နေ့စဥ်ခွန်အား အမှုတော်လုပ်ငန်း၏ဥက္ကဌ ရစ်ဒီဟန်းထံမှ အထူးကြေညာချက်နှင့် ဆင်ခြင်ထင်ဟပ်ချက်များ

“ဘုရားသခင်ကိုယုံကြည်ကိုးစားပြီး မှန်ကန်သောအရာကို လုပ်ဆောင်ပါ။” ဤရိုးရှင်းသော စာကြောင်းသည် နေ့စဥ်ခွန်အား အမှုတော်လုပ်ငန်း၌ နှစ်ပေါင်းများစွာခံယူခဲ့သည့် ခေါင်းဆောင်မှုဆိုင်ရာ အတွေးအခေါ် ဒဿနအကျဥ်းချုပ် ဖြစ်သည်။ စိန်ခေါ်မှုများနှင့် ကောင်းချီးမင်္ဂလာများ ကြားတွင် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း တည်ထောင်သူနှင့် နောက်ပိုင်း ဆက်ခံသူဥက္ကဌများသည် “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” ဟူသည့် သုတ္တံကျမ်း ၃း၅-၆ မှ ဉာဏ်ပညာ အရင်းအမြစ်များကို ယုံကြည် ကိုင်စွဲခဲ့ကြသည်။

၁၉၃၈ ခုနှစ် မီရှီဂန်ပြည်နယ်၊ ဒီထရွိက်မြို့မှ စတင်ခဲ့သော သမ္မာကျမ်းစာ သင်ကြားခြင်း ရေဒီယို အစီအစဥ်လေးသည် သန်းပေါင်းများစွာသောလူတို့အား နေ့စဥ်ခွန်အားပေးတိုက်တွန်းသည့် ကမ္ဘာလုံးဆိုင်ရာအမှုတော်အဖြစ် ကြီးထွားလာသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းတွင် လွန်ခဲ့သောနှစ်ပေါင်း (၈၃) နှစ် အခြေအနေမှ ယခုအချိန်အထိ ပြောင်းလဲမှုများစွာ တွေ့မြင်ရသည်။ မပြောင်းလဲသော အရာတစ်ခုမှာ ခေါင်းဆောင်ပိုင်းနှင့် ဝန်ထမ်းတို့သည် အမှုတော်ကို ထမ်းဆောင်ကြသည်တွင် သခင်ခရစ်တော်နှင့် နှုတ်ကပတ်တော်သမ္မာကျမ်းစာ၌ ဆက်ကပ်အပ်နှံမှုဖြစ်သည်။

တည်ထောင်သူ ဒေါက်တာအမ်အာဒီဟန်း (Dr. M. R. DeHaan)သည် အပတ်စဥ် ရေဒီယိုမှ သမ္မာကျမ်းစာ သင်ခြင်းကို အစပြုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လူအများကို ကယ်တင်ခြင်း သတင်းကောင်းနှင့်ဆက်သွယ်ပေးရန်၊ သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေးထားသော အရာအားလုံးနှင့် ဆက်သွယ်ပေးရန် သူ၌ ပြင်းပြသောဆန္ဒရှိသည်။ လက်ရှိဥက္ကဌဖြစ်သူ၊ မြေးဖြစ်သော ရစ်ဒီဟန်း (Rick DeHaan)က “ကျွန်တော်ငယ်စဥ် ကလေးသူငယ်ဘဝက ကျွန်တော့်အဘိုး ရေဒီယိုမှာ အပတ်တိုင်း တရားဟောခဲ့တာကို မှတ်မိတယ်။ အဲဒါက ကျွန်တော်မှတ်မိတဲ့ အစောဆုံး ကျွန်တော့်ဘဝအတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ကျွန်တော့်အဘိုးနှင့် သမ္မာကျမ်းစာ သွန်သင်ခြင်းတို့ကို ဘုရားသခင် ဘယ်လိုအသုံးပြုခဲ့လဲဆိုတာ နှစ်ပေါင်းများစွာ တစ်လျှောက်လုံးမှာ ကျွန်တော် သိနားလည်ခဲ့ရတယ်” ဟု ပြောပြသည်။

