သင့်ကလေးများကို ကျမ်းစာ ဖတ်စေချင်ပါသလား။ သင်မှအစပြုပါ။

၂၀၂၄ ခုနှစ်သို့ ဝင်ရောက်လာရာ၊ ကျွန်ုပ်တို့ထဲမှအချို့မှာ ကျွန်ုပ်တို့၏ ကလေးများ ကျမ်းစာဖတ်လာရမည် စသည့် နှစ်သစ်သန္နိဌာန် ချမှတ်ကြမည်ဖြစ်သည်။ အဘိုးလည်းဖြစ်၊ သင်းအုပ်ဆရာလည်းဖြစ်သူက သူကိုယ်၌က အစပြုပြီး မည်သို့လုပ်ဆောင်ခဲ့ကြောင်း ဝေမျှထားသည်။

by
Sim Kay Tee

 

 

နေ့စဉ်ခွန်အားယူရန်နှင့် နောက်ဆုံးထွက် ခရစ်ယာန်အရင်းအမြစ်များ

ဖခင်တစ်ဦးဖြစ်လာတော့မည်ဟု ကျွန်ုပ်သိလိုက်ရချိန်တွင် ဒေါက်တာစပေါ့ခ်၏ ကလေးနှင့် ကလေးပြုစုစောင့်ရှောက်ခြင်း စာအုပ်. ကိုယ့်အတွက်ကိုယ်ဝယ်လိုက်သည်။ ကလေးဆရာဝန် ဘန်ဂျမင် စပေါ့ခ် ရေးသားပြုစုသော ဤအရောင်းရဆုံးစာအုပ်မှာ ၁၉၈၀ နှစ်များအတွင်း၌ မိဘဖြစ်ခြင်းနှင့် ကလေးပြုစုစောင့်ရှောက်မှုအတွက် ယုံကြည်ရလောက် သော အကောင်းဆုံး လမ်းညွှန်စာအုပ်ဖြစ်ခဲ့သည်။

ကူရာမဲ့သည့်စိတ်ခံစားချက် တစ်စိတ်တစ်ဒေသဖြင့် ထိုစာအုပ်ကို မွှေနှောက်ဖတ်ရှုမိသည်။ သမရိုးကျပညာရေးကို သင်ယူပြီး လုပ်ငန်း နယ်ပယ်တစ်ခု၌ကျွမ်းကျင် ပညာရှင်ဖြစ်လာအောင် ပြင်ဆင်ခြင်း၌ ကျွန်ုပ် ၁၆ နှစ် ရင်းနှီးမြှုပ်နှံခဲ့ရသည်။ သို့သော် မိဘဖြစ်ခြင်းနှင့် အဖိုးတန်အသက် သစ်လေးတစ်ချောင်းကို ပြုစုပျိုးထောင်ရန်၊ ထိုအရာအားလုံးကို သင်ယူရန် ကိုမူ အချိန် ၉ လသာ ရခဲ့သည်။

ထိုစိတ်ပျက်စရာအချိန်၌ မိမိကိုယ်ကို “ငါ၊ မိဘဖြစ်ပြီ ဟုတ်လား။ တကယ်ပဲလား”ဟု မေးမိသည်။

အဓိပ္ပာယ်မရှိဘူးဟု ထင်ရသည်။

ဘုရားသခင်၏နည်းဗျူဟာ

မိဘဖြစ်ခြင်းခရီးစဉ်၌ ကျွန်ုပ်တို့ကို နလပိန်းတုံး၊ ကံအကြောင်းမလှသူ များအဖြစ် ဘုရားသခင်က ပစ်မထားခြင်းကြောင့် ကျေးဇူးတော်ပင်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အား ကျွန်ုပ်တို့၏လမ်းခရီးကို ထိန်းကြောင်း ကူညီပေးမည့် နည်းဗျူဟာအဖြစ် ပေးထားပါသည်။

“သူငယ်သွားရာလမ်းဝ၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသော အခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်”ဟူသည့် သုတ္တံ ၂၂း၆ ၏ တိုက်တွန်းချက်ကို လိုက်လျှောက်လျက် ကျွန်ုပ်တို့၏ သားသမီးများကို စောနိုင်သမျှစောစော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကြားပေးရန် ကျွန်တော့်ဇနီးနှင့် ကျွန်တော်တို့ နှစ်ဦး စိတ်ပိုင်းဖြတ် ထားခဲ့သည်။

