ကျေးဇူးတော်လက်ဆောင် ။ ။ ကယ်တင်ခြင်းတရားသည် ကျွန်ုပ်ကို ပြောင်းလဲစေပြီ။

“ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။”—နာဟုံ ၁း၁၅

အင်တာနက်၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မိုဘိုင်းဖုန်းများမှ ကမ္ဘာ့ရေးရာသတင်းများက ကျွန်ုပ်တို့အား တရစပ် ပူပန်စေသည်။ သတင်းအများစုက ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ စစ်ပွဲနှင့် စီးပွားရေး ပြဿနာစသည့် အမှားအယွင်းများကို အသားပေးဖော်ပြကြသည်။ သို့သော် ဝမ်းနည်းစရာနှင့် စိတ်ပျက်စရာအမှောင်သတင်းများကို ထိုးဖောက်သည့် ကောင်းသတင်းများကို တစ်ခါတစ်ရံ တွေ့ရသည်။

ကျမ်းစာတွင် ဓမ္မဟောင်းကျမ်းမှ ပုဂ္ဂိုလ်နှစ်ဦး၏စကားက ပဋိပက္ခများကြောင့် ပင်ပန်းနွမ်းနယ်နေသည့်လူများအတွက် ကြီးမားသည့် မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်။ ရက်စက်၍ တန်ခိုးအင်အားကြီးမားသော တိုင်းပြည်အပေါ်သို့ ဘုရားသခင်၏စီရင်ခြင်း ကျရောက်မည့်အကြောင်း ဖော်ပြလျက် “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသော သူ၏ခြေတို့ကို တောင်ပေါ်မှာကြည့်ကြလော့” (နာဟုံ ၁း၁၅) ဟု နာဟုံက ပြောထားသည်။ ထိုသတင်းက ရက်စက်စွာ ဖိနှိပ်ချုပ်ချယ် ခံရသူများအတွက် မျှော်လင့်ခြင်းပေးသည်။

အလားတူ ဆင်တူယိုးမှားဖြစ်သည့်စကားကို ဟေရှာယအနာဂတ္တိကျမ်းတွင် တွေ့ရသည်။ “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရားသခင် စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ် လှစွတကား” (ဟေရှာ ၅၂း၇)။

ပထမဆုံး ခရစ်စမတ်တွင် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဖို့ အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” (လုကာ ၂း၁၀-၁၁) ဟု ပြောကြားသည်တွင် မျှော်လင့်ခြင်းပေးသော နာဟုံနှင့် ဟေရှာယတို့၏ ပရောဖက်ပြုချက်စကားများ ပြည့်စုံခဲ့လေပြီ။

“ကယ်တင်ရှင် ခရစ်တော် ဖွားမြင်တော်မူပြီ” ဟူသည့် သတင်းသည် ကျွန်ုပ်တို့၏နေ့စဉ်ဘ၀တွင် အရေးကြီးဆုံးသော သတင်းခေါင်းစဉ် ဖြစ်သည်။ — DAVID MCCASLAND

ဘုရားသခင်၏မေတ္တာသည် ဗက်လင်မြို့၌ သက်ဝင်ရှင်သန်ခဲ့သည်။


ယနေ့ဖတ်ရန်သမ္မာကျမ်းစာ ။ ။ နာဟုံအနာဂတ္တိကျမ်း ၁း၁-၁၅

ဧလကောရှရွာသား နာဟုံခံရ၍ နိနဝေမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊- အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍ ရန်သူတို့ကို အငြိုးထားတော် မူ၏။ ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင် အပြစ်တည်သောသူတို့ကို အပြစ်မှ လွတ်တော်မမူ။ ထာဝရဘုရားသည် လေဘွေ၌ လည်းကောင်း၊ မိုးသက်မုန်တိုင်း၌လည်းကောင်း ကြွတော်မူ၍ မိုးတိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။ ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသောမြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။ ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့် လောကဓာတ်မှစ၍ လောကသားအပေါင်း တို့သည် ရွေ့လျက်ရှိကြ၏။ အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍ ကျောက်တို့ကို ဖြိုချတော်မူ၏။ ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။ ရန်သူနေရာကို လွှမ်းမိုးသောမြစ်ရေနှင့် ဆုံးရှုံးစေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည်။ ထာဝရဘုရားတစ်ဘက်၌ အဘယ်သို့ ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ်နင်းစရာအကြောင်း မရှိရ။ ၁၀ သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ငြိတွယ်လျက်၊ စပျစ်ရည်နှင့်ယစ်မူးသကဲ့သို့ဖြစ်လျက်၊ သွေ့ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။ ၁၁ ထာဝရဘုရားတစ်ဘက်၌ မကောင်းသောအကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။ ၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲဘူးသော်လည်း နောက်တဖန် မညှဉ်းဆဲ။ ၁၃ ယခုမှာ သင်၌ သူတင်သော ထမ်းပိုးကို ငါချိုးပယ်၍၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည်။ ၁၄ သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏အမျိုး မဆက်မနွယ်ရ။ ထုသောရုပ်ထုနှင့် သွန်းသောရုပ်ထုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်းကို ငါလုပ်မည်။ ၁၅ ငြိမ်သက်ခြင်း၏၀မ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အိုယုဒအမျိုး၊ သင်၏ဓမ္မပွဲကို ခံလော့။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်း ပယ်ဖြတ်ခြင်းကို ခံရသောကြောင့်၊ နောက်တစ်ဖန် သင့်ကို မကျော်မနင်းရ။

စာမူအားလုံးဖတ်ရန် ကျေးဇူးတော်လက်ဆောင် ကို နှိပ်ပါ။