နေ့စဥ်ဝိညာဥ်ရေးရာ တိုက်တွန်းခွန်အားပေးမှု လိုအပ်ချက်ကို သိမြင်ခြင်းကြောင့် အမှုတော်လုပ်ငန်းသည် Our Daily Bread (နေ့စဥ်ခွန်အား) ဝတ်ပြုခြင်းစာစောင်ငယ်ကို ၁၉၅၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဝပ်ပြုကိုးကွယ်ခြင်းစာစောင်၊ ရေဒီယိုအစီအစဥ်နှင့် အမျိုးမျိုးသော စာပေများကို ထုတ်ဝေဖြန့်ချိခြင်း အားဖြင့် ဤသွန်သင်ခြင်းအမှုတော်၏ ကမ်းလှမ်းထိတွေ့နိုင်မှုမှာ ကမ္ဘာတစ်ဝန်းသို့ သိသာစွာ သက်ရောက် တိုးတက်လာသည်။

၁၉၆၅ ခုနှစ်တွင် ဒေါက်တာ အမ်အာ ကွယ်လွန်သွားပြီးနောက်၊ သူ၏သား ရစ်ချက် (Richard)သည် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ သူသည်လည်း ဤသာသနာလုပ်ငန်း အခြေပြုတည်ထောင်သည့် တန်ဖိုးထားမှုစံများကို လေးနက်စွာ ဆက်ကပ်အပ်နှံလျက် ကိုင်စွဲသူဖြစ်သည်။ “အဖေက သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူဖြစ်ပြီး လက်တွေ့ကျကျ သမ္မာကျမ်းစာကို သွန်သင်သူဖြစ်တယ်။ သူဟာ တကယ်ပဲ စစ်မှန်တဲ့သူဖြစ်တယ်။ လူအများကိုချစ်ပြီး သစ္စာနှင့်ပြည့်ဝတဲ့၊ ဘုန်းတန်ခိုးနှင့်ပြည့်စုံတဲ့ ဘုရားသခင်ကို ချစ်တယ်။ ဒီဘုရားကို သိပြီး နက်နက်နဲနဲ ကိုးစားတတ်အောင် သင်ယူကြီးပြင်းခဲ့ရတဲ့အတိုင်း ဘုရားသခင်ကို ချစ်တဲ့သူဖြစ်တယ်” ဟု ရစ်ချက်က သူ့ဖခင် အကြောင်းကိုပြောပြပါသည်။

နှစ်အနည်းငယ်အတွင်း ဘာသာစကား အမျိုးပေါင်းများစွာဖြင့် အမှုတော်လုပ်ငန်း တိုးချဲ့လာနိုင်ခဲ့ပြီး Day of Discovery ရုပ်မြင်သံကြားအစီအစဥ်ဖြင့် ထင်ရှားသောခြေလှမ်းဖြင့် ရုပ်သံလောကသို့ ဝင်ရောက်နေရာယူခဲ့သည်။