သူတို့၏နေ့စဉ်လုပ်ရိုးလုပ်စဉ်၌ ကျမ်းစာကိုဖတ်သည့် ဘုရားတရား ကိုင်းရှိုင်းသည့်အကျင့်စွဲမှတ်သွားအောင် ကျွန်ုပ်တို့အလိုရှိသည်။ သို့နှင့် ကျွန်ုပ်တို့သည် ကလေးကျမ်းစာအုပ် နှစ်အုပ်ကို ဝယ်ယူကာ သိပ်မကြာမီ သူတို့ကိုယ်တိုင် ကျမ်းစာဖတ်လိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့် သူတို့ကို ညတိုင်း ကျမ်းစာပုံပြင်များ ဖတ်ပြခဲ့သည်။

မိဘများဖြစ်သည့်အလျောက် သင်တို့လည်း သားသမီးများနှင့် ယနေ့တွင် ထို့အတူပြုကြမည်ပင်။ သို့သော် အံ့ဩဖွယ် သားသမီးများကို ကျမ်းစာဖတ်အောင်ကြိုးစားခြင်းက ဘုရားသခင်က မိဘများကို ပထမဆုံး လုပ်စေချင်သောအရာမဟုတ်ပေ။ မရှိမဖြစ် ရှိထားရမည့်အရာ ရှိပါသည်။ ပို၍အခြေခံကျသော၊ အဓိက မဏ္ဍိုင်ကျသောအရာကို ကျွန်ုပ်တို့ဦးစွာလုပ်ဆောင်ရန် ဘုရားသခင် အလိုရှိပါသည်။

ပို၍အခြေခံကျသော၊ အဓိက မဏ္ဍိုင်ကျသောအရာကို ကျွန်ုပ်တို့ဦးစွာလုပ်ဆောင်ရန် ဘုရားသခင် အလိုရှိပါသည်။

ဦးစားပေးအရာက ပထမ

မိဘကောင်းဖြစ်ခြင်းခရီးစဉ်မှာ မိဘဖြစ်မလာခင်ကတည်းက စတင်ပါ သည်။ မိမိကိုယ်တိုင်အတွက် . ဘုရားသခင်အား သိခြင်း၊ ချစ်ခြင်းဖြင့် စတင်သည်။ ကျွန်ုပ်တို့အများစု အကျွမ်းဝင်ပြီးဖြစ်သော ဤကျမ်းပိုဒ် တရားဟောရာကျမ်း ၆း၅ က –

“သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိ ရှိသမျှနှင့်ချစ်လော့” ဟု ပြောထားပါသည်။ ”

ဤသည်ကို သခင်ယေရှုက “ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏”ဟု ပြောထားသည်။

ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ သူ၏နှုတ်ကပတ်တော်အား ချစ်မြတ်နိုး ပြီး နာခံခြင်း ဖြစ်သည်။ ကလေးများကို သမ္မာကျမ်းစာအား နှုတ်တိုက်ရွတ်ပြခြင်းထက် သမ္မာတရားကို ကလေးများ၏ရှေ့၌ အသက်ရှင်နေထိုင်ပြသရန်ရှိပါသည်။ The Message ကျမ်းစာ၏ ဘာသာပြန်ဆိုမှုကို ကျွန်ုပ် နှစ်သက်ပါသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်အားသင့်အထဲရောက်အောင်၊ ပြီးနောက်မှသင့်ကလေး ထဲရောက်ရှိအောင်လုပ်ဆောင်ပါ” (တရား ၆း၇)။

နှုတ်ကပတ်တော်၏ သမ္မာတရားကို အသက်ရှင်ပြခြင်းက ကျွန်ုပ်တို့၏သားသမီးများကို သမ္မာကျမ်းစာအား သွန်သင် နိုင်ရန် ကျမ်းစာ၏နည်းဗျူဟာဖြစ်သည်။ ၎င်းသည် ဘဝအသက်ရှင်မှုနည်းလမ်းပင်။ ၎င်းသည် မိဘဖြစ်ခြင်း၏ နေထိုင်မှုပုံစံပင်ဖြစ်သည်။

