ကျေးဇူးတော်လက်ဆောင် ။ ။ ခရစ်စမတ်ပွဲတော် ဆင်နွှဲရသည့် အကြောင်းအရင်း

“ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။” လု ၂း၁၄

ယူကရိန်းနိုင်ငံတွင် ခရစ်စမတ်ပွဲကျင်းပသည့် ဓလေ့ထုံးစံသည် အခြားနိုင်ငံများနှင့်မတူ၊ အံ့ဩဖွယ် အလေ့အထများ၊ အခင်းအကျင်းများဖြင့် တမူထူးခြားလှသည်။ တစ်ခါတစ်ရံ ယေရှုမွေးဖွားသည့် နွားစားခွက်ကို သတိရစေရန် ထမင်းစားပွဲပေါ်တွင် ကောက်ရိုးမျှင်အချို့ တင်ထားလေ့ရှိသည်။ ကယ်တင်ရှင်ဘုရား   လောကသို့ ကြွဆင်းလာသည့်ညက အဖြစ်အပျက်အကြောင်းကို ထပ်တလဲလဲ ထင်ဟပ်ဖော်ပြခြင်းကလည်း ခရစ်စမတ်ပွဲကျင်းပရာ၌ မပါမပြီးသောအပိုင်းဖြစ်သည်။ အိမ်ထောင်တွင် ခရစ်စမတ်ဆုတောင်း ၀တ်ပြုခြင်းအပြီး၌ အိမ်ထောင်ဦးစီးဖခင်မှ “ခရစ်တော် မွေးဖွားပြီ”ဟု စတင်နှုတ်ခွန်းဆက်ရာ၊ မိသားစုများ ကလည်း “ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြစို့” ဟု ပြန်လည် တုန့်ပြန်ရသည်။

ထိုသို့ ချီးမွမ်းမြွက်ဆိုခြင်းများက ခရစ်တော်မွေးဖွားသည့်ညတွင် ဗက်လင်မြို့ကောင်းကင်ယံ၌ ကောင်းကင်တမန်များ ပေါ်လာပုံကို ကျွန်တော့်စိတ်ထဲမြင်ယောင်မိသည်။ “ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” (လု ၂း၁၁) ဟူ၍ ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးက ကြွေးကြော်ခဲ့ပြီးနောက် ကောင်းကင်တမန် ဗိုလ်ခြေများ ရုတ်ခြည်းပေါ်ထွက်လာကာ “ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်း” (လု ၂း၁၄)ဟု အားလုံးအတူတကွ ချီးမွမ်းမြွက်ဆိုကြသည်။

ထိုသတင်းစကားနှစ်ခုက အံ့ဖွယ်ဤအချိန်အခါသမယအတွက် နက်နဲသောအဓိပ္ပာယ်ကို သက်ရောက်စေသည်။ လူသားတို့အတွက် အပြစ်မှခွင့်လွှတ်ခြင်းနှင့် မျှော်လင့်ခြင်းကို ဆောင်ယူလျှက် ကယ်တင်ရှင်ဘုရား ဤလောကသို့ ကြွလာခဲ့သည်။ ကိုယ်တော်သည် လူသားအားလုံး၏ အကြွင်းမဲ့ ပြပ်ဝပ်ကိုးကွယ်ခြင်းနှင့် ထိုက်တန်သောဘုရားဖြစ်သည်။

ဘုရားသခင်၏ အံ့ဖွယ်ထာဝရအသက် ဆုကျေးဇူးလက်ဆောင်ကို သိသူအားလုံးသည် “ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း” ဟု ကောင်းကင်တမန်များနှင့်အတူ ချီးမွမ်းမြွက်ဆိုကြစေသား။ — BILL CROWDER

သခင်ယေရှုကြွလာခြင်းအမှု၌ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အံ့မခန်းသောချစ်ခြင်းမေတ္တာဘုန်းတော်ကို ထင်ရှားစေသည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂း၆-၁၄

ဗက်လင်မြို့၌ ရှိနေစဉ်၊ ဖွားအံ့သော နေ့လစေ့လျှင်၊- သားဦးကို ဖွားမြင်၍ အ၀တ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့ နေစရာ မရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။ ထိုပြည်မှာ သိုးထိန်းတို့သည် ညဥ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေသည်ဖြစ်၍၊- ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အနားမှာ ပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ဘုန်းတော် ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၁၀ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ၁၁ ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။ ၁၂ သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အ၀တ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊- ၁၃ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊-၁၄ ကောင်းကင်ဘ၀ဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။