အများက ကြည်ညိုလေးစားရသည့် Day of Discovery အစီအစဥ်တင်ဆက်သူ၊ ဆရာကြီး ရစ်ချက်၏ သားလည်းဖြစ်သူ မာ့ဒီဟန်း (Mart DeHaan)အား ဖခင်၏ ကျန်းမာရေးကျဆင်းလာချိန်တွင် ဥက္ကဌနေရာကို ဆက်လက်၍ တာဝန်ယူထမ်းဆောင်ရန် တောင်းဆိုကြသည်။ ဤသာသနာသည် မာ့၏ကိုင်တွယ်စီမံ အုပ်ချုပ်မှု (၂၅) နှစ်တာကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်မှုအပါအဝင် ပုံနှိပ်တိုက်လုပ်ငန်းကို တိုးချဲ့နိုင်ခြင်း၊ ဝက်ဘ်ဆိုက်ကို တည်ထောင်နိုင်ခဲ့ခြင်း၊ RBC (Radio Bible Class) မှ RBC Ministries (နေ့စဥ်ခွန်အား အမှုတော်လုပ်ငန်း) ဟူ၍ အမှုတော်လုပ်ငန်းကို အမည်ပြောင်းလဲခြင်းစသည်ဖြင့် တိုးတက်မှုများစွာကို တွေ့ကြုံ ဖြတ်သန်းနိုင်ခဲ့သည်။ သူ၏ဖခင်နှင့် အဘိုးတို့ကဲ့သို့ပင် မာ့သည် သိက္ခာသမာဓိရှိရှိ နှိမ့်ချစွာ ဦးဆောင်ခဲ့သည်။ “မာ့သည်လည်း ကျွန်ုပ်တော့်အတွက် ကြီးမြတ်တဲ့ ပုံသက်သေကောင်းတစ်ဦးဖြစ်တယ်။ ဘုရားသခင်ကို သူသစ္စာရှိစွာ ယုံကြည်ကိုးစားတာကို ကျွန်တော်တွေ့ရတယ်။ သူဟာ စစ်မှန်စွာ အသက်ရှင်တယ်၊ ကျမ်းစာသွန်သင်တယ်။ ထို့အပြင် ကျွန်တော်တို့ကို ခေါ်ယူစေစားတဲ့ အမှုတော်လုပ်ငန်းအပေါ် နက်နဲစွာ ဆက်ကပ်အပ်နှံ ဆောင်ရွက် တယ်”ဟု ရစ်က ပြောပါသည်။

မာ့၏ညီငယ် ရစ်သည် ပုံနှိပ်ခြင်းနှင့် စာပေးစာယူဌာန၌ စတင်လုပ်ကိုင်ခဲ့ပြီး၊ အခြားဌာနများတွင်ပါ လေ့လာကူညီလုပ်ဆောင်လျက် သူ့ဖခင်နှင့် သူ့အစ်ကိုတို့ သာသနာလုပ်ငန်းကို ဦးဆောင်သည်ကို ကြည့်ခဲ့မြင်ခဲ့ရပြီး နှစ်ပေါင်းများစွာ သာသနာလုပ်ငန်း၏ အခြားဌာနများစွာ၌လည်း ပါဝင်ခဲ့သည်။ သူသည် ပြဿနာများကို ဖြေရှင်းခြင်း၊ လူအများနှင့် အတူလက်တွဲ လုပ်ဆောင်ရခြင်းများကို သဘောကျသည်။ ဤအချက်နှစ်ချက်က (အမေရိကန်နိုင်ငံ)ပြည်တွင်းသာမက ပြည်ပနိုင်ငံတကာနှင့် အမှုတော်ကို တိုးချဲ့ ဆောင်ရွက်ရန် သူ့အတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။ သူသည် နောက်ကွယ်မှ ဦးစီး ဦးဆောင်ပြုရခြင်းကို ကျေနပ်တင်းတိမ်သူဖြစ်သည်။ သူ၏ဖခင်နှင့် အစ်ကိုတို့ကဲ့သို့ပင် ဥက္ကဌ ရာထူးကို သူ့အနေဖြင့် စိုးစင်းမျှ မတောင်းဆိုခဲ့ပါ။ ဘုတ်အဖွဲ့ဝင်များက သူသည် ထိုရာထူးအတွက် သင့်လျှော်သောပုဂ္ဂိုလ် ဖြစ်သည်ဟု သူ့ဘက်မှရပ်တည်ပြောဆိုသောအခါ သူသည် ထိုကိစ္စနှင့် ပတ်သက်၍ ဆုတောင်းခဲ့ပြီး၊ ဥက္ကဌရာထူးအတွက် သူလိုအပ်သော လမ်းပြမှုနှင့် ထောက်ပံ့မှုကို ဘုရားသခင်ပေးမည်ဟု ယုံကြည်လျက် ထိုရာထူးကိုလက်ခံခဲ့သည်။