ကျွန်ုပ်တို့ကိုယ်တိုင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မသိလျှင် ယင်းကို ကျွန်ုပ်တို့သွန်သင်ပေးနိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့ကိုယ်တိုင် ဘုရားသခင် အား မချစ်၊ မကြောက်ရွံ့ရိုသေလျှင် ကျွန်ုပ်တို့ကလေးများအတွက် စံပြဖြစ် ပေးနိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့မပိုင်ဆိုင်သည့်အရာကို မပေးကမ်းနိုင်ပါ။ နှုတ်ကပတ်တော်၏သမ္မာတရားကို အသက်ရှင်ပြခြင်းက ကျွန်ုပ်တို့၏ သားသမီးများကို သမ္မာကျမ်းစာအား သွန်သင်နိုင်ရန် ကျမ်းစာ၏ နည်း ဗျူဟာဖြစ်သည်။ ၎င်းသည် ဘဝအသက်ရှင်မှုနည်းလမ်းပင်။ ၎င်းသည် မိဘဖြစ်ခြင်း၏ နေထိုင်မှုပုံစံပင်ဖြစ်သည်။

အစဉ်အလာကို ဆန့်ကျင်ခြင်း

ကျွန်ုပ်တို့ မင်္ဂလာမဆောင်မီ၊ ခရစ်တော်ကို ဗဟိုပြုသော၊ နှုတ်ကပတ်တော် ကို ဗဟိုပြုသော မိသားစုဖြစ်ရမည်ဟု ကျွန်ုပ်တို့ ကတိကဝတ်ပြုခဲ့ကြ သည်။

ကျွန်ုပ်တို့ ဒုတိယသမီး ရလာသောအချိန်၌ ကျွန်ုပ်သည် အချိန်ပြည့် သင်းအုပ်ဆရာတစ်ပါးဖြစ်ပြီးနေပြီး တစ်ချိန်တည်းမှာပင် ကျမ်းစာကျောင်း လည်း တက်နေခဲ့ပါသည်။ ထိုအချိန်၌၊ ကျွန်ုပ်၏ဇနီးသည် Bible Study Fellowship (BSF) အတန်းကိုတက်ပြီး နှုတ်ကပတ်တော်ကို သင်ယူ လေ့လာနေပါသည်။ ထို့ကြောင့် ကျမ်းစာဖတ်နေခြင်း၊ လေ့လာသင်ယူနေ ခြင်းများသည် ဦးစားပေးအလုပ်ဖြစ်ပြီး ကျွန်ုပ်တို့ပုံမှန် အမြဲလုပ်သည့် အမှု ဖြစ်ကြောင်းကို ကလေးများ မြင်တွေ့ခဲ့ပြီး ၎င်းသည်လည်း သူတို့၏အလေ့ အထ ဖြစ်လာသည်။

ကျွန်ုပ်တို့သည် မိဘများဖြစ်လာသောအချိန်၌ အမှုတော်လုပ်ငန်း၌ ပါဝင်မှု အား လျော့ချရန် သွေးဆောင်ခံရစဉ် ကလေးပြုစုစောင့်ရှောက်ခြင်းနှင့် အသင်းတော်လုပ်ငန်းတို့၏ တောင်းဆိုမှုများကို ချိန်ညှိရန် ကျွန်ုပ်တို့ ကြိုးစားခဲ့ရသည်။ ငယ်ရွယ်သည့်စုံတွဲများကို လက်မထပ်မီ အကြံပေး ဆွေးနွေးခြင်းများ၊ အိမ်ထောင်ကျခါစစုံတွဲများကို ကောင်းရာပြညွှန်ပေး ခြင်းကို ကျွန်ုပ်တို့ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ကျွန်ုပ်၏ဇနီးမှာ အိမ်အလုပ် လုပ်သူများကို ကျမ်းစာသင်ပေးခဲ့သည်။ ဤသာသနာလုပ်ငန်းများ၌ ကျွန်ုပ် တို့၏ နုပျိုသောသမီးများအား မြှုပ်နှံရန် ကျွန်ုပ်တို့လည်း ရှာဖွေနေပါသည်။

ဘုရားသခင်အား ကျွန်ုပ်တို့ကလေးများ၏ ဘုရားသခင်ဖြစ်စေလိုလျှင်၊ ကျွန်ုပ်တို့၏ဘုရား ဦးစွာဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ကလေးများ ဘုရား သခင်၏နှုတ်ကပတ်တော်ကို သိစေလိုလျှင် သမ္မာကျမ်းစာကို ကို ကျွန်ုပ်တို့ ဦးစွာသိရှိရန် လိုအပ်ပါသည်။ ကလေးများကို ဘုရားသခင်အား အစေခံသူ ဖြစ်စေလိုလျှင် ဘုရားသခင်ကို ဦးစွာအစေခံခြင်းအားဖြင့် ကျွန်ုပ်တို့က စံနမူနာပြပြီး ဦးဆောင်လမ်းညွှန်ရမည်။

