေါ့” “အားကိုးတကြီး ဆုတ်ကိုင်နိုင်တဲ့ လက်ကလေးတစ်ဖက်၊ နားလည်မှုတွေနဲ့ ထွေးပွေ့ဖက်ထား တယ်” “ရင်ထဲဆို့နေတဲ့ အကျိတ်အခဲကို မျှဝေခံစားတယ်” ဟူ၍ ဖြေကြားကြသည်။

——————————————————————————————

“နာကျင်ကြေကွဲသူတို့၏ သောကဝေဒနာ ပျောက်ကင်းစေရန်အတွက် အံ့ဖွယ်ဆေးနည်းမရှိ။ သူတို့ လိုအပ်သော အဓိကအရာမှာ
မေတ္တာဖြစ်သည်။ ထိုမေတ္တာသာလျှင် သူတို့၏လိုအပ်ချက်အစစ်ကို စုံစမ်းသိရှိနိုင်သည်၊” — Philip Yancey

——————————————————————————————

တစ်ဦးပေါ်တစ်ဦး မှီခိုအားထားရန် ဘုရားရှင် ကျွန်ုပ်တို့ကို ဖန်ဆင်းထားသည်မှာ ထင်ရှားလှသည်။ ဒုက္ခဝေဒနာ ခံစားနေရသူအား ပံ့ပိုးမစရမည်။ ကျွန်ုပ်တို့ ဒုက္ခအခက်အခဲ၌ကြုံစဉ် တစ်ပါးသူများက ကူညီမစရန် ဘုရားသခင် ပြုပြင်ဖန်တီးသည်မှာ ထင်ရှားပေသည်။ ထို့ပြင် အပြစ်ဒုစရိုက်၏ ပြဿနာများမှ တပ်လှန့်နှိုးဆော်ရန် ဒုက္ခဝေဒနာကို ဘုရားရှင် အသုံးပြုကြောင်း၊ သူ့ထံလှည့်ပြန်အောင် ညွှန်ပြုနိုင်ရေး အခက်အခဲများကို ဘုရားရှင်သုံးကြောင်း၊ ဤသည်ကို သဘောပေါက်လျက် ယုံကြည်သူချင်း၌ ညီညွတ်မှုတည်ဆောက်လျှင် နှစ်သိမ့်သက်သာမှုကြီးကို ခံစားရလိမ့်မည်။

 

<<<နောက်သို့ | ရှေ့သို့>>>