ရစ်ဥက္ကဌဖြစ်လာသည့် အချိန်မှစ၍ အမှုတော်လုပ်ငန်း၏အမည် ထပ်မံပြောင်းလဲခဲ့သည်။ ဤဒစ်ဂျစ်တယ်ခေတ်သည် သူ၏အဘိုး မည်သည့်အခါမှ ရည်ရွယ်အိမ်မက်ခြင်းမရှိခဲ့သော အခွင့်အရေးများစွာကို ဆောင်ကြဥ်းပေးခဲ့သည်။ “သမ္မာကျမ်းစာသွန်သင်ခြင်းကို ဘယ်လို နည်းလမ်းတွေနဲ့ ကမ္ဘာတစ်ဝန်းမှာ ဖြန့်ကျက်နှံ့ပြားစေလဲဆိုတာ တကယ်လို့ အဘိုးတွေ့ရ မြင်ရမယ်ဆိုရင် ဒီနှစ်ကာလတွေမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့အရာများ အားလုံးက သူ့ကို ပီတိဖြစ်စေလိမ့်မယ်” ဟု ရစ်က ပြောပါသည်။ မိုဘိုင်းလ်အက်ပ်၊ လူမှုကွန်ရက်၊ podcasts၊ ဝက်ဘ်ဆိုက်နှင့် အခြားသော ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဆက်သွယ်ရေးနည်းလမ်းများဖြင့် Our Daily Bread Ministries (နေ့စဥ်ခွန်အား အမှုတော်လုပ်ငန်း)သည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာ သတင်းစကားကို ပို၍ပို၍ များစွာသော လူတို့ထံသို့ ဆက်လက်ကမ်းလှမ်းပေးနေ ပါသည်။

ရာစုနှစ်တစ်ဝက်တာကာလမျှ ဤသာသနာတော်၌ အမှုတော်ဆောင်ပြီးနောက် ရစ်သည် ၂၀၂၁ ခုနှစ် အဆုံးတွင် အနားယူတော့မည်ဖြစ်သည်။ အမှုတော်လုပ်ငန်းအတွက် အားနှင့်တန်ဖိုးကို အားဖြည့်လောင်းပေးသည့် ကမ္ဘာတစ်ဝန်းမှလူများ၏ ပူးပေါင်းပါဝင်လာမှုကို မြင်တွေ့ရခြင်းသည် ရစ်အတွက် အကြီးမြတ်ဆုံးသော အခွင့်ထူးပင်ဖြစ်သည်။ “အခု ကျွန်တော်တို့အမှုတော်လုပ်ငန်းမှာ ကျယ်ပြန့်ပြီး အမျိုးမျိုးသော အံ့ဩဖွယ်ယဥ်ကျေးမှုတွေ၊ သဘောထားအမြင်တွေ ဖြည့်စွက်ပေါင်းစည်း ပါဝင်လာခြင်းဟာ တိုးတက်မှုဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ခံစားရတဲ့ ကောင်းချီးမင်္ဂလာတစ်ပါးလည်း ဖြစ်တယ်။ ဂရန်းရတ်ပစ်၊ မီရှီဂန် (Grand Rapids MI)နဲ့ ကမ္ဘာတစ်ဝန်းမှာ (အရောင်အသွေး) မတူညီတဲ့ ဝန်ထမ်းတွေရှိနေခြင်းက ကျွန်တော် အရမ်းဝမ်းမြောက်မိတဲ့အချက် ဖြစ်တယ်။ သူတို့က သခင်ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို ထင်ဟပ်ပြနေတဲ့သူတွေပဲလေ” ဟု ရစ်က ပြောပါသည်။