သင်၏ဝိညာဉ်ရေးရာ တာဝန်ဝတ္တရားများကို မလွဲပြောင်းပါနှင့်

ကျွန်ုပ်မှာ တေးဂီတနှင့်ပတ်သက်ပြီး အခက်အခဲရှိ၍ ကျွန်ုပ်သမီးများကို စန္ဒယားသင်ပေးဖို့ ကျွန်ုပ်မစွမ်းနိုင်ပါ။ သို့ဖြစ်၍ ဂီတကျောင်းသို့ သူတို့ကို ကျွန်ုပ် ပို့ပေးခဲ့သည်။ အနုပညာ သို့မဟုတ် အားကစား သင်ခန်းစာများ၊ သို့မဟုတ် ကျူရှင်နှင့် အထူးတန်းအစီအစဉ်များ … တို့နှင့် ကျမ်းစာ လေ့လာရန်အတွက်ကိုလည်း မိဘများစွာတို့က ထိုနည်းတူလုပ်ဆောင်ပေး ပါသည်။

တကယ်တမ်း၌ ကျွန်ုပ်တို့အချို့ တွေးကောင်းတွေးမည်။ ဘာကြောင့် မဖြစ် လဲ။ ဘုရား၏နှုတ်ကပတ်တော် သင်ကြားခြင်းက ဥပုသ်စာဖြေကျောင်း ဆရာ/မများနှင့် သင်းအုပ်ငယ်များ အားသန်သည်—ထို့အပြင် သူတို့က ကျွန်ုပ်တို့ရဲ့ကလေးတွေကို ကျမ်းစာသင်ပေးဖို့ အရည်အချင်းပိုပြည့်ကြ တယ်၊ ကျွန်ုပ်က အရည်အချည်းအပြည့်ဝဘူး။

သို့သော်၊ အမှန်မှာ ဘုရားသခင်က အိမ်ဆိုသောနေရာကို သူ၏သမ္မာတရား အား သင်ကြားပေးမည့်နေရာအဖြစ် ပြုလုပ်ထားပြီး ဥပုသ်စာဖြေကျောင်း ၌ မဟုတ်ပါ။ ဘုရားသခင်က ဤသင်ကြားခြင်းအလုပ်အတွက် မိဘများကို တာဝန်ခန့်အပ်ထားပြီး ဥပုသ်စာသင်ကျောင်း ဆရာ/မများနှင့် သင်းအုပ် ဆရာများကို မခန့်ထားပါ။

ကျွန်ုပ်တို့၏ကလေးများကို ကျမ်းစာသင်ပေးရမည့် အခြေခံ ဝတ္တရားမှာ ကျွန်ုပ်တို့၌ရှိပြီး ဥပုသ်စာဖြေကျောင်းမှာ ဖြည့်စွက်သည့်အပိုင်းဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကလေးများအား သင်ကြားပေးခြင်း သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ဝတ္တရားဖြစ်ပြီး ၎င်းကို အိမ်၌လုပ်ဆောင်ရန် မဆုံးမရှိသည့်အခွင့်အရေးများ ကျွန်ုပ်တို့၌ ရှိပါသည်။ ဤသည်ကို တရားဟောရာကျမ်း ၆း၇ ထပ်ခါတလဲလဲ အလေးပေးပြီး တစိုက်မတ်မတ် ပြောထားသည်။ “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။”

မှန်ပါသည်၊ ကျွန်ုပ်တို့၏သမီးများကို ဥပုသ်စာဖြေကျောင်းသို့ ကျွန်ုပ်၏ ဇနီးနှင့် ကျွန်ုပ်တို့ ခေါ်သွားပေးပါသည်။ သူတို့၏ ဥပုသ်စာဖြေကျောင်း ဆရာ/မများ အကောင်းဆုံးလုပ်ဆောင်မှုအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါ သည်။ သို့သော် ကျွန်ုပ်တို့၏ကလေးများကို ကျမ်းစာသင်ပေးရမည့် အခြေခံဝတ္တရားမှာ ကျွန်ုပ်တို့၌ရှိပြီး ဥပုသ်စာဖြေကျောင်းမှာ ဖြည့်စွက်သည့်အပိုင်းဖြစ်သည်။

