ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်နှင့် မိမိ၏ကိုယ်ပိုင် ဆက်ဆံရေး

“ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” —ယော ၃း၁၆

စင်္ကာပူနိုင်ငံ၌ ခရစ်စမတ်အချိန်တွင် နှင်းမကျဘဲ မိုးရွာပါသည်။ ခရစ်ယာန်မဟုတ်သည့် မိသားစုမှ မွေးဖွားကြီးပြင်းလာသူအနေဖြင့် ကျွန်မတို့ ခရစ်စမတ်ပွဲ မဆင်နွဲပါ။ သို့သော် ကျွန်မငယ်စဉ်က ကျွန်မတို့ ညီအစ်မနှင့်၊ အိမ်နီးချင်း သူငယ်ချင်းကလေးများသည် ခရစ်စမတ်လက်ဆောင် ဖလှယ်ရန် တိုင်ပင်ခဲ့ကြသည်။ ထိုအကြံကို ဘယ်ကရမှန်း ကျွန်မတို့ မသိပါ။ ဖြစ်နိုင်ချေမှာ ရုပ်သံအစီအစဉ်များမှ ကျွန်မတို့ သိခဲ့ခြင်းဖြစ်လိမ့်မည်။ အိတ်တစ်ခုထဲတွင် မိမိ၏ နာမည်အသီးအသီးရေးထည့်ထားပြီး အိတ်များကို စုထားပြီး မဲနှိုက်ကာ မိမိမဲပေါက်သည့် သူအတွက် လက်ဆောင်ပစ္စည်းဝယ်ရန် ဖြစ်သည်။ မိမိရသည့် ပစ္စည်း/လက်ဆောင်ကို အချို့က ကြိုက်သည်။ အချို့က မနှစ်သက်၊ သို့သော်လည်း လက်ဆောင်အသီးသီးရရှိခြင်းကြောင့် အားလုံးပျော်ရွှင်ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ကျွန်မတို့၏ ဖန်ဆင်းရှင် ဘုရားသခင်သည် ကျွန်မတို့အတွက် အကောင်းဆုံးလက်ဆောင်ကို ပေးခဲ့ပြီးဖြစ်ကြောင်း ကျွန်မတို့ သဘောမပေါက်ခဲ့ပါ။ သမ္မာကျမ်းစာမှ “ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူကြောင်း” (ယော ၃း၁၆) ဖော်ပြထားသည်။ ကျွန်မဆယ်ကျော်သက်အရွယ်တွင် ထိုလက်ဆောင်အကြောင်းကို ကြားခဲ့ရပြီး သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့သည်။

သခင်ခရစ်တော်ကို ယုံကြည်သူတစ်ယောက်အဖြစ် ပထမဦးဆုံး ဆင်နွဲခဲ့သည့် ခရစ်စမတ်ပွဲတော်ကိုလည်း သတိရမိသည်။ ခရစ်စမတ်၏အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်ခွင့်ရခဲ့ပြီးဖြစ်၍ ခရစ်စမတ်ပွဲက ကျွန်မအတွက် အထူးပွဲဖြစ်ခဲ့သည်။ ၎င်းသည် သခင်ယေရှု ခရစ်တော်တည်းဟူသော ဘုရားသခင်၏ အကောင်းဆုံးလက်ဆောင်ကို ခံယူဆင်နွဲသည့်ပွဲ မဟုတ်ပါလား။ ဘုရားသခင်သည် အဝေး၌ ရှိသည် လျှို့ဝှက်ဆန်းကြယ်အံ့သြဖွယ် မဟုတ်ဘဲ၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး လူတိုင်းကို ချစ်သည့် ထိတွေ့ဆက်ဆံ၍ရသည့် ဘုရားသခင်ဖြစ်တော်မူကြောင်း ကျွန်မသိနားလည်ခဲ့သည်။ ဤဘုရားသည် ကျွန်မအပေါ် မေတ္တာကြီးမားကြောင်း ကျွန်မအတွက် အသေခံခဲ့ခြင်းဖြင့် ပြသခဲ့သည်။

ဤပွဲတော်ကာလတွင်သာမက ခရစ်စမတ်အရှင် သခင်ခရစ်တော်ထံ မပြတ်အစဉ် မျက်မှောက်ပြုကြပါစို့။ — POH FANG CHIA

ချစ်ခြင်းသည် ပေးကမ်းခြင်းဖြစ်ကြောင်း ဗက်လင်မြို့၌ ဘုရားသခင် လက်တွေ့ပြခဲ့သည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၆-၂၁

၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ ၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။ ၁၉ အပြစ်စီရင်ခြင်းကိုခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ ၀င်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြ၏။ ၂၀ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကို မြင်ပျင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ အလင်းသို့ မချဉ်းကပ်ကြ။ ၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။