ရစ်သည် ကွဲပြားခြားနားသော လူအသီးသီးနှင့် ဝမ်းမြောက်ပျော်မွေ့စွာ အလုပ်လုပ်သည့်အပြင် အမှုတော်လုပ်ငန်း တိုးတက်စေရေး အထောက်အကူပြုသည့် ဘုရားသခင် ဆောင်ယူပေးလာသည့် အရေးကြီးသော စွမ်းရည်များအတွက်လည်း သူအံ့သြရသည်။ “မှန်ကန်တဲ့လူကို မှန်ကန်တဲ့ အချိန်မှာ ဘုရားရှင်ပေးလာမှာကို စောင့်ဆိုင်းဖို့ ဘုရားသခင်ကျွန်ုတော့်ကို သွန်သင်တယ်။ ကျွန်တော်တို့မှာ အမှုတော်အတွက် ဝန်ခံအပ်နှံဆက်ကပ်တဲ့ နှလုံးသားရှိပြီး အမှုတော်ကို ချစ်တဲ့စိတ်နဲ့ လုပ်ဆောင်နေကြတဲ့သူတွေ ပါဝင်တဲ့ အံ့မခန်းဖြစ်တဲ့အဖွဲ့ ရှိတယ်” ဟု သူက ဆိုသည်။

“ဘုရားသခင်ဟာ ဤအမှုတော်လုပ်ငန်းအတွက် အံ့ဩစရာကောင်းလောက်အောင် အစဥ်အမြဲ သစ္စာတည်တဲ့ဘုရားဖြစ်တယ်။ အနာဂတ်မှာ ဘုရားသခင် စုစည်းပေးထားတဲ့လူတွေက အမှုတော်ကို အတူတကွ ဘယ်လိုထမ်းဆောင်ကြမလဲ၊ ဒီဒစ်ဂျစ်တယ် ခေတ်ကာလမှာ သမ္မာကျမ်းစာရဲ့ သတင်းစကားကို ထုတ်ဝေဖြန့်ချိခြင်းနဲ့အတူ ကြုံလာရမယ့် စိန်ခေါ်မှုများကို ကမ္ဘာတစ်ဝန်းမှာ ဘယ်လိုရင်ဆိုင် အလုပ်လုပ်ကြမလဲဆိုတာ ကျွန်တော်စောင့်ကြည့်နေတယ်။ ကျွန်တော် တကယ်ပဲ စိတ်ဝင်စား စိတ်လှုပ်ရှားမိတယ်။ ဒါဟာ ကြီးမားတဲ့ အရေးကြီးအလုပ် ဖြစ်သလို စိန်ခေါ်ချက် တစ်ခုလည်း ဖြစ်တယ်။ ဘုရားသခင်ဟာ အတိတ်မှာ သစ္စာရှိစွာ လုပ်ဆောင်ပေးသလိုပဲ မျိုးဆက်သစ်တွေ ဒီအမှုတော်လုပ်ငန်းကို ပုံဖော်ပြီး ပြီးစီးထမ်းဆောင်နိုင်အောင် ကူညီမစမှာ ဖြစ်တယ်” ဟု ရစ်က ပြောပါသည်။

အမှုတော်လုပ်ငန်း၌ ရစ် ပါဝင်သည့်အချိန်ကာလအတွင်း ကြုံတွေ့ရသော စိန်ခေါ်မှုတစ်ခုစီတိုင်းအတွက် ဘုရားသခင်၏‌ ထောက်ပံ့မစမှုကို သူအံ့သြမင်သက်မိသည်။ ရစ်က “ဒီနှစ်ကာလများအတွင်း အမှုတော်လုပ်ငန်းအားဖြင့် ဘုရားသခင်ဘယ်လိုလှုပ်ရှား လုပ်ဆောင်နေလဲ၊ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် နှုတ်ကပတ်တော်ကို အသုံးပြုပြီး အသက်တာတွေကို ဘုရားရှင်ဘယ်လို တို့ထိနေလဲဆိုတာ တွေ့မြင်ရခြင်းက ဘုရားသခင်၏ သစ္စာရှိခြင်းကိုပြတဲ့ မြောက်မြားစွာသော သက်သေတွေပဲ ဖြစ်ပါတယ်” ဟု ပြောပါသည်။