ဥပမာ- သမီးများ ငယ်စဉ်တုန်းက ဥပုသ်စာဖြေကျောင်းမှ သူတို့ဘာတွေ သင်ကြားရလဲဟု ကျွန်ုပ်တို့ အမှတ်တမဲ့မေးပြီး ဤကျမ်းစာသင်ခန်းစာ များနှင့်ပတ်သက်ပြီး ရှေ့ဆက်ပြောဆိုဆွေးနွေးရန် အခွင့်အလမ်းများ ဖန်တီးပေးသည်။ ဤအရာက ဘုရားသခင်၏နှုတ်ကပတ်တော် သင်ကြား ပေးရန် အားဖြည့်ပေးပြီး ဘုရားကျောင်းပြီးနောက် သူတို့၌ရှိနေနိုင်သည့် မရှင်းသည့်မေးခွန်းများကိုလည်း ရှင်းလင်းပေးနိုင်သည်။

ကျွန်ုပ်တို့၏ မြင့်မြတ်သည့်တာဝန်ကို ဥပုသ်စာဖြေဆရာ/မများထံ မလွဲပြောင်းကြပါ နှင့်။ စန္ဒယားတီးခြင်းနှင့်မတူပါ၊ ကျမ်းစာအကြောင်း မသိလို့ ဆိုပြီး ဆင်ခြင်မပေးနိုင်ပါ။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့ကိုယ်တိုင်အတွက် ကျမ်းစာကို သိထားရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ကလေးများကို သင်ပေးရမည်ဖြစ်သည်။

ကျွန်ုပ်တို့ထံမှ ဘုရားသခင် အမှန်တကယ် ဘာကိုလိုချင်သနည်း

ဆာလံ ၇၈း၈ ရှိ ဝတ်ပြုကိုးကွယ်ခြင်းသီချင်း၌ ဆာလံဆရာအာစပ်က ဘုရားသခင်သည် သူ့နှုတ်ကပတ်တော်အား အဘယ်ကြောင့် ကျွန်ုပ်တို့ကို ပေးထားကြောင်း ကျွန်ုပ်တို့ကို သတိပေးအမှတ်ရစေပါသည်။

“ဘုရားသခင်၏အမှုတော်တို့ကို မမေ့။ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ ပညတ်တော်တို့ကို စောင့်စေခြင်းငှါ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ၍ ဖြစ်လတံ့သောအမျိုးတည်းဟူသော ဘွားမြင်လတံ့သောသားတို့သည် သိနားလည်၍ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အကြောင်း (ဘုရားသခင်) ပညတ်ထားတော်မူပြီ။”

ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ကလေးများနှင့် ကျွန်ုပ်တို့၏ မျိုးဆက်များတို့ ကိုယ်တော်ကို ကြောက်ရွံ့ရန်၊ နာခံရန်၊ ချစ်ရန်နှင့် ယုံကြည်ရန်အတွက် အဆုံး၌ ဘုရားသခင်က ကျွန်ုပ်တို့ကို သူ၏နှုတ်ကပတ်တော်အား ပေးထားပါသည်။

မိဘတိုင်း၏ဝတ္တရားနှင့် အထူးအခွင့်အရေးအနေနှင့် အပြော အဆို၊ အလုပ်အကိုင်တို့အားဖြင့် ယေရှုခရစ်တော်ကို ယုံကြည်ရန် ကျွန်ုပ်တို့၏သားသမီးများကို ကျွန်ုပ်တို့ ဦးဆောင်လမ်းညွှန်နေပါသလား။

ကျွန်ုပ်တို့၏သားသမီးများကို ဘုရားသခင်အကြောင်း၊ ကျွန်ုပ်တို့၏အပြစ်မှ ကိုယ်တော်မည်သို့ကယ်တင်ခဲ့သည့်အကြောင်းနှင့် ရှင်ယေရှုနှင့် ကျွန်ုပ်တို့၌ ရှိသော ဆက်ဆံရေးအကြောင်း—သူတို့နှင့်လည်းရှိလာနိုင်သည့်ဆက်ဆံရေး အကြောင်းတို့ကို ပြောပြရန် ကျွန်ုပ်တို့ပြင်ဆင်ပြီလား။ မိဘတိုင်း၏ ဝတ္တရားနှင့် အထူးအခွင့်အရေးအနေနှင့် အပြောအဆို၊ အလုပ်အကိုင်တို့ အားဖြင့် ယေရှုခရစ်တော်ကို ယုံကြည်ရန် ကျွန်ုပ်တို့၏သားသမီးများကို ကျွန်ုပ်တို့ဦးဆောင်လမ်းညွှန်နေပါသလား။

