ဘုရားသခင်၏ ကျေးဇူးတော်လက်ဆောင်ကို ရယူနိုင်ပြီ

သခင်ယေရှုသည် လူ့ဇာတိကိုခံယူရန် ကောင်းကင်ဘုန်းစည်းစိမ်များ စွန့်လွှတ်လျက် ကြွဆင်းလာခဲ့သည်။ ပျက်စီးနေသော ကမ္ဘာကြီး ပြုသမျှ သူနုခဲ့ရသည်။ ခါးစည်းခံခဲ့သည်။ ထို့နောက် လောကသားတို့ပြုသမျှ အမှားအယွင်း၊ အပြစ်ကြွေးများကို ပေးဆပ် ခဲ့သည်။ ၎င်းသည် ခရစ်စမတ်၏အဓိပ္ပာယ် အစစ်အမှန်ဖြစ်သည်။

တစ်ဖန် လူသားများကို အပြစ်မှကယ်တင်ရန် သခင်ယေရှု ကြွဆင်းလာခြင်းဖြစ်သောကြောင့် သခင့်ကို ကိုးစားယုံကြည်သူ အပေါင်းတို့သည် ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေး ရင်းနှီးကျွမ်းဝင်မှုကို ရရှိပြီဖြစ်သည်။ ရှင်သန်သော၊ အဓိပ္ပာယ်ပြည့်ဝသော၊ လှုပ်ရှားတတ်ကြွသော မိတ်သဟာယကို ပျော်မွေ့ခံစားနိုင်ပြီဖြစ်သည်။ ၎င်းသည် ခရစ်စမတ်၏အဓိပ္ပာယ် အစစ်အမှန်ဖြစ်သည်။

ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပျက်စီးနေကြောင်း၊ ကိုယ်တော်က သင့်အတွက် အံ့မခန်းသောအရာများကို ပြုပေးခဲ့ကြောင်း၊ သင့်အနေနှင့် ကိုယ်တော်နှင့် နှစ်သက်ဖွယ် ဆက်ဆံရေးကောင်းကို ရိုးရိုးသားသား လိုချင်မိကြောင်း စသည်တို့ကို ယခုမှ ပထမဆုံးအကြိမ် သင်နားလည်သဘောပေါက်လာခြင်း ဖြစ်ကောင်းဖြစ်မည်။

မိမိပြုမိသည့်အမှားကို ၀န်ခံပြီး စိတ်ရင်းနှင့် တောင်းပန်ခြင်းက ပျက်ယွင်းသော ဆက်ဆံရေးကို ပြန်လည်တည်ဆောက် ကောင်းမွန်စေသည်။ ထိုနည်းအတိုင်းပင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေလိုပါက မိမိ၏ ဆုံးဖြတ်ချက်အမှား၊ ရွေးချယ်မှုအမှားများအတွက် ၀န်ချတောင်းပန်ကာ၊ သူ့မေတ္တာကို ဖော်ပြရန် ကိုယ်တော်ပြုပေးခဲ့သည့်အမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပြ၀န်ခံရန်လိုသည်။ သင်ဝန်ခံလိုပါက သင့်ကိုယ်ပိုင်စကားလုံးများဖြင့် ပြောနိုင်သလို၊ အောက်ပါ ဆုတောင်းချက်ကိုလည်း အသုံးပြုနိုင်ပါသည်။

ချစ်တော်မူသောဘုရား၊
မိမိ၏ဖန်ဆင်းရှင် မပါဘဲ ဘ၀ကို တည်ဆောက်ရန် ကြိုးပမ်းခဲ့မှုအတွက် ကျွန်ုပ် ၀မ်းနည်းခံစားရပါ၏။ ကျွန်ုပ်ကို ရှိသည့် အတိုင်း လက်ခံသည့်အတွက် ကျေးဇူးတင်ပါ၏။ လူသားအားလုံး၏ အပြစ်အတွက် အသက်စွန့် ကယ်တင်ရန် သခင်ယေရှုကို စေလွှတ်ခဲ့ပြီး၊ ကိုယ်တော်ရှင်နှင့် ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ရင်းနှီးခွင့်ကို ပေးတော်မူခြင်းအတွက် ကျေးဇူးတင်ပါ၏။ ယနေ့မှစ၍ ရှေ့အနာဂတ်တွင် ကိုယ်တော်နှင့် အသစ်သော မိတ်သဟာယဖွဲ့ခွင့်ကို ပေးလျက် ဘ၀ရှင်သန်စေမူပါ။

ဘုရားသခင်၏သမ္မာတရားသို့ လှည့်ပြန်ရှာဖွေသူတိုင်းသည် ခရီးစဉ်အသစ်တစ်ခုကို စတင်သူများဖြစ်သည်။ ရှေ့ဆက်မည့် ခရီးလမ်းတွင် ပထမဦးဆုံး ကြုံရမည့်အရာများရှိသည်။ ဘ၀အသက်တာဟူသည် ဆင်းရဲဒုက္ခနှင့်မကင်းကြောင်း ကျွန်ုပ်တို့အားလုံး နားလည် ကြသည်။ ဘ၀ရုန်းကန်ရမှုနှင့် ခရီးဆက်မြဲ ဆက်ရမည်ဖြစ်သော်လည်း ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဖြင့် မိမိ တစ်ဦးတည်း မဟုတ်၊ မိမိသည် အမေ့လျော့ခံမဟုတ်ကြောင်းကို ဆိုလိုရည်ညွှန်းသည်။ ဘုရားသခင်က ဘ၀ခရီးလမ်း၌ စောင်မလျက်၊ လမ်းပြလျက်၊ မစကျေးဇူးပြုလျက် ပို့ဆောင်သည်။ ကိုယ်တော်နှင့် တစ်ဦးချင်း ဆက်သွယ်ရင်းနှီးကြသည်တွင် အကျွန်ုပ်တို့သည် စုံလင်သူများ မဟုတ်သော်လည်း ခွင့်လွှတ်ခြင်းခံရလျက်၊ နေ့စဉ်နေ့တိုင်းတွင် မျှော်လင့်ခြင်းအသစ်ရရှိလျက် လူသစ်ဖြစ်လာသည်။

သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်သည် အကျွန်ုပ်တို့ကို မည်မျှ ချစ်မြတ်နိုးကြောင်း သမ္မာကျမ်းစာ၌ ဖတ်ရှုနိုင်ရန် သမ္မာကျမ်းစာသွန်သင်ချက်များကို အခြေပြုသည့် နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းမှ ထုတ်ဝေသည့် စာအုပ်စာပေများကို ဖတ်ရှု လေ့လာပါ။ ထိုစာအုပ်များက ဘုရားသခင်၌ ဘ၀အသက်တာကို ရှုမြင်ဆင်ခြင်ရန်၊ ဘ၀အသစ်ကို လျှောက်လှမ်းရန် အထောက်အကူပြု မစလိမ့်မည်။ အနီးဆုံး နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းသို့ ဆက်သွယ်နိုင်သလို အွန်လိုင်းမှ တစ်ဆင့် myanmar-odb.org သို့ ၀င်ရောက် ကြည့်ရှု ခွန်အားယူနိုင်ပါသည်။