သံသရာတစ်ပတ်လည်ပြီ

ကျွန်ုပ်၏သမီးသုံးဦးသည် ယခုအရွယ်ရောက်နေပါပြီ။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သူတို့သည် ဘုရားသခင်ကိုချစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုချစ်ပါသည်။ အလွန်ပင် ကျေးဇူးတင်စိတ်ဖြင့်၊ သူတို့ မိခင်ထဲ၌ရှင်သန်သောယုံကြည်ခြင်းက ယခုသူတို့ထဲ၌လည်းရှင်သန်သည့် အတွက် ကျွန်ုပ် ကျေနပ်နိုင်ပါသည် (၂ တိ ၁း၄-၅)။

ကျွန်ုပ်သည်အဘိုးတစ်ဦးဖြစ်သည်။ ကျွန်ုပ်၏သမီးသည် သူ့မိခင်၏စံနမူနာ အတိုင်း လိုက်လျှောက်ကြောင်း၊ သူ့သမီးကိုလည်း ဘုရားသခင်၏ နှုတ်ကပတ် တော်အားသွန်သင်ကြောင်း ကျွန်ုပ် မြင်ရသည်။ မျိုးဆက် တစ်ဆက်မှ နောက်မျိုးဆက်သစ်ကို ဘုရားသခင်အကြောင်းပြောကြားခြင်း သံသရာ တစ်ပတ်လည်ခြင်းပင်။

သားသမီးများ ဘုရားသခင်အား ကြောက်ရွံ့၊ နာခံ၊ ချစ်မြတ်နိုးပြီး၊ ယုံကြည်လာမည့်အကြောင်း ဤနှစ်တွင် ဘုရားသခင်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်အား သိကျွမ်းရန်၊ ချစ်ရန်၊ နာခံရန်နှင့် ကျွန်ုပ်တို့၏ သားသမီးများကိုလည်း ထိုနည်းတူလုပ်ဆောင်ရန် သွန်သင်နိုင်ဖို့ ကျွန်ုပ်တို့ ကြိုးစားကြမည်လား။

ကျွန်ုပ်ကို မိဘတစ်ဦးဖြစ်ခွင့်ပေးသည့်အတွက်၊ သားသမီးလက်ဆောင် ပေး သည့်အတွက် ကျေးဇူးတင်ပါ၏ အဖဘုရား။ ကိုယ်တော်ကိုချစ်ရန်နှင့် ကိုယ်တော်၏နှုတ်ကပတ်တော်အားချစ်ရန် သွန်သင်တော်မူပါ။ သူတို့ကို ကိုယ်တော့်အကြောင်း သင်ကြားပေးရန်၊ ကျွန်ုပ်တို့၏အပြစ်မှ ကျွန်ုပ်တို့ကို ကယ်တင်ရန် သားတော်ယေရှုအား မည်သို့မည်ပုံပေးသနားခဲ့သည့် အကြောင်းသင်ကြားပေးနိုင်ရန် မစတော်မူပါ။ ကိုယ်တော်အား ချစ်ပြီး အစေခံရန် သူတို့ကို ပြသနိုင်ဖို့ ကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အာမင်
စင်းကေတီ(Sim Kay Tee)သည် ကျမ်းစာသင်ကြားသည့်ဆရာ၊ စာရေးဆရာနှင့် နေ့စဉ်ခွန်အားသာသနာ လုပ်ငန်း၌ ခရစ်ယာန်ဘာသာရေးရှုထောင့်မှဝေဖန်စာရေးသူတစ်ဦးဖြစ်သည်။ သူသည် Journey Through Series, ကို ရေးသားပြီး နေ့စဉ်ခွန်အား(Our Daily Bread)အတွက် ထင်ဟပ်ဖော်ပြချက်များကို ပုံမှန် ရေးသားပေးသူဖြစ်သည်။ When Jesus Says I Am and Footprints on Calvary Road စာအုပ်ကိုလည်း ရေးသားပြုစုသူဖြစ်သည်။ သူသည် စင်္ကာပူ၌အခြေပြုပြီး နိုင်ငံများစွာသို့ ကျမ်းစာသင်ကြားပေးပါသည်။ သူ၌သမီးသုံးဦးနှင့် မြေးမလေးတစ်ဦးရှိပါသည်။

ဤဆောင်းပါးကို ဝေမျှပါ။